ထုတ်ပြန်ကြေညာချက်များ (မေ ပထမပတ်)

Post By Pan Su Wai, On May 5, 2020

ထုတ်ပြန်ကြေညာချက်များ (မေ ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဧပြီ ၂၈ ရက်မှ မေ၄ ရက်အထိ (မေ ပထမပတ်) ကာလအတွင်း  ပြည်ထောင်စု အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်  အရပ်ဘက် အဖွဲ့အစည်းများမှ စုစုပေါင်း ၁၇ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ရှစ်ခု အထိ ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခုနစ်ခု၊ အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ တခုစီ အသီးသီးထုတ်ပြန်ခဲ့ကြပါသည်။

မေ ပထမပတ်ကာလအတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များအနက်  နိုင်ငံတော်သမ္မတရုံးမှ ဧပြီ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော “ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းခြင်း” ထုတ်ပြန်ချက်မှာ အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

ယင်းထုတ်ပြန်ချက်တွင် “ဧပြီ ၂၀ ရက် ညနေပိုင်းက ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ်အနီးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရခြင်းကြောင့် ယာဉ်ပေါ်ပါ WHO ဝန်ထမ်း တဦး သေဆုံး၊ အရပ်သား ကျန်းမာရေးဝန်ထမ်းတဦး ဒဏ်ရာရခဲ့ခြင်းနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်ကို စုံစမ်းဖော်ထုတ် သိရှိနိုင်ရေးအတွက် ကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

အဆိုပါ “စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော၊ အတွင်းရေးမှူးအဖြစ် နိုင်ငံတော်သမ္မတရုံး တွဲဘက်တာဝန် ဗိုလ်မှူးကြီးထိန်လင်း နှင့် အဖွဲ့ဝင်များအဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အကြီးတန်းအကြံပေးပုဂ္ဂိုလ်( အငြိမ်းစား) ဒေါက်တာစုစုသာထွန်းနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန် တို့က တာဝန်ယူမည်ဖြစ်ကြောင်း”လည်း  နိုင်ငံတော်သမ္မတရုံး၏ထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

မေ ပထမပတ်အတွင်း ထုတ်ပြန်ချက် ရှစ်ခုအထိ ထုတ်ပြန်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက Covid-19 ရောဂါ နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ မေ ၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်လျက် ရှိသော စစ်သည် တဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ယင်းစစ်သည်နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကိုလည်း လိုအပ်သည့် ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း” သတင်းထုတ်ပြန်ချက်မှာ အများပြည်သူအကြား  လှုပ်ခတ်မှု ဖြစ်ခဲ့ပါသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၆၁ ဦး ရှိလာခဲ့ပြီဖြစ်ရာ တပ်မတော်သား တဦး ပထမဆုံးပါဝင်လာခြင်း ဖြစ်ပါသည်။

COVID-19 ရောဂါပိုးတွေ့ရှိမှုနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ “ရုရှားနိုင်ငံတွင် သင်တန်း တက်ရောက်လျက်ရှိသော မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသား အရာရှိများအနက် သင်တန်းသား သုံးဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း စစ်သံရုံးမှ တင်ပြချက်များအရသိရှိရကြောင်း” ဧပြီ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ချက်နှင့် “ဧပြီ ၂၈ ရက်ညနေပိုင်းတွင် ရုရှားကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၏ စစ်ဆေးတွေ့ရှိချက်အရ သင်တန်းတက်ရောက်နေသည့် မြန်မာ့တပ်မတော်မှ သင်တန်းသားများ အနက် နှစ်ဦးတွင် COVID-19 ရောဂါပိုးထပ်မံတွေ့ရှိခဲ့သည်ကို အတည်ပြုပြောကြားခဲ့ကြောင်း” မေ ၃ရက်စွဲဖြင့် ထုတ်ပြန်ချက်များကိုလည်း အသီးသီး ထုတ်ပြန်ခဲ့ပါသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် “Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သား အစားခန့်ဝန်ထမ်းများက လုပ်ခလစာငွေများမှ လှူဒါန်းငွေများ စေတနာထက်သန်စွာ ထပ်မံထည့်ဝင်လှူဒါန်းခဲ့ကြောင်း” မေ ၁ ရက်စွဲဖြင့် ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

ယင်းထုတ်ပြန်ချက်တွင် “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အစပြု၍ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သား အစားခန့်ဝန်ထမ်းများအနေဖြင့် ယခုကဲ့သို့ အလှူငွေများ တတ်အားသရွေ့ထည့်ဝင် လှူဒါန်းခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ဧပြီလ လစာငွေမှ စုစုပေါင်း ငွေကျပ် ၂ ဒသမ ၃၁၆ ဘီလီယံကျော်ကို ထည့်ဝင်လှူဒါန်းခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားအဖွဲ့ကလည်းဧပြီ ၂၉ ရက်တွင် ကြေညာချက်တခု ထုတ်ပြန်ခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်တွင် “COVID-19 ကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဧပြီ ၃၀ ရက်မှစ၍ အရေးပေါ် အစမ်းလေ့ကျင့်ခြင်းများကို အချိန်မရွေးပြုလုပ်မည်ဖြစ်ကြောင်း ” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “အဆိုပါ အစမ်းလေ့ကျင့်မှုအတွင်း အရေးပေါ်လူနာတင်ယာဉ်၊ ရဲတပ်ဖွဲ့ ယာဉ်များ တွေ့မြင်ရတတ်ပြီး ယာယီလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နိုင်၍ ပြည်သူများအနေဖြင့် ရပ်ကြည့်ခြင်း၊ စိုးရိမ်ထိတ်လန့်ခြင်း၊ ဓာတ်ပုံဗီဒီယို ရိုက်ကူးခြင်းနှင့် ကောလာဟလသတင်း ဖြန့်ခြင်းများ မပြုလုပ်ကြရန် “လည်း အဆိုပါ ထုတ်ပြန်ချက်တွင် မေတ္တာရပ်ခံထားပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက မတ် ၂၃ ရက်တွင် ကြေညာထားသည့် ULA/AA အဖွဲ့နှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်များ ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့ပါသည်။

