ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဩဂုတ် နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On August 28, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဩဂုတ် နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၁ ရက်မှ ၂၇ ရက်အထိ (ဩဂုတ် နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များအနက် NCA စာချုပ်တွင် လက်မှတ်ထိုးနိုင်ရေးအတွက် အစိုးရနှင့် “၀”အဖွဲ့ (UWSP/ UWSA) တို့အကြား MoU လက်မှတ်ထိုးမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်း၊ ၂၀၂၀ အလွန်တွင် ငြိမ်းချမ်းရေးအလားအလာကောင်းကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူက သုံးသပ်ခဲ့ခြင်းတို့မှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

ထို့အပြင် ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုခဲ့သော ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါ စိုးရိမ်ရသည့်အနေအထားတွင် AA အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ မပြုလုပ်ရန် အစိုးရက သတိပေးခဲ့မှုတို့မှာလည်း စိတ်ဝင်စားစရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးနိုင်ရေးအတွက် အစိုးရ နှင့် “၀”အဖွဲ့ (UWSP/ UWSA)တို့ အကြား ကြားခံသဘောတူညီချက်အဖြစ် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ထိုးမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောကြားခဲ့ခြင်းကို မြန်မာတိုင်းမ် သတင်းဌာနက ဩဂုတ် ၂၁ ရက်တွင် ဖော်ပြခဲ့သောသတင်းမှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာသတင်း ဖြစ်ခဲ့ပါသည်။

“၀”အဖွဲ့နှင့် MoU ညှိနှိုင်းနေသော အနေအထားတွင် ရှိပြီး ထိုမှတဆင့် NCA သွားရန်ဟု ဦးဇော်ဌေးက ဩဂုတ် ၂၀ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း မြန်မာတိုင်းမ်သတင်းတွင် ပါရှိခဲ့ပါသည်။ “၀” အဖွဲ့ သည် NCA လက်မှတ်မထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ(FPNCC)၏ ဦးဆောင်အဖွဲ့ ဖြစ်သည်။

နောက်ထပ် သတိပြုစရာသတင်းတပုဒ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ စိုးရိမ်ရသည့် အနေအထားတွင် AA အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို မပြုလုပ်ရန် အစိုးရက သတိပေးခဲ့ခြင်းကို ဩဂုတ် ၂၂ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့သော သတင်းဖြစ်ပါသည်။

ဩဂုတ် ၂၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ဒေသအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းစဉ် ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်ပြီး AA အဖွဲ့က အကြမ်းဖက်လုပ်ရပ်များ လုပ်လာပါက အကြမ်းဖက် နှိမ်နင်းရေး စစ်ဆင်ရေး ဆောင်ရွက်ရန် တပ်မတော်ကို ပြောထားပြီးသား ဖြစ်ကြောင်းလည်း  ထည့်သွင်းပြောကြားခဲ့သည်ဟု 7 Day သတင်းတွင် ဖော်ပြထားပါသည်။ ULA/AA အဖွဲ့ကို အစိုးရက အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် မတ် ၂၃ ရက်က ကြေညာခဲ့ခြင်း ဖြစ်သည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အတွင်း စိတ်ဝင်စားစရာသတင်းမှာ ၂၀၂၀ အလွန်တွင် ငြိမ်းချမ်းရေးအလားအလာကောင်းကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သုံးသပ်ပြောကြားခဲ့ခြင်းကို မြန်မာတိုင်းမ်သတင်းဌာနက ဩဂုတ် ၂၃ ရက်တွင် ဖော်ပြခဲ့သော သတင်းဖြစ်ပါသည်။

ပြည်ထောင်စု ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုနိုင်ခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ ကောင်းမွန်သော လမ်းကြောင်းတခု ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက သုံးသပ်ခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အချိန် မဆွဲရန် လိုကြောင်းလည်း သတိပေးခဲ့သည်ဟု မြန်မာတိုင်းမ်သတင်းတွင် ဖော်ပြထားပါသည်။

ထို့အပြင် အဆိုပါ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ဩဂုတ် ၂၆ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်သူမရှိ ဆက်လက်အတည်ပြုခဲ့ကြောင်း ဩဂုတ် ၂၇ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ သိရပါသည်။

နေပြည်တော်၌ ဩဂုတ် ၁၉ ရက်မှစ၍ သုံးရက်ကြာ ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့တို့ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော ပြည်ထောင်စုသဘောတူစာချုပ်ကို လွှတ်တော်က ဆက်လက် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း 7 Day သတင်းတွင် ပါရှိခဲ့သည်။

ဩဂုတ် ၂၇ ရက်ထုတ် 7 Day Daily သတင်းစာတွင်ပင် ဖော်ပြခဲ့သည့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S)တွင် မွန်ပြည်သစ်ပါတီ (NMSP/MNLA) ပါဝင်ခွင့်ရရေး ထပ်မံကြိုးစားတင်ပြထားသော်လည်း တုံ့ပြန်မှု မရသေး ကြောင်း NMSP ဗဟိုအလုပ်အမှုဆောင် နိုင်အောင်မငေးက ပြောကြားခဲ့သော သတင်းမှာလည်း အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

၂၀၁၈ နှစ်ဆန်းပိုင်းကတည်း က NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီအနေဖြင့် ပြည်ထောင်စုအဆင့် အပစ်ရပ်ပူးတွဲ စောင့်ကြည်ရေးကော်မတီ(JMC-U)တွင် ပြည်နယ်အဆင့်တွင် ပါဝင်ခြင်းမရှိသေးကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားချက်အရ သိရပါသည်။ ယင်းကဲ့သို့ မပါဝင်ရခြင်းမှာ မွန်ပြည်သစ် ပါတီက ၎င်းတို့တပ်များ တည်ရှိရာ မွန်၊ ကရင်နှင့် တနင်္သာရီ JMC-S များတွင် ပါဝင်လိုသော်လည်း မွန်ပြည်နယ်တွင်သာ ပါဝင်ခွင့်ပေးထားခြင်းကြောင့် ဖြစ်သည်ဟု 7 Day သတင်းတွင် ပါရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဩဂုတ် နောက်ဆုံးပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။