ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မေ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On May 15, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မေ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် မေ ၈ ရက်မှ ၁၄ ရက်အထိ (မေ ဒုတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် “ဝ” အဖွဲ့ (UWSP/UWSA)၊ မိုင်းလားအဖွဲ့ (NDAA) ခေါင်းဆောင်များ သီးခြားစီ တွေ့ဆုံ၍ COVID-19 ကာကွယ်ရေးဆွေးနွေးခဲ့ခြင်း၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ကြောင့် အစိုးရနှင့် COVID-19 အရေး မြေပြင်တွင် လက်တွဲလုပ်ဆောင်ရန် အဆင်ပြေမည်မဟုတ်ဟု KIO/KIA အဖွဲ့က ပြောကြားခဲ့ခြင်းတို့မှာ သတိပြုစရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။

ထို့ပြင် နှစ်ဖက်စစ်ရေးတင်းမာမှုကိစ္စများကို အစိုးရကော်မတီနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ ညှိနှိုင်းဆွေးနွေးခဲ့မှု၊ တပ်မတော်အနေဖြင့် အပစ်ရပ်စဲရေးကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တစ်ပြိုင်နက်တည်း ကြေညာရန် မြောက်ပိုင်းသုံးဖွဲ့က တိုက်တွန်းခဲ့မှုတို့မှာလည်း အာရုံစိုက်စရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အတွင်း သတိပြုစရာသတင်းတပုဒ်မှာ COVID-19 အရေး ပူးပေါင်းဆောင်ရွက်ရန် အစိုးရနှင့် ဆွေးနွေးသော်လည်း မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ကြောင့် မြေပြင်တွင် လက်တွဲ လုပ်ဆောင်ရန် အဆင်ပြေမည်မဟုတ်ဟု KIO/KIA အဖွဲ့က ပြောကြားခဲ့သည်ဆိုသော ဧရာဝတီသတင်းဌာန၏ မေ ၁၄ ရက်တွင် ဖော်ပြခဲ့သည့်သတင်းဖြစ်ပါသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် အစိုးရ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် KIA ၏ COVID-19 ရောဂါ ကာကွယ်နှိမ်နင်းရေးကော်မတီမှ ဥက္ကဋ္ဌ ဦးဆွတ်လွတ်ဂမ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်တို့သည် မေ ၁၃ ရက်က တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

တပ်ကိုယ်စားလှယ်များ မပါသည့် ယခုဆွေးနွေးမှုမှာ ၂ နာရီကြာမြင့်ခဲ့သော်လည်း မူအားဖြင့် ပူးပေါင်း ဆောင်ရွက်ရေးကိုသာ ဆွေးနွေးနိုင်ခဲ့ပြီး မြေပြင်တွင် လက်တွေ့ပူးပေါင်းရန် တစုံတရာ သဘောတူညီနိုင်ခဲ့ခြင်း မရှိဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

နောက်ထပ်အာရုံစိုက်စရာသတင်းမှာ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်း ခံထားရသည့် ULA/AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က တပ်မတော်၏ အပစ်ရပ်စဲရေး ကြေညာမှုအား ကြိုတင်ကန့်သတ်ချက်မထားဘဲ တပြိုင်နက်တည်း ကြေညာရန် တိုက်တွန်းခဲ့သည်ဆိုသော မေ ၁၂ ရက်ထုတ် 7 Day Daily သတင်းစာ၏သတင်း ဖြစ်ပါသည်။

အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေ များတွင် မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း တပ်မတော်၏ ကြေညာချက်အပေါ် ULA/AA အဖွဲ့၊ PSLF/TNLA အဖွဲ့၊ MNTJP/MNDAA အဖွဲ့တို့က တုံ့ပြန်၍ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်၏ ကြေညာမှုကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် AA အဖွဲ့ လှုပ်ရှားရာ ဒေသများ ကျန်ရစ်ခဲ့မည်ဖြစ်၍ COVID-19 ထိန်းချုပ်ရေးအပါအဝင် တိုက်ပွဲများ ရပ်ဆိုင်းသွားရန် လက်တွေ့ အလုပ်မဖြစ်နိုင်ကြောင်း မြောက်ပိုင်းသုံးဖွဲ့က ပြောဆိုကြောင်းလည်း အဆိုပါ 7 Day သတင်းတွင် ပါရှိခဲ့ပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် “ဝ” အဖွဲ့(UWSP/UWSA)၊ မိုင်းလားအဖွဲ့(NDAA)တို့မှ တာဝန်ရှိသူများ မေ ၁၀ ရက်က ကျိုင်းတုံမြို့တွင် သီးခြားစီတွေ့ဆုံ၍ COVID-19 ကာကွယ်ရေး ဆွေးနွေးခဲ့သည်ဆိုသော မေ ၁၁ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းမှာ ယခုရက်သတ္တပတ်အတွင်း စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။

ယခုတွေ့ဆုံမှုတွင် မိုင်းလားအဖွဲ့(NDAA)မှ ဥက္ကဋ္ဌဦးစိုင်းလင်း၊ “ဝ” အဖွဲ့(UWSP/UWSA)မှ ဦးညီကပ်တို့ တက်ရောက်ခဲ့ကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့် သံသယလူနာများ ပိုးရှိ မရှိကို ကျိုင်းတုံသို့ လာရောက်စစ်ဆေးနိုင်ကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါ 7 Day သတင်းတွင် ပါရှိခဲ့ပါသည်။

ယင်းကဲ့သို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် “ဝ” နှင့် မိုင်းလားနယ်မြေများအတွင်းသို့ တပ်မတော်ဆေးအဖွဲ့ ဝင်ရောက်၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်မှုကို ကိုးကား၍ မြန်မာတိုင်းမ်သတင်းဌာနက မေ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ထို့ပြင် အစိုးရ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညှိနှိုင်းပူးပေါင်းရေးကော်မတီနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ မေလ ၁၁ ရက်က အွန်လိုင်းမှ ဆွေးနွေးခဲ့ကြရာ ကရင်ပြည်နယ်ဖာပွန်ခရိုင်နှင့် သထုံခရိုင်ရှိ စစ်ရေးတင်းမာမှုကိစ္စများ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း ဧရာဝတီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ဆွေးနွေးပွဲကို ညှိနှိုင်းပူးပေါင်းရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးတို့ ဦးဆောင်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဖြစ်ပွားခဲ့သော စစ်ရေးတင်းမာမှုများသည် တဖက်နှင့် တဖက် နားလည်မှုလွဲ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်သဖြင့် နှစ်ဖက်စလုံးက တင်းမာမှုများ လျှော့ချရန် အခြေခံမူထားကာ ဆွေးနွေးခဲ့ကြကြောင်း KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက ဧရာဝတီသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

 

၂၀၂၀ ပြည့်နှစ် မေ ဒုတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။