တိုက်ပွဲဖြစ်ပွားမှုများ (ဖေဖော်ဝါရီ တတိယပတ်)

Post By Nyein Ko Ko Soe, On February 19, 2020

တိုက်ပွဲဖြစ်ပွားမှုများ (ဖေဖော်ဝါရီ တတိယပတ်)

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အထိ (ဖေဖော်ဝါရီ တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦးနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ် မနည်းရှိခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ဖေဖော်ဝါရီ တတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဒေသခံထောင်နှင့် ချီ၍ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဖေဖော်ဝါရီ တတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ပါသည်။

အရပ်သားထိခိုက်မှုအများဆုံးဖြစ်ခဲ့သည့်ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ် ခမွေချောင်းကျေးရွာ မူလွန်ကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းသူ  ကျောင်း သားကလေးငယ် ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ခမွေချောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ AA အဖွဲ့က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါသည်။  AA အဖွဲ့ကလည်း ရခိုင်ပြည်နယ်အတွင်း အရပ်သားများကို ရည်ရွယ်သည့်ပစ်ခတ်မှုများအား တပ်မတော်ကသာ ကျူးလွန်နေခြင်းဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါသည်။

ဖေဖော်ဝါရီ ၁၃ ရက်မှာပင် မင်းပြားမြို့နယ် ဖားပျော်(ဖားပြို)ကျေးရွာမှ လူငယ်တဦး တောထဲမှ ထင်းခုတ်ပြီး ပြန်လာစဉ် လက်နက်ကြီးကျည် ကျ၍ သေဆုံးခဲ့ပါသည်။

မင်းပြားမြို့နယ် ရာမောင်တံတားအနီးတွင် တပ်မတော်နှင့် AA အဖွဲ့အကြား ဖေဖော်ဝါရီ ၁၄ ရက် တရက်လုံး တိုက်ပွဲပြင်းထန်ခဲ့ရာ  နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သကဲ့သို့ အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ထို့ပြင် တိုက်ပွဲအပြီးတွင် အနီးရှိ ဖားပျော်ရွာအတွင်းသို့ တပ်မတော်က ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ရွာသားတထောင်ခန့် ပိတ်မိနေကြောင်း သိရပါသည်။

ရသေ့တောင်မြို့နယ်တွင် ဖေဖော်ဝါရီလဆန်းမှစ၍ တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ရက်ဆက်ပြင်းထန်နေခဲ့၍ ကျေးရွာ ၄၀ ခန့်မှ ဒေသခံထောင်နှင့် ချီ၍ နေရပ်စွန့်ခွာတိမ်းရှောင်နေရပါသည်။

ကျောက်တော်မြို့နယ် ကုလားတန်မြစ် အရှေ့ဘက်ခြမ်း တင်းမရွာနှင့် ဝက်မကျရွာအကြားတွင် ဖေဖော်ဝါရီ ၇ ရက်မှစ၍ တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး လက်နက်ကြီးကျရောက်မှုကြောင့် ဖေ ဖော်ဝါရီ ၁၈ ရက်က တင်းမရွာမှ အရပ်သားတဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ယင်းတိုက်ပွဲများကြောင့် ကုလားတန်မြစ်ရေလမ်းကြောင်း ပိတ်နေပြီး  ပလက်ဝမြို့နယ်သို့ သွားမည့်ခရီးသည်တရာကျော်မှာလည်း  ကျောက်တော်မြို့တွင် ပိတ်မိနေကြောင်း သိရပါသည်။

ဖေဖော်ဝါရီ ၁၈ ရက်တွင် ဘူးသီးတောင်မြို့နယ်အတွင်း မေယူမြစ်ကြောင်းတွင် တပ်မတော် စစ်ရေယာဉ်တစင်းကို AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်း၌ ယင်းဒေသရှိ မာန်အောင်ကျေးရွာနှင့် စက်ခေါ်ကျေးရွာအကြား နေရာအများအပြားကို တပ်မတော်မှ ရဟတ်ယာဉ်များ၊ စစ်ရေယာဉ်များဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါသည်။ ထို့ပြင် ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ရွာမှ ရွာသားတဦး လယ်ကွင်းတွင် မိုင်းနင်းမိပြီး သွေးထွက်လွန်သေဆုံးခဲ့သည့်ဖြစ်စဉ်လည်း ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖြစ်ပွားခဲ့သည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ရက်ဆက်ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပါသည်။

ပလက်ဝမြို့နယ် မီးချောင်းတံတားအနီးရှိ တပ်မတော်၏ ဗျူဟာစခန်းကုန်းကို AA အဖွဲ့က ဖေဖော်ဝါရီ ၆ ရက်မှစ၍  ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲများ ရက်ဆက် ပြင်းထန်ခဲ့ပါသည်။ ဖေဖော်ဝါရီ ၁၈ ရက်အထိ ဆက်လက်ဖြစ်ပွားနေသည့် ယင်းတိုက်ပွဲများအတွင်း  နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း AA အဖွဲ့က ပြောကြားခဲ့သော်လည်း တပ်မတော်က အတည်ပြုခဲ့ခြင်း မရှိပေ။

တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်သို့ သွားရောက်သည့် ကားလမ်း၊ ရေလမ်းခရီးများ ပြတ်တောက်သွားပြီး ပလက်ဝမြို့အတွင်း စားနပ်ရိက္ခာ ရှားပါးနေပြီဖြစ်ကြောင်း သိရပါသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ  တတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။