ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ ဒုတိယပတ်)

Post By Pan Su Wai, On November 17, 2020

ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ (နိုဝင်ဘာ ဒုတိယပတ်) ကာလအတွင်း ပြည်ထောင်စု အစိုးရ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပါတီများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများနှင့် အရပ်ဘက် အဖွဲ့အစည်းတို့မှ စုစုပေါင်း ၃၀ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် ပါတီများမှ ၁၁ ခုထိ ထုတ်ပြန်ခဲ့ပြီး တပ်မတော်မှ ငါးခု၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ လေးခုစီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သုံးခု၊ အစိုးရမှ နှစ်ခုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်တို့မှ တခု အသီးသီး ထုတ်ပြန်ခဲ့ကြရာ သတိပြု အာရုံစိုက်ရမည့် ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk မှ အနှစ်ချုပ် ဖော်ပြပေးမည် ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နိုဝင်ဘာ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ၂၀၂၀ပြည့်နှစ် ဩဂုတ် ၁၆ ရက်မှစ၍ လူ ၁၅ ဦးအစား လူ ၃၀ ဦး ဖြစ်စေ၊ လူ ၃၀ ဦးထက် ပို၍ဖြစ်စေ စုဝေးခြင်း မပြုရန် ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး ၂၀၂၀အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးမြောက်ပြီး ဖြစ်သော်လည်း လူစုလူဝေးပြုလုပ်ခြင်းများ ရှိနေသေးသည်ကို တွေ့ရှိရကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ယခုအချိန်သည် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားနိုင်သည့် အန္တရာယ်ကြီးမားနေသည်ဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန်နှင့် ပျက်ကွက်ပါက တည်ဆဲစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှ “ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ကြေညာချက်”ကို နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိကြောင်း၊ ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ရသော နယ်မြေဒေသများရှိ ပြည်သူများအားလုံးအတွက်လည်း စိတ်မကောင်းဖြစ်ရပြီး ယင်းဒေသများတွင် ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပနိုင်အောင် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ ဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် အထူးမေတ္တာရပ်ခံ ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “NRPC အနေဖြင့် NCA လက်မှတ် ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးညှိနှိုင်းဆဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံဆွေးနွေး၍ တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်တောင့်တ လျက်ရှိသော စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” NRPC ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များ

နိုဝင်ဘာဒုတိယပတ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာချက် လေးခုအထိ ထုတ်ပြန်ခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ “ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်လောင်များအတွက် အသိပေးနှိုးဆော်စာ”တခုကို နိုဝင်ဘာ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ၎င်းတို့အမည်စာရင်းတင်သွင်းခဲ့ကြသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးသို့ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း ပုံစံ(၂၀) ဖြင့် တင်သွင်းကြရမည်ဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ် လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များသည် ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို မတင်သွင်းပါက အရည်အချင်းပျက်ယွင်းသူဟု သတ်မှတ်ကြေညာခြင်း ခံရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း အမြန်ဆုံး တင်သွင်းကြရန် တောင်းဆိုကြောင်း” UEC၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍  “ကျေးဇူးတင်ကြောင်း အသိပေးထုတ်ပြန်ချက်” ကိုလည်း UEC မှ နိုဝင်ဘာ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်း/ ပြည်ပမှ ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြသည့် ပြည်သူများ၊ မဲရုံသို့ကိုယ်တိုင် လာရောက် ဆန္ဒမဲများပေးခဲ့ကြသည့် ပြည်သူများ၊ ပညာရေး ဝန်ကြီးဌာနမှ ဆရာ၊ဆရာမများ အပါအဝင် ဝန်ကြီးဌာနအသီးသီးမှ အစိုးရဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ အားလုံးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အထူးကျေးဇူးတင်လျက် ဂုဏ်ပြုအပ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့အပြင် UEC ၏ နိုဝင်ဘာ ၁၅ ရက်စွဲဖြင့် “၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ပြီးစီးကြောင်း” အသိပေးကြေညာချက်တွင် “၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် ပါတီကိုယ်စားပြု/ တသီးပုဂ္ဂလကိုယ်စားပြု ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းများ အားလုံးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၉ ရက်မှစ၍ ၁၅ ရက်အထိ ထပ်ဆင့် ထုတ်ပြန်ပြီးဖြစ်ကြောင်း မဲဆန္ဒရှင် ပြည်သူများ သိရှိနိုင်ရန် အသိပေးကြေညာ‌ကြောင်း” ဖော်ပြခဲ့ပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” တခုအပါအဝင် ထုတ်ပြန်ချက် ငါးခုအထိ ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်၏ နို၀င်ဘာ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်”တွင် “ ULA/ AA အဖွဲ့က ရခိုင်ပြည်နယ် အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့သည့် နယ်မြေများ၌ ကြားဖြတ် ရွေးကောက်ပွဲအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ကျင်းပနိုင်ရန် မေတ္တာရပ်ခံတိုက်တွန်းသော ကြေညာချက်အား ကြိုဆိုပါကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိသည့်နေရာများ၌ ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်အတွင်း၌လည်း ကြားဖြတ်ရွေးကောက်ပွဲ အမြန်ကျင်းပနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားပါရန် တိုက်တွန်းကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင်ပါရှိပါသည်။

