ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မေ တတိယပတ်)

Post By Nyein Ko Ko Soe, On May 22, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မေ တတိယပတ်)

၂၀၂၀ ပြည့်နှစ် မေ ၁၅ ရက်မှ ၂၁ ရက်အထိ (မေ တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို “ဝ” ဒေသသို့ လာရောက်ရန် UWSP/UWSA ဥက္ကဋ္ဌ ဦးပေါက်ယိုချန်းက ဖိတ်ခေါ်ခဲ့ခြင်း၊ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသော ULA/AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် တံခါးဖွင့်ထားဆဲဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။

ထို့ပြင် တပ်မတော်က KIO/KIA အဖွဲ့ထံ COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခဲ့မှု၊ လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များကို ချိုးဖောက်နေကြောင်း တပ်မတော်က ဝေဖန်ခဲ့မှုတို့မှာလည်း သတိပြုစရာအကြောင်းအရာများ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အတွင်း အများပြည်သူ စိတ်ဝင်စားမှုကို ရခဲ့သည့်သတင်းတပုဒ်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အားလပ်ပြီး သင့်တော်သည့်အချိန်တွင် “ဝ” ဒေသသို့ လာရောက်လမ်းညွှန်မှု ပြုရန် “ဝ” အဖွဲ့ (UWSP/UWSA) ဥက္ကဋ္ဌ ဦးပေါက်ယိုချန်းက ဖိတ်ကြားခဲ့မှုကို ဧရာဝတီသတင်းဌာနက မေ ၂၀ ရက်တွင် ဖော်ပြခဲ့သော သတင်း ဖြစ်ပါသည်။

မေ ၁၉ ရက်က ပန်ဆန်းမြို့၌ “ဝ” ဒေသအတွက် COVID-19 ကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများကို တပ်မတော်ဘက်က သွားရောက် လှူဒါန်းခဲ့ရာ UWSP/ UWSA ဥက္ကဋ္ဌ၏ ကျေးဇူးတင်လွှာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ဖိတ်ခေါ်ကြောင်း ရေးသားထားခြင်းဖြစ်သည်ဟု ဧရာဝတီသတင်းတွင် ပါရှိခဲ့ပါသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို “ဝ” ဒေသသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားထားမှု ဟုတ်မှန်ကြောင်း ဧရာဝတီသတင်းဌာနသို့ အတည်ပြုခဲ့သည်။

ထို့ပြင် တပ်မတော်က KIO/KIA အဖွဲ့နယ်မြေအတွင်းသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်၍ COVID-19 ကာကွယ်ဆိုင်ရာပစ္စည်းများ လှူဒါန်းခဲ့ခြင်းကို ဖော်ပြခဲ့သော မေ ၂၁ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းမှာလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးဦးဆောင်သည့် တပ်မတော်အရာရှိ ငါးဦးပါအဖွဲ့သည် မိုင်ဆက်ပါဒေသသို့ သွားရောက်၍ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းရာ KIO/KIA မှ ဗိုလ်ချုပ်ဂွမ်မော် ပါဝင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု 7 Day သတင်းတွင် ဖော်ပြထားပါသည်။

ပြီးခဲ့သည့် မေ ၁၃ ရက်ကလည်း ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနေဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် KIO/KIA ကိုယ်စားလှယ်အဖွဲ့တို့ မိုင်ဆက်ပါဒေသတွင်ပင် တွေ့ဆုံခဲ့ကြသော်လည်း ယင်းပွဲအပြီး ဖြစ်ပေါ်ခဲ့သည့် ပြဿနာအချို့ကြောင့် KIO/KIA ဘက်က ပြည်နယ်အစိုးရပေးအပ်ခဲ့သည့် COVID-19 ကာကွယ်ဆိုင်ရာပစ္စည်းများနှင့် ငွေကြေးများကို ပြန်လည်ပေးအပ်ခဲ့သည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်း ခံထားရသည့် ULA/AA အဖွဲ့ ပါဝင်သော PSLF/TNLA အဖွဲ့၊ KIO/KIA အဖွဲ့၊ MNTJP/ MNDAA အဖွဲ့တို့၏ မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် တံခါးဖွင့်ထားဆဲ ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး၏ ပြောကြားမှုကို ဖော်ပြထားသော မေ ၁၈ ရက် ထုတ် 7 Day Daily သတင်းစာ၏ သတင်းမှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

ငြိမ်းချမ်းရေးတံခါးဖွင့်ထားသော်လည်း တဖက်မှ ဆန္ဒရှိရန် လိုအပ်ကြောင်း၊ မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့၏ လက်ရှိအခြေအနေမှာ တွေ့ဆုံရန်အတွက် အကြောင်းအမျိုးမျိုးပြ ရွှေ့ဆိုင်းနေသည့် အနေအထား ဖြစ်သည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ကြောင်း 7 Day သတင်းတွင် ဖော်ပြခဲ့သည်။ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံ ကူမင်းမြို့ တွင် နောက်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုအချိန်ထိ ထပ်မံ မတွေ့ဆုံနိုင်ခြင်း ဖြစ်သည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)သည် NCA စာချုပ်ပါသဘောတူညီချက်များကို ချိုးဖောက်နေကြောင်း တပ်မတော်က ဝေဖန်ပြောဆိုသည်ဆိုသော မြန်မာတိုင်းမ်သတင်းဌာန၏ မေ ၂၀ ရက်တွင် ဖော်ပြခဲ့သည့် သတင်းမှာလည်း မေ တတိယပတ်အတွင်း သတိပြုစရာ ဖြစ်ခဲ့သည်။

KNU၏ လူသစ်စုဆောင်းမှုကြောင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာများမှ အရပ်သားများ ကမမောင်းမြို့နှင့် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသအတွင်းများသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်းနှင့် NCA စာချုပ်တွင် လူသစ်စုဆောင်းမှုများ မလုပ်ရန် ပါ၍ ကန့်ကွက်ရခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မြန်မာတိုင်းမ်သတင်းဌာနသို့ ပြောကြားခဲ့သည်။

KNU ဘက်ကလည်း တပ်မတော်သည် စစ်အင်အားတိုးချဲ့ခြင်း၊ ရန်လိုသည့် ဆောင်ရွက်မှုများ လုပ်ဆောင် ခြင်း၊ ကျေးရွာအချို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေပြီး KNU ထိန်းချုပ်နယ်မြေများတွင် စစ်ရေးလှုပ်ရှားမှုအချို့ ပြုလုပ်နေပြီး NCA စာချုပ်အပေါ် လိုက်နာမှု အားနည်းနေကြောင်း မေ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်ဟု အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် မေ တတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။