ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ တတိယပတ်)

Post By Nyein Ko Ko Soe, On March 20, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ တတိယပတ်)

၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက်မှ ၁၉ ရက်အထိ (မတ်လ တတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် အပစ်ရပ်စဲရေးဆွေးနွေးမှုကို မြစ်ကြီးနား (သို့မဟုတ်) ကျိုင်းတုံမြို့၌ ပြုလုပ်ရန် မြောက်ပိုင်းလေးဖွဲ့ထံ အစိုးရက အဆိုပြုခဲ့မှု၊ နှစ်ဖက်တပ်များ ထိတွေ့မှုရှောင်ရှားနိုင်ရန်အတွက် နယ်မြေ သတ်မှတ်ရေးဆွေးနွေးရန် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တို့ သဘောတူခဲ့မှုတို့မှာ စိတ်ဝင်စားစရာအကြောင်းအရာများ ဖြစ်ခဲ့သည်။

ထို့ပြင် COVID-19 ကပ်ရောဂါကြောင့် အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဆွေးနွေးပွဲ၊ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ရွှေ့ဆိုင်းခဲ့ရခြင်း၊ ၂၁ ရာစုပင်လုံညီလာခံကိုလည်း သတ်မှတ်ရက်ထက် နောက်ဆုတ်ကျင်းပရဖွယ်ရှိနေခြင်းတို့မှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သတိပြုစရာကိစ္စများ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ်မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ ဖြစ်သည့် KIO/KIA အဖွဲ့၊ PSLF/TNLA အဖွဲ့၊ MNTJP/MNDAA အဖွဲ့၊ ULA/AA အဖွဲ့တို့ ဆွေးနွေးပွဲကို မြစ်ကြီးနား(သို့မဟုတ်) ကျိုင်းတုံမြို့တွင် ကျင်းပရန် အစိုးရဘက်က အဆိုပြုခဲ့ခြင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ အကြောင်းအရာတခု ဖြစ်ခဲ့သည်။

အစိုးရက ပြည်တွင်း၌ တွေ့ဆုံရန် ကမ်းလှမ်းထားသော်လည်း မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့က တရုတ်နိုင်ငံတွင် တွေ့ဆုံချင်နေ၍ ဆက်လက်ညှိနှိုင်းနေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ မတ် ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့ သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီတွင် ထပ်မံတွေ့ဆုံရန် သဘော တူထားခြင်းဖြစ်သည်။ သို့ရာတွင် တရုတ်နှစ်သစ်ကူးကာလကြောင့် ဖေဖော်ဝါရီဒုတိယပတ်သို့ ရွှေ့ဆိုင်းခဲ့ရပြီး ယခုအခါ COVID- 19 ကူးစက်ရောဂါကြောင့် ထပ်မံရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

နောက်ထပ် စိတ်ဝင်စားစရာသတင်းတပုဒ်မှာ COVID-19 ရောဂါအန္တရာယ်ကြောင့် အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့၏ ဆွေးနွေးပွဲကို ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လမ်းကြောင်းတွင် KNPP ပါဝင်လာရေး ညှိနှိုင်းနေသည့် အစိုးရနှင့် KNPP တို့ ဆွေးနွေးပွဲကို မူလက မတ် ၁၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

COVID-19 ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်များမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သက်ရောက်မှုများ ရှိခဲ့သည်ကို ယခုရက်သတ္တပတ်အတွင်း တွေ့ရှိခဲ့ရသည်။

COVID-19 ရောဂါ ပြန့်ပွားမှုကို ကာကွယ်သည့်အနေဖြင့် မတ်လကုန်တွင် ကျင်းပရန် လျာထားသည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းခဲ့ရသည်။ ယခုကဲ့သို့ ရွှေ့ဆိုင်းခြင်းကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)မှ ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။ COVID-19 ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ မကြေညာမီက ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မတ်လကုန်ပိုင်း၌ ရှမ်းပြည်နယ် လင်းခေးမြို့တွင် ကျင်းပရန် မျှော်မှန်းထားခြင်း ဖြစ်သည်။

ထို့ပြင် COVID-19 ရောဂါကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံအစည်းအဝေးကိုလည်း သတ်မှတ်ရက်ထက် နောက်ဆုတ်ကျင်းပရဖွယ်ရှိနေသည်။ ပင်လုံညီလာခံကို ဧပြီထက် နောက်မကျဘဲ ကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိအခြေအနေများအရ ရက်အနည်းငယ်နောက်ကျနိုင်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြုခဲ့သည်။

မတ်လတတိယပတ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာသတင်းတပုဒ်မှာ တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့က နှစ်ဖက်တပ်များ ထိတွေ့မှုရှောင်ရှားနိုင်ရန်အတွက် နယ်မြေသတ်မှတ်ရေးဆွေးနွေးရန် သဘောတူခဲ့ကြသည့် သတင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့် ဗိုလ်ချုပ်ပေါင်ခေး ဦးဆောင်သော RCSS/SSA ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ မတ် ၁၅ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ရာ သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလကုန်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအနီးတွင် တပ်မတော် နှင့် RCSS အဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါသည်။

 

၂၀၂၀ ပြည့်နှစ် မတ်လတတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။