ထို့အပြင်  “ရန်ကုန်-စစ်တွေ ကားလမ်းတွင် ဗုံးသီးဟောင်းတလုံးအား ထုခွဲရာမှ ပေါက်ကွဲခဲ့ပြီး တဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်” နှင့် ပတ်သက်၍လည်း တပ်မတော်က နိုဝင်ဘာ ၁၄ ရက်စွဲဖြင့်သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ ကဇူးကိုင်းကျေးရွာအနီး ရန်ကုန်-စစ်တွေ သွားကားလမ်းတွင် လမ်းလုပ်သားများမှ ဗုံးသီးဟောင်းတစ်လုံး တွေ့ရှိ၍ ထုခွဲခဲ့ရာ ပေါက်ကွဲခဲ့၍ အမျိုးသားတဦး သေဆုံးခဲ့ပြီး အနီးရှိ လမ်းလုပ်သားအမျိုးသားနှစ်ဦးတို့မှာ ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် အမ်းမြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သော ဆေးဝါးကုသမှုများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍လည်း တပ်မတော်က သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ရာ “မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းသို့ ဝင်ရောက်စစ်ဆေးစဉ် AA တပ်ဖွဲ့ဝင် တရားခံပြေးတဦးအား ဖမ်းဆီးရမိကြောင်း” နိုဝင်ဘာ ၁၀ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြောက်ဦးမြို့ရှိ မြောက်ဦးကျောင်း တိုက်ပွဲရှောင်စခန်းသို့ နိုဝင်ဘာ ၆ ရက်က စစ်ဆေးမှုများဆောင်ရွက်စဉ် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း မြောက်ဦးမြို့အနီးရှိ နယ်မြေခံရဲတပ်ဖွဲ့စခန်းအား AA အဖွဲ့မှ တိုက်ခိုက်သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ နှစ်အရွယ် အမျိုးသားတဦးအား ဖမ်းဆီးရမိခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များ

“ AA အဖွဲ့နှင့် တပ်မတော်တို့၏ ထုတ်ပြန်ချက်များအပေါ် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ALA)မှ သဘောထား ထုတ်ပြန်ကြေညာချက်” တခုထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ALP/ALA အနေဖြင့် နိုင်ငံရေးပဋိပက္ခများကို စစ်ရေး နည်းလမ်းကို အသုံးမပြုကြဘဲ နိုင်ငံရေးဆွေးနွေးဝိုင်းတွင် ငြိမ်းချမ်းစွာတိုက်ပွဲဝင် ဆွေးနွေး အဖြေရှာ ကြရန် သက်ဆိုင်ရာများအား အကြိမ်များစွာ တိုက်တွန်းခဲ့ဖူးကြောင်း” ဦးစွာဖော်ပြခဲ့ပါ သည်။

