ထုတ်ပြန်ကြေညာချက်များ(ဒီဇင်ဘာနောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, Pan Su Wai, On January 2, 2020

ထုတ်ပြန်ကြေညာချက်များ(ဒီဇင်ဘာနောက်ဆုံးပတ်)

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်အထိ (ဒီဇင်ဘာ နောက်ဆုံးပတ်)ကာလအတွင်း တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်ဖွဲ့အစည်းများမှ စုစုပေါင်း ၁၆ ခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်၏ ထုတ်ပြန်ချက်မှာ ခုနစ်ခုအထိ ရှိခဲ့ပြီး နိုင်ငံရေးပါတီများမှ သုံးခု၊ လက်နက်ကိုင်အဖွဲ့အစည်းများမှ လေးခု နှင့် အရပ်ဘက်ဖွဲ့အစည်းများမှ နှစ်ခု ထုတ်ပြန်ခဲ့ကြပါသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း ထုတ်ပြန်ချက်များအနက် ULA/AA, PSLF/TNLA, MNTJP/ MNDAA ညီနောင် မဟာမိတ်သုံးဖွဲ့၏ တဖက်သတ်အပစ်အခတ်ရပ်ဆိုင်းခြင်းအချိန်ကို တတိယအကြိမ် ထပ်မံတိုးမြှင့်ကြောင်း ထုတ်ပြန်ကြေညာချက်မှာ အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်စွဲဖြင့် ထုတ်ပြန်သည့် အဆိုပါထုတ်ပြန်ချက်၌ “အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာစာချုပ် သဘောတူ လက်မှတ်ရေးထိုးနိုင်မည့်  တွေ့ဆုံ  ဆွေးနွေးရေး လုပ်ငန်းများကို လက်တွေ့ကျကျ   ဆောင်ရွက်နိုင်ရန်နှင့် ၂၀၂၀ခုနှစ်ရွေးကောက်ပွဲတွင် ငြိမ်းချမ်းသောပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပြီး ပြည်တွင်းစစ်များ လုံးဝချုပ်ငြိမ်း၍ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် အလို့ငှာ တဖက်သတ်အပစ်အခတ်ရပ်ဆိုင်းခြင်းအား ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၉ရက်အထိ နှစ်လ ထပ်မံတိုးမြှင့်လိုက်ကြောင်း”  ဖော်ပြ ခဲ့ပါသည်။ ယင်းနောက်  “တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီးအပေါ် ထိုးစစ်ဆင်မှုများ ချက်ခြင်းရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးနှင့် တွေ့ဆုံဆွေးနွေးပွဲများ ဖော်ဆောင်လိုသည့်ဆန္ဒကို အပြည့်အဝဖော်ပြကာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် အမြန်ဆုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရန် တိုက်တွန်းကြောင်း” ညီနောင် မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

နောက်ထပ် အာရုံစိုက်သင့်သည့် ကြေညာချက်တခုမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ရက်က ထုတ်ပြန်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ကြေညာချက်ဖြစ်ပါသည်။ အဆိုပါကြေညာချက်တွင် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အလုပ်မှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးရဲသိန်းသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က AAအဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံရပြီး (၁၅) ရက်အကြာတွင် ဆုံးပါးသွားသည်ဟု သိရသဖြင့် မိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းရပါကြောင်းနှင့် အပြစ်မဲ့ပြည်သူများအား လက်နက်အားကိုးဖြင့် အကြမ်းဖက်သည့်လုပ်ရပ်မှန်သမျှကို NLD ပါတီအနေဖြင့် ပြင်းထန်စွာရှုတ်ချပါကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ဦးရဲသိန်းသေဆုံးမှုသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းမရကြောင်း သက်သေပြနေသည့်အပြင် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ လုံခြုံရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုမလိုလားသည့် အဖွဲ့အစည်းများရှိနေသည်ကို ထင်ရှားစေပါကြောင်းနှင့် အကြမ်း ဖက်နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းသည့် အစဉ်အလာသည် မြန်မာ့နိုင်ငံရေးလောကမှ  ပျောက်ကွယ်သွားအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားပြည်သူများနှင့် လက်တွဲ၍ အစွမ်းကုန် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” NLD ပါတီ၏ ကြေညာချက်တွင် ဖော်ပြခဲ့ပါ သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သော သတင်း ထုတ်ပြန်ချက်များအနက်  ရခိုင်ပြည်နယ် (မြောက်ပိုင်း) ဘူးသီးတောင်မြို့နယ် ဂူတာပြင်ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တရားရုံးဖြင့် လက်ရှိအချိန်အထိ စုစုပေါင်း ၅ ကြိမ် ရုံးထိုင်စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူများအပေါ် တရားလို ဘက်အရာရှိက တင်သွင်းသည့် တရားလိုဘက် တပ်မတော်သား သက်သေများနှင့် အရပ်သားသက်သေများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၂၉ ရက်စွဲ ထုတ်ပြန်ချက်နှင့်ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်း လားရှိုး-နမ္မတူကားလမ်း အနီးရှိ လွယ်တောက်ကျေး ရွာအ နီးတွင် တပ်မတော်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ TNLA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လားရှိုး ဘက်မှ နမ္မတူဘက်သို့ မောင်းနှင်လာသော ခြောက်ဘီးယာဉ် တစ်စီးအား လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အရပ်သားတစ်ဦး  သေဆုံးခဲ့ကြောင်း ဒီဇင်ဘာ ၂၉ရက် ထုတ်ပြန်ချက်တို့မှာ ထင်ရှားခဲ့ပါ သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် ဒီဇင်ဘာ ၂၃ ရက်က နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမျိုးသားဝန်ထမ်း ၃ ဦးအား AA အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒီဇင်ဘာ ၂၅ ရက် ထုတ်ပြန်ချက်၊ ဆက်သွယ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်အတွက် ကွင်းဆင်း  ဆောင်ရွက်နေသည့် ကုမ္ပဏီဝန်ထမ်း ၂ ဦးအား AA အဖွဲ့က ဒီဇင်ဘာ ၂၄ မွန်းလွဲပိုင်းတွင်  ဖမ်းဆီးခေါ်  ဆောင်သွားကြောင်း ဒီဇင်ဘာ ၂၇ ရက် ထုတ်ပြန်ချက်၊ မောင်တောဒေသ ပြန်လည်လက်ခံနေရာချထားခြင်း လုပ်ငန်းစဉ်တွင် တာဝန်ထမ်းဆောင်မည့် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ဝန်ထမ်း ၁၆ ဦးအား  AA အဖွဲ့က  ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒီဇင်ဘာ ၃၁ ရက် ထုတ်ပြန်ချက်များကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

