တိုက်ပွဲဖြစ်ပွားမှုများ(ဒီဇင်ဘာ တတိယပတ်)

Post By Nyein Ko Ko Soe, Pan Su Wai, On December 27, 2019

တိုက်ပွဲဖြစ်ပွားမှုများ(ဒီဇင်ဘာ တတိယပတ်)

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှ ၂၆ရက်အထိ (ဒီဇင်ဘာ တတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ မြေပုံမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၂၀ ထက် မနည်းရှိခဲ့ပြီး AA အဖွဲ့က ဖမ်းဆီးထားသည့် အရပ်သားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ဒီဇင်ဘာ တတိယပတ်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုများအနက် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့်  ဒေသခံပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်မှုများ ရှိခဲ့ပါသည်။

 

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားမှု

ဒီဇင်ဘာ တတိယပတ်ကာလအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်များ တွင် တပ်မတော်နှင့် TNLA အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

တိုက်ပွဲဖြစ်ပွားခဲ့မှုများမှာ ဒီဇင်ဘာ ၁၈ ရက်က လားရှိုးမြို့နယ် ရှန်ခိုက်ရွာအနီး၊ နမ့်ဆန်မြို့နယ် အုံးစွန်ရွာနဲ့ လွယ်လန်တောင်ကြားနှင့် မန်တုံမြို့နယ် မန်စံလမ်းခွဲနားစသည့် နေရာသုံးနေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများကြောင့် လူနေအိမ်မီးလောင်မှု၊ ဒေသခံပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်မှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။

ဒီဇင်ဘာ ၁၉ ရက်ကလည်း လားရှိုးနှင့် နမ္မတူမြို့နယ်အစပ်မှာ တပ်မတော်နှင့် TNLA အဖွဲ့ကြား တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံရွာသား ၅၀၀ကျော်သည် လားရှိုးမြို့ မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်း ကို  တိမ်းရှောင်ခဲ့ရပါသည်။

 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဒီဇင်ဘာ တတိယပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးမှာ ရခိုင်ပြည်နယ်(မြောက်ပိုင်း) မြေပုံမြို့နယ်တွင် ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှု ရှစ်ကြိမ်ထက် မနည်းရှိခဲ့ကာ ဒေသခံပြည်သူ ရာနှင့်ချီ၍ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပါသည်။

မြေပုံမြို့နယ် စညင်းကျေးရွာအုပ်စုအတွင်း ဒီဇင်ဘာ ၂၃ ရက်မှ စ၍ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့ပြီး တပ်မတော်မှ ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။ ယင်း တိုက်ပွဲများကြောင့် စညင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံအားလုံး ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း သတင်းဖော်ပြမှုများအရ သိရပါသည်။

အလားတူ မင်းပြားမြို့နယ် ငန်းတက်ကျေးရွာအုပ်စုတွင်လည်း ဒီဇင်ဘာ ၂၄ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ကူပေး တိုက်ခိုက်ရသည်အထိ ပြင်းထန်ခဲ့ကြောင်း သိရပါသည်။

ဒီဇင်ဘာ ၂၂ ရက်မှ စ၍ ဘူးသီးတောင်မြို့နယ် အုတ်တောင်ရွာ အရှေ့ဖက် ၃ မိုင်အကွာရှိ AA ထိန်းချုပ်ရာ ပွိုင့်-၄၂၈ တောင်ကုန်းကို တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်တွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားသည့် ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးခဲ့ ကြောင်း AA အဖွဲ့က ထုတ်ပြန်ခဲ့ပါသည်။ တပ်မတော်ကမူ ယင်းထုတ်ပြန်မှုမှာ မှန်ကန်မှု မရှိဘဲ ဒီဇင်ဘာ ၂၅ ရက်က အဆိုပါဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ရှင်းလင်းခဲ့ပါသည်။

ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းကလည်း ကုလားတန်မြစ်အတွင်း စစ်တွေဘက်မှ ကျောက်တော်မြို့သို့ ဦးတည်မောင်းနှင်လာသည့် တပ်မတော်ရေယာဉ်များကို မြောက်ဦးမြို့နယ်တောဘွယ်ချောင်းကျေးရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ် မင်းဇီးချောင်းကျေးရွာအကြားတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရပါသည်။ ယင်းဖြစ်ပွားမှုအတွင်း တပ်မတော်ရေယာဉ်များမှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အရပ်သားများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရပါသည်။

 

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ် နှုန်းဘူးရွာအနီး၌ တပ်မတော်နှင့် AA အဖွဲ့အကြား နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်မတော်မှ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

ယင်းတိုက်ပွဲတွင် တပ်မတော်မှ အလောင်းနှင့် စစ်လက်နက်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း AA အဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း တပ်မတော်ဘက်ကမူ တိုက်ပွဲတွေအတွင်း  ထိခိုက်ကျဆုံးဒဏ်ရာရမှုများနှင့် ပတ်သက်၍  သီးခြားအတည်ပြုထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာ တတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။