ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On January 29, 2021

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ နောက်ဆုံးပတ်)

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို အခြေခံ၍ အာဏာသိမ်းမှု ဆောင်ရွက်နိုင်သည့်အခြေအနေ ရှိကြောင်း တပ်မတော်က နှစ်ရက်အတွင်း နှစ်ကြိမ်တိုင် အရိပ်အမြွက်ပြောကြားခဲ့ခြင်းနှင့် ဆက်စပ်သည့် သတင်းများက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ (ဇန်နဝါရီ နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။

ထို့အပြင် နိုင်ငံတဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များမှအပ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ဖေဖော်ဝါရီလကုန်အထိ ရပ်ဆိုင်းထားမည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့ခြင်း၊ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့ တွေ့ဆုံမည့်နေရာ ညှိနှိုင်း၍ မရသေးခြင်း စသည့်သတင်းများလည်း ရှိနေပါသည်။

 

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သော KIO/KIA ၊ PSLF/TNLA ၊ MNTJP/MNDAA၊ ULA/AA တို့၏ အပစ်ရပ်စဲရေးဆွေးနွေးပွဲ ပြုလုပ်ရန် နေရာ ညှိနှိုင်း၍ မရသေးကြောင်း သိရပါသည်။ [1] ယခုလအတွင်း တွေ့ဆုံနိုင်ရန် အစိုးရဘက်မှ  ကမ်းလှမ်းထားမှုကို မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့က အကြောင်းပြန်ကြားခြင်း မရှိသေးသကဲ့သို့ မြစ်ကြီးနား သို့မဟုတ် ကျိုင်းတုံမြို့များထက် တရုတ်နိုင်ငံတွင်သာ တွေ့ဆုံလို့၍ နေရာ ညှိနှိုင်း မရသေးခြင်း ဖြစ်သည်ဟု KBC မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားခဲ့သည်။

အလားတူ ဦးလမိုင်ဂွမ်ဂျာ၏ ပြောကြားမှုအရ အစိုးရနှင့် တွေ့ဆုံမှုတွင် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့ စလုံး ပါဝင်မည်ဖြစ်ပြီး ယခုလအတွင်း တွေ့ဆုံရန် မဖြစ်နိုင်ဘဲ ဖေဖော်ဝါရီလဆန်းတွင် တွေ့ဆုံနိုင်မည် ဟုလည်း သိရပါသည်။ [2] မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ အကြား ၂၀၁၉ ခုနှစ်က ကျိုင်းတုံတွင် နှစ်ကြိမ်၊ ရွှေလီတွင် တကြိမ် အလွတ်သဘောတွေ့ဆုံမှုများ ရှိခဲ့ပြီး ယခုအကြိမ်တွင် ULA/AA အဖွဲ့ ပါဝင်လာမည် ဖြစ်ပါသည်။

ထို့အပြင် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန် တပ်မတော်နှင့် AA အဖွဲ့ နှစ်ဖက်စလုံးက ဆန္ဒရှိကြောင်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည့်သတင်းလည်း ရှိပါ သည်။ [3] တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် လက်ရှိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အနေအထားကို ဆက်လက်ထိန်းသိမ်းလျက်ရှိပြီး တဖက်အဖွဲ့အစည်းများကလည်း ဆက်လက်ထိန်းသိမ်းလျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါ သည်။

 

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် အာဏာမသိမ်းဟု မှတ်ယူ၍ မရကြောင်း ပြောဆိုခဲ့မှု၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုက်နာမှုမရှိပါက ဖျက်ပစ်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့မှုတို့နှင့် ဆက်စပ်သည့်သတင်းများက ယခုရက်သတ္တပတ်အတွင်း သတိပြုစရာ ဖြစ်နေပါသည်။

ထိုကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို အခြေခံ၍ အာဏာသိမ်းမှု ဆောင်ရွက်နိုင်သည့်အခြေအနေ ရှိကြောင်း တပ်မတော်၏ ပြောကြားခဲ့ခြင်းအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းနေ ချိန်တွင် ထိုအခြေအနေမျိုး မလိုလားကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တာဝန်ရှိသူအချို့က ပြော ကြားခဲ့သည်။ [4] တပ်မတော်နှင့် စစ်ရေးတင်းမာနေသည့် KNU တပ်မဟာ(၅)၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်း ကလည်း ထိုအခြေအနေကို တွန်းပို့လာပါက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူများ၊ အနိုင်ရပါတီနှင့် အခြားပါတီများ နိုင်ငံရေးအရ ပူးပေါင်းခုခံရမည်ဟု ပြောကြားခဲ့သည်။

ဆက်စပ်သတင်းတရပ်အနေဖြင့် အစိုးရနှင့် တပ်မတော်အကြား နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားရန် ဇန်နဝါရီ ၂၈ ရက်က နေပြည်တော်တွင် နှစ်ဖက်တာဝန်ရှိသူအချို့အကြား တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိကျသောအဖြေရလဒ် မထွက်ပေါ်ခဲ့ကြောင်း သိရပါသည်။[5] ထိုတွေ့ဆုံမှုတွင် တပ်မတော်ဘက်က ရွေးကောက်ပွဲ ကော်မရှင်အပေါ် အယုံအကြည် မရှိခြင်း၊ မဲကွာဟမှုများ ဖြေရှင်းရန်နှင့် တတိယအကြိမ် လွှတ်တော်အစည်းအဝေး ကျင်းပခြင်းကို ယာယီရွှေ့ဆိုင်းရန် ဆွေးနွေးခဲ့ရာ ရှင်းလင်းသော အဖြေ မထွက်ခဲ့ ခြင်း ဖြစ်ပါသည်။

ထို့အပြင် တပ်မတော်က နိုင်ငံတဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များမှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဖေဖော်ဝါရီလကုန်ထိ ရပ်ဆိုင်းပေးမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။[6] ယခင်ထုတ်ပြန်မှုများတွင် အပစ်ရပ်နယ်မြေသတ်မှတ်ရာ၌ “နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့ အစည်းများ ရှိသည့် နေရာများမှ အပ ကျန်နယ်မြေများတွင်”ဟု ဖော်ပြခဲ့သော်လည်း ယခုတကြိမ်တွင်မူ “မြန်မာနိုင်ငံတဝန်းလုံး ၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များမှ အပ”ဟု ပြောင်းလဲဖော်ပြခဲ့ပါသည်။

၂၀၂၁ ခုနှစ်  ဇန်နဝါရီ နောက်ဆုံးပတ်ကာလအတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

 

[1] ဧရာ၀တီ (ဇန်နဝါရီ ၂၈ ၊ ၂၀၂၁) “အစိုးရနှင့် မြောက်ပိုင်း ၄ဖွဲ့ တွေ့ဆုံရေး၊ နေရာညှိမရသေး”

https://burma.irrawaddy.com/news/2021/01/28/237255.html

[2] BBC Burmese ( ဇန်နဝါရီ ၂၇ ၊ ၂၀၂၁)  “အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နဲ့ မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့စလုံး တွေ့ဖို့ သဘောတူ”

https://bbc.in/2Ym3b9Y

[3] 7 Day Daily ( ဇန်နဝါရီ ၂၇၊ ၂၀၂၁)  “ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် နှစ်ဖက်စလုံးတွင် ဆန္ဒရှိဟု ဆို”

[4] 7 Day Daily ( ဇန်နဝါရီ ၂၉၊ ၂၀၂၁)  “အာဏာသိမ်းသည့် အခြေအနေမျိုး မလိုလားကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူအချို့ ပြော”

[5] ဧရာ၀တီ (ဇန်နဝါရီ ၂၈ ၊ ၂၀၂၁) “နိုင်ငံရေး အကျပ်အတည်း ကျော်ဖို့ အစိုးရနှင့် တပ်မတော် ဆွေးနွေးပေမယ့် အဖြေမထွက်”

https://burma.irrawaddy.com/news/2021/01/28/237261.html

[6] 7 Day Daily ( ဇန်နဝါရီ ၂၉၊ ၂၀၂၁)  “နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များမှအပ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ဖေဖော်ဝါရီလကုန်အထိ ရပ်ဆိုင်း ထားမည်ဟု တပ်မတော်ထုတ်ပြန်”