AA အဖွဲ့ကလည်း ဒီဇင်ဘာ ၂၈ ရက်တွင် “ဖမ်းဆီးထိန်းသိမ်းထားသောသူများထဲမှ စစ်ဖက်နှင့် မသက်ဆိုင်သောသူများအား ပဉ္စမအသုတ် အနေဖြင့် လွှတ်ပေးပြီးဖြစ်ကြောင်း” ထုတ်ပြန်ကြေညာချက်တခု ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်၌ ၂၀၁၉ ခုနှစ် မတ်လ ၉ ရက်က တပ်မတော်၏ ယာယီဗျူဟာကုန်းသိမ်း တိုက်ပွဲတွင် ဖမ်းဆီးရမိသည့် သုံ့ပန်းများထဲမှ စစ်ဖက်နှင့် မသက်ဆိုင်သူ နှစ်ဦးကို လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း  ဖော်ပြခဲ့ပါသည်။ ထို့ပြင် AA အဖွဲ့သည် ဖမ်းဆီးထားသည့် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ဝန်ထမ်း ၁၆ ဦးကိုလည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါသည်။

နောက်ထပ် စိတ်ဝင်စားစရာကောင်းသည့် ထုတ်ပြန်ချက်တခုမှာ မွန်လူငယ်များ မွန်လက်နက်ကိုင်တပ်ဖွဲ့ထဲ တာဝန်ထမ်းဆောင်ရန်နှင့် မွန်နိုင်ငံရေးထဲပါဝင်လာရန် တိုက်တွန်းခဲ့သည့် မွန်ပြည်သစ်ပါတီ၏ ဒီဇင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်ဖြစ်ပါသည်။ မွန်ဘာသာဖြင့် ထုတ်ပြန်ပြီး အချက်နှစ်ချက်ပါဝင်သည့် မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်တွင်  ” မွန်လူမျိုးများ ရည်မှန်းထားသော နိုင်ငံရေးခရီးတွင် ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးရန်၊  လူငယ်များအနေဖြင့် လက်နက်ကိုင်မွန်နိုင်ငံရေးပါတီများတွင် ပါဝင်ပြီး တာဝန်ထမ်းဆောင်ရန်နှင့် ဥပဒေဘောင်ကနေ နိုင်ငံရေးပါတီထဲ တာဝန်ထမ်းဆောင်လာနိုင်ရန် မွန်ပြည်သစ်ပါတီ၏ အစည်းအဝေးမှ တိုက်တွန်းနှိုးဆော်အပ်ပါသည်”ဟု ဖော်ပြထားပါသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဒီဇင်ဘာ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးသည့် (၂၃၅)နှစ်ပြည့် ထုတ်ပြန်ချက်မှာလည်း စိတ်ဝင်စားစရာကောင်းခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်တွင် “ရခိုင်တို့ အချုပ်အခြာအာဏာကျဆုံးခဲ့သည်မှာ နှစ်ပေါင်း(၂၃၅)နှစ် တင်းတင်းပြည့်ခဲ့ပြီဖြစ်ပြီး မိမိတို့ပါတီသည် လည်း ၁၉၆၇ ခုနှစ်မှစ၍ မဟာမိတ်များနှင့် လက်တွဲ၍ တော်လှန်ရေးအတွက် တိုက်ပွဲအလီလီဆင်နွှဲခဲ့ပါကြောင်း နှင့် လက်ရှိ ရခိုင်ပြည်၌ ဖြစ်ပွားနေသော ပြည်တွင်းစစ်မီးကြောင့် ဆုံးရှုံးထိခိုက်နေရသည့် ပြည်သူများနှင့်အတူ များစွာ ဝမ်းနည်းခံစားရပါကြောင်း” ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး ALP ပါတီ၏ ထုတ်ပြန်မှုတွင် “ မိမိတို့ပါတီအနေဖြင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ ကြရသော်လည်း ရခိုင်ပြည်သူလူထု  မျှော်လင့်နေသောလမ်းစဉ်မှ လုံးဝသွေဖီခြင်းမရှိပဲ ပါတီ၏ရည်မှန်းချက်ဖြစ်သည့် အချုပ်ခြာအာဏာကို ရခိုင်ပြည်သူများမှ ဖန်တီးဆုံးဖြတ်နိုင်သည့် အနေအထားတခုရောက်ရှိရန်အတွက် နိုင်ငံတကာပြောင်းလဲနေမှုနှင့်  မြန်မာပြည်၏ ပကတိအခြေအနေများကို အဆက်စပ်ရှိစွာပေါင်းစပ်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါကြောင်း” ဖော်ပြခဲ့ပါသည်။

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်အတွက် ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။