တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ ပထမပတ်)

Post By Nyein Ko Ko Soe, On November 11, 2020

တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ ပထမပတ်)

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ (နိုဝင်ဘာ ပထမပတ်) ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည် ကျရောက်မှုတို့ကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်(မြောက်ပိုင်း) မင်းပြား၊ ပေါက်တော၊ အမ်း၊ ကျောက်တော်မြို့နယ်များတွင် တပ်မတော်နှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ဘဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု၊ မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားထိခိုက်မှု များပြားခဲ့ပါသည်။ ထို့အပြင် ရှမ်းပြည်နယ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်အစပ်တွင် TNLA အဖွဲ့၏ လှုပ်ရှားမှုများကြောင့် ဒေသခံ ၂၀၀ ခန့် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အောက်တိုဘာ နောက်ဆုံးပတ်မှစ၍ ယခုရက်သတ္တပတ်အထိ ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် တိုက်ပွဲ ဖြစ်ပွားမှု မရှိခဲ့သော်လည်း အရပ်သား ထိခိုက်ဒဏ်ရာရမှုများ ရှိသကဲ့သို့ ဒေသခံများ ဖမ်းဆီးခံရမှုလည်း များပြားခဲ့ကြောင်း သတင်းဌာနများက ဖော်ပြခဲ့ကြပါသည်။

မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်မှု ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက်က ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ အမျိုးသမီးငယ်တဦး မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်လုံး ပြတ်သွားခဲ့ခြင်းဖြစ်ကြောင်း Network Media Group ၏ သတင်းဖော်ပြမှုအရ သိရပါသည်။ အဆိုပါအမျိုးသမီးငယ်မှာ ရွာအနီးရှိ တောင်ပေါ်တွင် ဟင်းစားအတွက် ကတက်ဥ (ခေါ်) သင်္ဘောဥ သွားတူးကြစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

တပ်မတော်ဘက်က ထိုဖြစ်စဉ်နှင့် ပတ်သက်၍ AA အဖွဲ့က ထောင်သည့် မိုင်းနင်းမိခြင်း ဖြစ်သည်ဟု နိုဝင်ဘာ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

နိုဝင်ဘာ ၁၀ ရက်ညပိုင်းကလည်း အမ်းမြို့နယ် ရှောက်ခုံကျေးရွာအတွင်း လက်နက် ကြီးကျည် ကျရောက် ပေါက်ကွဲ၍ ကလေးငယ်များ အပါအဝင် ဒေသခံခြောက်ဦး ဒဏ်ရာပြင်းထန် စွာ ရရှိခဲ့ကြောင်း 7 Day Daily သတင်းစာက ဖော်ပြခဲ့ပါသည်။ ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ဘဲ မနက်ပိုင်းကတည်းက ကဇူကိုင်းဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရခဲ့သူများထဲတွင် အသက်လေးနှစ်၊ ခြောက်နှစ်နှင့် ကိုးနှစ် အရွယ် ကလေးသုံးဦး၊ အမျိုးသမီးတဦး ပါဝင်ကြောင်း ဒေသခံများက 7 Day ကို ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကျင်းပပြီး နောက်တရက်ဖြစ်သည့် နိုဝင်ဘာ ၉ ရက်တွင် ယခင်က တိုက်ပွဲဖြစ်ပွားမှုလုံးဝ မရှိခဲ့သော ပေါက်တောနှင့် မင်းပြားမြို့နယ်ရှိ ကျေးရွာများအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက်ခဲ့ကြောင်းလည်း 7 Day Daily သတင်းစာကပင် နိုဝင်ဘာ ၁၁ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

နိုဝင်ဘာ ၉ ရက် နေ့လယ်နှင့် ညနေပိုင်းတွင် ပေါက်တောမြို့နယ် ပြွန်ခေါင်၊ မင်းပြားမြို့နယ် စွန်ရဲ၊ သက်ပုန်း၊ ချောင်းရှည်၊ စက္ကရေ၊ ကျွဲတက်၊ ကြောင်ရှည် ချောင်းကျေးရွာများအတွင်းနှင့် အနီးတစ်ဝိုက်သို့ လက်နက်ကြီး ကျည်နှင့် လက်နက်ငယ်များ ကျရောက်ခဲ့၍ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးသွားသည်ဟု ထိုကျေးရွာသားများက 7 Day ကို ပြောကြားခဲ့ကြောင်း သတင်းတွင် ပါရှိခဲ့ပါသည်။

ထို့အပြင် VOA သတင်းဌာန၏ နိုဝင်ဘာ ၄ ရက် သတင်းဖော်ပြမှုအရ ယခုရက်ပိုင်းအတွင်း AA အဖွဲ့နှင့် ပတ်သက်သည်ဆိုသော စွဲချက်ဖြင့် တပ်မတော်က ဒေသခံများကို ဖမ်းဆီးမှု များပြားလာကြောင်း သိရပါသည်။ ရမ်းဗြဲမြို့နယ် ကုလားပုန်း ကျောက်စောင့်ကျေးရွာမှ ရွာသားနှစ်ဦးနှင့် စစ်တွေမြို့နယ် ပလ္လင်ပြင် ကျေးရွာမှ ကျေးရွာသားလေးဦးကို တပ်မတော်က ဖမ်းဆီးခဲ့ကြောင်း VOA သတင်းတွင် ဖော်ပြထားပါသည်။

တပ်မတော်ဘက်က သတင်းထုတ်ပြန်မှုများတွင်လည်း AA အဖွဲ့နှင့် ပတ်သက်သည့် ရွာသားများကို ဖမ်းဆီးရမိကြောင်း သတင်းများ တောက်လျှောက်ဖော်ပြနေသည်ကို တွေ့ရပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်တွင် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်အစပ်တွင် TNLA အဖွဲ့၏လှုပ်ရှားမှုများကြောင့် ဒေသခံ ၂၀၀ ခန့် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း မြန်မာတိုင်းမ်သတင်းဌာနက နိုဝင်ဘာ ၁၀ ရက်တွင် သတင်းဖော်ပြခဲ့ပါ သည်။

မိုးကုတ်နှင့် မိုးမိတ်မြို့နယ် အစပ် ကျေးရွာအချို့တွင် နိုဝင်ဘာ ၇ ရက်၊ ၈ ရက်များက TNLA အဖွဲ့ လှုပ်ရှားမှု များ ရှိလာခြင်းကြောင့် ဒေသခံများမှာ မိုးကုတ်မြို့သို့ တိမ်းရှောင်လာခြင်းဖြစ်ကြောင်း မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူးက မြန်မာတိုင်းမ်ကို ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။