ယင်းထုတ်ပြန်မှုများအနက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ “ပလက်ဝဒေသခံများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများ သယ်ဆောင် လာသည့် လုပ်ငန်းယာဉ်များနှင့် WFP မှ မော်တော်ယာဉ်များအား AAအဖွဲ့က နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း” ဧပြီ ၃၀ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာ သတိပြုစရာဖြစ်ခဲ့ပါသည်။

ယင်း ထုတ်ပြန်ချက်တွင် “ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများ သယ်ဆောင် လာသည့် လုပ်ငန်းယာဉ်များနှင့် WFP မှ မော်တော်ယာဉ်များ ထွက်ခွာရာတွင် ဆမီးသို့ အရောက်၌ AAအဖွဲ့က နောက်မှ လိုက်ပါလာသည့် WFP မှ မော်တော်ယာဉ်များကိုသာ ဦးတည်ပစ်မှတ်ထား ရွေးချယ်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “နှောင့်ယှက်ပစ်ခတ်မှုများကြောင့် WFP မှ ယာဉ်မောင်းဖြစ်သူ၏ မျက်နှာတွင် မော်တော်ယာဉ်လေကာမှန်စ ထိမှန်၍ ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း”နှင့် “၎င်း မောင်းနှင်သည့် ၆ ဘီးယာဉ်ဆီတိုင်ကီနှင့် ရှေ့လေကာမှန် လက်နက်ငယ်ကျည်ထိမှန်ပျက်စီးခဲ့ပြီး အခြားမော်တော်ယာဉ် ၄ စီးတွင်လည်း ရှေ့/နောက် လေကာမှန်များ၊ တံခါးများ၊ ဘီးများနှင့် ကိုယ်ထည်များ လက်နက်ငယ် ထိမှန်ပျက်စီးခဲ့ကြောင်း” ထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်။

ထို့ပြင် “မြောက်ဦးမြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအနီးရှိ စစ်ဆေးရေး ဂိတ်ဟောင်း အဆောင်အား AA အဖွဲ့က ခြင်ဆေးဘူးများ၊ ၆၀ မမ ဗုံးသီးတို့အား အသုံးပြု၍ မီးရှို့ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း” ဧပြီ ၂၈ရက်စွဲဖြင့် ထုတ်ပြန်ချက်ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ မေ ၂ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့်“ARSAအဖွဲ့က မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး ကင်းလှည့်ဆောင်ရွက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း” ထုတ်ပြန်ချက်မှာလည်း အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

ယင်းထုတ်ပြန်ချက်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက နယ်စပ်ခြံစည်းရိုး တလျှောက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် နယ်ခြားမှတ်တိုင်၊ ဘီပီ ၄၁ သို့ ရောက်ရှိစဉ် ARSA အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း မှ ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် များ၊ တပ်မတော်စစ်ကြောင်းတို့က စစ်ကူပေးလိုက်ခဲ့ပြီး ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် ARSA တပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးသွားပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

မေ ၃ ရက် ညပိုင်းက ကွယ်လွန်ခဲ့သည့် KNU/ KNLA PC ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်(ခ) စောထိန်မောင်နှင့် ပတ်သက်၍ ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ချက်နှင့် ဗိုလ်ချုပ်ကြီး စောဌေးမောင်(ခ) စောထိန်မောင်၏ အတ္ထုပ္ပတ္တိ အကျဉ်းတို့ကို KNU/ KNLA PC အဖွဲ့က မေ ၄ ရက်တွင် သတင်းထုတ်ပြန် ခဲ့သည်။

KNU/ KNLA PC ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်(ခ) စောထိန်မောင် ကွယ်လွန်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။

AA အဖွဲ့က ဧပြီ ၂၉ ရက်စွဲဖြင့် “နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းလိုက်သော WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်”မေ ၁ ရက်စွဲဖြင့် “WFP မှ ဆန်အိတ်များ သယ်ဆောင်သော ကုန်တင်ယာဉ်များနှင့် ဆက်စပ်ပတ်သက်၍ မိမိအဖွဲ့အစည်းအပေါ် တပ်မတော်၏ တဖက်သတ်စွပ်စွဲချက်များမှာ ဟုတ်မှန်မှုမရှိကြောင်း ငြင်းဆိုသည့် ထုတ်ပြန်ချက်”များကို ထုတ်ပြန်ခဲ့ပါသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် ULA/AA, PSLF/TNLA, MNTJP/MNDAA တို့က “တဖတ်သတ်အပစ်ခတ်ရပ်စဲခြင်းအား ပဉ္စမအကြိမ်အားဖြင့် ထပ်မံသက်တမ်းတိုးမြှင့်ကြောင်း” မေ ၃ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက် တစောင် ထွက်ရှိခဲ့ပါသည်။

“ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ချင်းတိုင်းရင်းသားစစ်ဘေးရှောင်နှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်” တခုကို ချင်းလူငယ်များကွန်ယက်(CYN) မှ မေ ၃ ရက်စွဲဖြင့် ထွက်ရှိခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် မေ ပထမပတ်အတွင်း  ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏  အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။