ထုတ်ပြန်ကြေညာချက်များ(ဇန်နဝါရီ ပထမပတ်)

Post By Pan Su Wai, On January 7, 2020

ထုတ်ပြန်ကြေညာချက်များ(ဇန်နဝါရီ ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်မှ ဇန်နဝါရီ ၆ ရက်အထိ(ဇန်နဝါရီ ပထမပတ်) ကာလအတွင်း တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း လေးခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်တို့က တခုစီ ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီပထမပတ်အတွင်း ထုတ်ပြန်ချက်များအနက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ (၈)ကြိမ်မြောက် JICM အစည်းအဝေး တက်ရောက်ခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်မှာ အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါ ထုတ်ပြန်ချက်၌ “ JICM အစည်းဝေးတက်ရောက်ရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ယာယီ အဖွဲ့ခေါင်းဆောင်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ(၆) ရက်တွင် တာချီလိတ်မှ နေပြည်တော်သို့ ထွက်ခွာမည်” ဖြစ်ကြောင်း ဦးစွာ ဖော်ပြခဲ့သည်။

ယင်းနောက် “ နေပြည်တော်တွင် ရောက်ရှိနေစဉ်ကာလအတွင်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီးယွက်စစ်သည် နိုင်ငံတော်အကြီးအကဲများ၊ Stakeholder များ၊ အခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းသွားရန် အစီအစဉ်ရှိကြောင်းနှင့် ဤနေပြည်တော်ခရီးစဉ်သည် ယုံကြည်မှု မြှင့်တင်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များချောမွေ့အောင် ပြီးမြောက်စေခြင်း၊ ဖက်ဒရယ်တည်ဆောက်ခြင်းတို့အတွက် များစွာအထောက်အကူ ဖြစ်စေလိမ့်မည်ဟု  လေးနက်စွာ ယုံကြည်ကြောင်း” RCSS/SSA ၏ ထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီပထမပတ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည့်ထုတ်ပြန်ချက်မှာ “ကျောက်တော်မြို့နယ်အတွင်း AA အဖွဲ့ဝင်တဦး ဖမ်းဆီးရမိ”ဆိုသော ထုတ်ပြန်မှု ဖြစ်ပါသည်။ ဇန်နဝါရီ ၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါထုတ်ပြန်မှု၌ “လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ သည် ရခိုင်ပြည်နယ်၊  ကျောက်တော်မြို့အဝင် လမ်းဆုံနေရာ၌ ဇန်နဝါရီ ၂ ရက် ညပိုင်းက မသင်္ကာဖွယ်လူတဦးအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ AA အဖွဲ့ဝင်တဦး ဖြစ်ပြီး ၎င်းသည် မူးယစ်ဆေးဝါး သုံးစွဲထားသည်ကို စစ်ဆေးသိရှိရကြောင်း” ဖော်ပြခဲ့သည်။

ဆက်လက်ပြီး တပ်မတော်၏ ထုတ်ပြန်မှုတွင် “AA အဖွဲ့ဝင်အနေဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ၎င်းတို့တပ်ဖွဲ့ဝင်များကိုလည်း မူးယစ်ဆေးဝါးများအား သုံးစွဲစေပြီး တပ်စခန်းများ၊ ရဲကင်းစခန်းများနှင့် တပ်မတော်စစ်ကြောင်းများအား တိုက်ခိုက်စေခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိကြောင်း”ဖော်ပြခဲ့သည်။

အခြေခံပညာကျောင်းများ၏ ပညာသင်ကာလကို မတ်လကုန်အထိ သတ်မှတ်ခြင်းအပေါ် ပြင်ဆင်မှုမပြုပါက အစိုးရ၏ ၂၀၂၀ ရွေးကောက်ပွဲအား ကူညီလုပ် ဆောင်ခြင်းမပြုဘဲ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်၏ ဇန်နဝါရီ ၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် သဘောထား ကြေညာချက်မှာလည်း သတိပြုစရာဖြစ်ခဲ့ပါသည်။ ယင်းသဘောထားကြေညာချက်၌ “မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်သည် မြေပြင်အခြေ အနေ(၇)ချက်ကို ထောက်ပြကာ မတ်လကုန်အထိ ပညာသင်ကာလသတ်မှတ်ခြင်းကို ပြင်းထန်စွာကန့်ကွက်ခဲ့သော်လည်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအဝင် တာဝန်ရှိသူများသည် အကြံပြုချက်များကို လျစ်လျူရှုကာ ပညာသင်ကာလကို မတ်လအထိ ဆက်လက် သတ်မှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း” ဖော်ပြခဲ့သည်။

ယင်းနောက် “ပညာရေးဝန်ကြီးဌာနသည် ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသားကျောင်းသူများ၏ အခက်အခဲများကို လျစ်လျူရှုကာ စာသင်ကာလတိုးမြှင့်ခြင်းသည် ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ရာရောက်ပြီး  ရွေးကောက်ခံအစိုးရ၏ ပုံရိပ်ကိုလည်း ကျဆင်းစေခြင်းကြောင့် ပြင်ဆင်သတ်မှတ်ရန် မိမိတို့အနေဖြင့် အလေး အနက်တောင်းဆိုကြောင်း” ဖော်ပြခဲ့ပြီး “မပြင်ဆင်ပေးပါက မိမိတို့၏ မူလတာဝန်နှင့် မသက်ဆိုင်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရုံတာဝန်များကို မကူညီ၊ မပူးပေါင်းခြင်းဖြင့် ပညာရေးဝန်ကြီးဌာနကို ပြင်းပြင်း ထန်ထန် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း”ယင်းသဘောထားကြေညာချက်တွင် ဖော်ပြထားပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဇန်နဝါရီ ၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကြေညာချက်မှာလည်း စိတ်ဝင်စားစရာကောင်းခဲ့ပါသည်။ အချက် ငါးချက် ပါဝင်သည့် ယင်းထုတ်ပြန်ချက်တွင် “ မြန်မာနိုင်ငံအတွက် အဓိကစိန်ခေါ်မှုမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးဖြစ်သကဲ့သို့ လတ်တလောနှင့် အကြီးမားဆုံးစိန်ခေါ်မှုမှာ ရခိုင်ပြည်နယ်(မြောက်ပိုင်း)ပြဿနာဖြစ်ပါကြောင်း” ဖော်ပြခဲ့သည်။

ဆက်လက်ပြီး NLD ပါတီ၏ ထုတ်ပြန်မှုတွင် “ ကျွနု်ပ်တို့သည် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း တည်းဟူသော လောကပါလတရားကို အခြေခံသည့် မွန်မြတ်သောပန်းတိုင်ဆီသို့ ဦးမညွှတ်သော ဇွဲသတ္တိ၊ လုံ့လဖြင့် မမှိတ်မသုန် အရောက်လှမ်းကြရမည်ဖြစ်ပြီး လွတ်လပ်ရေးဖခင်နှင့် အမျိုးသားခေါင်းဆောင်ကြီးများ၏ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသစ်ထူထောင်ရေး ရည်မှန်းချက်ပန်းတိုင်ဆီသို့ ပြည်သူလူထုနှင့်အတူ ချီတက်ကြပါစို့ဟု နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း” ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ပထမပတ်တွင် ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။