ယင်းနောက် “ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နှစ်ဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ရခိုင် ပြည်သူများ အသက်၊ အိုးအိမ်၊ စည်းစိမ်စသည်များ ပျက်စီးဆုံးရှုံးရပြီး နေရပ်စွန့်ခွာ ပြည်တွင်းဒုက္ခသည်ဘဝသို့ ရောက်နေကြရသည့် အချိန်တွင် AA အဖွဲ့နှင့် တပ်မတော်တို့မှ အပြန်အလှန်ထွက်ပေါ်လာသော အပြုသဘောဆောင်သည့် ထုတ်ပြန်ကြေညာချက်များသည် ရခိုင်ပြည်သူများအတွက် ကောင်းသော လက္ခဏာတစ်ရပ် ဖြစ်သည်ဟု သုံးသပ်မိပါ ကြောင်းနှင့် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းသောဆွေးနွေးပွဲများဖြင့်သာ အဖြေရှာကြစေလိုကြောင်း” ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၏ ထုတ်ပြန်မှုတွင်ပါရှိပါသည်။

ULA/AA အဖွဲ့က နိုဝင်ဘာ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်တခု ထုတ်ပြန်ခဲ့ရာ “ရွေးကောက်ပွဲ မကျင်းပရသေးသော ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၌ ကြားဖြတ် ရွေးကောက်ပွဲအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ အတောအတွင်း ကျင်းပနိုင်ရန် NLD အစိုးရနှင့် တပ်မတော်တို့အား မေတ္တာရပ်ခံတိုက်တွန်းကြောင်း” ဖော်ပြခဲ့ပါသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် PSLF/TNLA အဖွဲ့၊ MNTJP/MNDAA အဖွဲ့နှင့် ULA/AA အဖွဲ့တို့ကလည်း “အစိုးရ၊ တပ်မတော်တို့နှင့် လက်တွေ့ကျသည့် ငြိမ်းချမ်းရေး လုပ်ငန်းများ ဆွေးနွေး ညှိနှိုင်းဖော်ဆောင်နိုင်မည့် အခင်းအကျင်းသစ်များ ပေါ်ပေါက်နိုင်ရန် တဖက်သတ်အပစ်အခတ်ရပ်စဲရေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ရက်ထိ ထပ်မံတိုးမြှင့်ကြောင်း” ပူးတွဲထုတ်ပြန်ချက်တခုကို နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ ။

နိုင်ငံရေးပါတီများ၏ ထုတ်ပြန်ချက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများမှ ထုတ်ပြန်ချက် ၁၁ ခုထိ ထွက်ရှိခဲ့ကြပါသည်။

“နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စနှင့် ပတ်သက်၍” ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီက နိုဝင်ဘာ ၁၂ ရက်စွဲဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီများထံသို့ စာပေးပို့ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “တိုင်းရင်းသားပါတီများသည် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ်အသီးသီး၌ တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြသည်ကို သတိမူမိကြောင်း၊ အချို့သော ပြည်နယ်များတွင် တိုင်းရင်းသားပါတီအချို့သည် ကျေနပ်ဖွယ်ရာသော ရွေးကောက်ပွဲရလဒ်များကို ရရှိခဲ့ကြ သော်လည်း အချို့သော ပါတီများသည် ရည်မှန်းထားသည့်အတိုင်း မဖြစ်လာခဲ့သည်ကိုလည်း သိရှိရကြောင်း” ဦးစွာဖော်ပြခဲ့ ပါသည်။

သို့ဖြစ်၍ “တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက် များနှင့် တူညီကြသည် ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း” NLD ပါတီ၏ ပေးပို့စာတွင် ပါရှိပါသည်။

ရခိုင်အမျိုးသားပါတီ(ANP)၏ နိုဝင်ဘာ ၁၃ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် “ULA/ AAအဖွဲ့ နှင့် တပ်မတော်တို့မှ ထုတ်ပြန်သည့် ကြေညာချက်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်း၌ ထာဝရငြိမ်းချမ်းရေး လမ်းကြောင်းအစပျိုးသည့် အပြုသဘော ဆောင်သော ချဉ်းကပ်မှုဖြစ်သည်ဟု ယုံကြည်၍ လှိုက်လှဲစွာ ကြိုဆိုကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “မိမိတို့ပါတီအနေဖြင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မြို့နယ်များနှင့် မဲဆန္ဒနယ်မြေတို့တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဆောလျင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံးမှ ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းကြောင်းနှင့် ထိုကဲ့သို့ နှစ်ဖက်လုံးမှ အပြုသဘောဆောင်သောချဉ်းကပ်မှုမှ တဆင့် အပြန်အလှန်လေးစားယုံကြည်မှု တည်ဆောက်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာ၍ ပြည်ထောင်စုတဝန်းလုံး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်ကြပါရန် တိုက်တွန်းကြောင်း” ANP ပါတီ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ထို့အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကျေးဇူးတင်ဂုဏ်ပြုလွှာများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်(NLD)နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)တို့မှ နိုဝင်ဘာ ၁၀ ရက်စွဲဖြင့်လည်းကောင်း၊ ကရင်ပြည်သူ့ပါတီမှ နိုဝင်ဘာ ၁၄ ရက်စွဲဖြင့်လည်းကောင်း အသီးသီးထုတ်ပြန် ခဲ့ကြပါသည်။

မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများ၏ ထုတ်ပြန်ချက်

နိုဝင်ဘာဒုတိယပတ်အတွင်း ၂၀၂၀အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ အနိုင်ရရှိသည့်အပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ထုတ်ပြန်ချက် များကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး၊ ရုရှားသံရုံးနှင့် ဂျပန်သံရုံးတို့မှ နိုဝင်ဘာ ၁၀ ရက်စွဲဖြင့်လည်းလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ နိုဝင်ဘာ ၁၄ ရက်စွဲဖြင့်လည်းကောင်း အသီးသီးထုတ်ပြန်ခဲ့ကြပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး၏ ထုတ်ပြန်မှုတွင် “ဥရောပသမဂ္ဂအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးအကျုံးဝင်ပါဝင်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ကာ မြန်မာနိုင်ငံတွင်းရှိ ပြည်သူအားလုံးကို လက်ခံကြိုဆိုမည့် ယခုတက်လာသော အာဏာရ အစိုးရအဖွဲ့နှင့် ဆက်လက်ပူးပေါင်းကာ အရပ်သားများက အပြည့်အဝအုပ်ချုပ်ပြီး ဒီမိုကရေစီနည်းကျသော စီမံအုပ်ချုပ်မှုဆီသို့ ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းရန် စောင့်စားလျက် ရှိကြောင်း” ဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ “ပြည်ခိုင်ဖြိုးပါတီ၏ သတင်းစာ ရှင်းလင်းပွဲ၌ ဆရာ၊ ဆရာမများအပေါ် မှားယွင်းစွပ်စွဲပြောကြားချက်များနှင့် ပတ်သက်၍ သဘောထားကြေညာချက်”ကို နိုဝင်ဘာ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ပြည်ခိုင်ဖြိုးပါတီမှ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ဆရာ၊ဆရာမအများစုသည် NLD ပါတီ ထောက်ခံသူများဖြစ်ကာ ကြားနေ ဆရာ၊ဆရာ မများ မဖြစ်သည်ကို တွေ့ရှိရပါသည်ဟု အထောက် အထားမဲ့ စွပ်စွဲ ပြစ်တင်ပြောကြား ခဲ့ပြီး အဆိုပါပြောကြားချက်သည် ဆရာ၊ ဆရာမများ၏ ရိုးသားမှုနှင့် ဂုဏ်သိက္ခာကို ထိပါးစော်ကားသည်ဖြစ်ရာ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအပါအဝင် ပညာရေးဝန်ထမ်းများမှ လွန်စွာ စိတ်ပျက်ဒေါသ ဖြစ်လျက်ရှိကြောင်း” ဦးစွာဖော်ပြခဲ့ ပါသည်။

ယင်းနောက် “မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အနေဖြင့် အဆိုပါ ပြောကြားချက်များအား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်းနှင့် ပြည်ခိုင်ဖြိုးပါတီမှ မှားယွင်းစွာ စွပ်စွဲပြောကြားချက်အတွက် ဆရာ၊ ဆရာမထုအား တရားဝင်ပြန်လည် တောင်းပန်ရန် အလေးအနက်တောင်းဆိုကြောင်း” ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီက နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကို တောင်းပန်စာ ပေးပို့၍ မြန်မာတနိုင်ငံလုံးမှ ဆရာ၊ ဆရာမများအားလုံးကို အနူးအညွတ် တောင်းပန်ကြောင်း ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ဒုတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။