တိုက်ပွဲဖြစ်ပွားမှုများ (ဩဂုတ် ဒုတိယပတ်)

Post By Nyein Ko Ko Soe, On August 12, 2020

တိုက်ပွဲဖြစ်ပွားမှုများ (ဩဂုတ် ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၅ ရက်မှ ၁၁ ရက်အထိ (ဩဂုတ် ဒုတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ ကျောက်တော်မြို့နယ်များတွင် တိုက်ပွဲ ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ် (မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အရပ်သား ရာနှင့်ချီ၍ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဩဂုတ်ဒုတိယပတ်အတွင်း တပ်မတော်နှင့် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ပါသည်။

ဩဂုတ် ၆ ရက် ညပိုင်းက မောင်တောမြို့နယ်မှ အမျိုးသားနှစ်ဦးသည် ကားအငှားလိုက်ပြီး ပြန်လာစဉ် အငူမော်-မောင်တောသွား ကားလမ်းပေါ် မြင်းလွတ်ကျေးရွာအနီး၌ ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း 7 Day Daily သတင်းစာက ဩဂုတ် ၈ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ AA အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ခဲ့ပါသည်။

ဩဂုတ် ၉ ရက်ကလည်း ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း တပ်မတော်(ရေ)စစ်ရေယာဉ်များနှင့် AA အဖွဲ့တို့ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း 7 Day Daily သတင်းစာ၏ ဩဂုတ် ၁၂ ရက်တွင် သတင်းဖော် ပြမှုအရ သိရပါသည်။ အဆိုပါ ဖြစ်စဉ်တွင် AA အဖွဲ့ မောင်းနှင်ထွက်ပြေးသွားသော စက်လှေတစ်စီး မှာ မင်းကျွန်းအနီးတွင် မီးလောင်နစ်မြုပ်သွားခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

ဩဂုတ် ၉ ရက် တိုက်ခိုက်မှုအတွင်း တပ်မတော်စစ်ရေယာဉ်များက မေယုမြစ်အတွင်းမှ ပစ်ခတ်မှုကြောင့် အနီးရှိ ကျေးရွာများမှ ရွာသားများ ထိခိုက်ဒဏ်ရာခဲ့သကဲ့သို့ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီး မိုင်းပေါက်ကွဲခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အပေါက်ဝရဲစခန်း စခန်းမှူး ဒဏ်ရာရခဲ့ကြောင်း RFA သတင်းဌာနက ဩဂုတ် ၁၀ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။ တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင်မူ ယင်းဖြစ်စဉ်များ အတွင်း ရွာသားများ ထိခိုက်ဒဏ်ရာရမှုနှင့် ပတ်သက်၍ ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိခဲ့ပေ။

သို့ရာတွင် ရသေ့တောင်မြို့နယ်အတွင်း လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သားခြောက်ဦး ဒဏ်ရာရခဲ့ပြီး ဒေသခံ နှစ်ထောင်ကျော်မှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများ၏ ပြောကြားမှုကို ကိုးကား၍ 7 Day Daily သတင်းစာက ဩဂုတ် ၁၂ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ရသေ့တောင်မြို့နယ် မေယုမြစ်အနောက်ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်းသို့ ဩဂုတ် ၉ ရက်တွင် တပ်မတော်စစ်ကြောင်းများ ရောက်လာပြီး လက်နက်ကြီး ပစ်ခတ်မှုများရှိသဖြင့် ရွာသားများ ထွက်ပြေးကြရခြင်း ဖြစ်ကြောင်းနှင့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အောက်ကျောင်းတောင်ရွာနှင့် ကြိမ်နီပြင်ကျေးရွာတို့မှ ဒေသခံများ ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

ထို့ပြင် တပ်မတော်၏ သတင်းထုတ်ပြန်မှုအရ ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း မောင်းနှင်လာသည့် တပ်မတော်(ရေ)စစ်ရေယာဉ်များကို တင်းမကျေးရွာအနီးတွင် AA အဖွဲ့မှ ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့၍ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါသည်။

၂၀၂၀ ပြည့်နှစ် ဩဂုတ် ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။