ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇူလိုင် နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On July 31, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇူလိုင် နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၄ ရက်မှ ဇူလိုင် ၃၀ ရက်အထိ (ဇူလိုင် နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် အစိုးရက ဖိတ်ကြားလာပါက ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ကြရန် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအား တရုတ်အစိုးရမှ တိုက်တွန်းခဲ့ခြင်း၊ အစိုးရနှင့် NCA လက်မှတ်ထိုး အဖွဲ့များအကြား ဆွေးနွေးမှုတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စအပါအဝင် အရေးကြီးသော အချက်အချို့ ညှိနှိုင်းရန် ကျန်နေ၍ ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ခြင်းတို့မှာ သတိပြုစရာဖြစ်ခဲ့ပါသည်။

ထို့ပြင် ‘ဝ ’အဖွဲ့ (UWSP/UWSA)က ‘ဝ’ ပြည်နယ်အဖြစ် သုံးနှုန်းမှုနှင့် ပြည်နယ်အခြေခံ ဥပဒေရေးဆွဲပြီး စမ်းသပ်အသုံးပြုမှုသည် တရားမဝင်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့မှု၊ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် ရှစ်ဖွဲ့အား COVID -19 ကာလအတွင်း တပ်ဖွဲ့ဝင်များနှင့် မိသားစုများ စားဝတ်နေရေးအတွက် အစိုးရက ထောက်ပံငွေများ ပေးအပ်ကူညီခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

အစိုးရ၏ ဖိတ်ကြားမှုရရှိပါက ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ကြရန် မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များအား တရုတ်အစိုးရမှ တိုက်တွန်းခဲ့ကြောင်း DVB သတင်းဌာနက ဇူလိုင် ၃၀ ရက်တွင် ဖော်ပြခဲ့သောသတင်းမှာ ဇူလိုင် နောက်ဆုံးပတ်အတွင်း သတိပြုစရာသတင်းတပုဒ် ဖြစ်ခဲ့ပါသည်။

တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်နှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ ဇူလိုင် ၂၅ ရက်က တရုတ်နိုင်ငံ ယင်ကျန်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့စဉ် တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း DVB သတင်းတွင် ဖော်ပြထားပါသည်။

အဆိုပါတွေ့ဆုံမှုကို KIO/KIA အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ယင်းအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုခဲ့ပြီး တရုတ်အထူးကိုယ်စားလှယ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်ရန်နှင့် နယ်စပ်ဒေသတွင် တိုက်ပွဲ မဖြစ်အောင် ကြိုးစားကြရန်လည်း တိုက်တွန်းပြောဆိုခဲ့ကြောင်း DVB ကို ပြောကြားခဲ့ပါသည်။

အစိုးရဘက်ကလည်း တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များကို ပင်လုံညီလာခံ တက်ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇူလိုင် ၂၉ ရက်က ရန်ကုန်မြို့ NRPC တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု DVB သတင်းဌာနကပင် ဇူလိုင် ၂၉ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

နောက်ထပ် သတိပြုစရာသတင်းတပုဒ်မှာ ‘ဝ ’အဖွဲ့ (UWSP/UWSA)က ‘ဝ’ ပြည်နယ်အဖြစ် သုံးနှုန်းမှုနှင့် ပြည်နယ် အခြေခံဥပဒေရေးဆွဲပြီး စမ်းသပ်အသုံးပြုမှုသည် တရားမဝင်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့မှုကို ဇူလိုင် ၂၆ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့သော သတင်းဖြစ်ပါသည်။

UWSA က ‘ဝ’ ပြည်နယ်အဖြစ် သုံးနှုန်းနေခြင်း၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲစမ်းသပ် အသုံးပြုခြင်းအပေါ် တပ်မတော်၏သဘောထားကို တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇူလိုင် ၂၅ ရက်က ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ ခြင်း ဖြစ်ကြောင်း 7 Day သတင်းစာတွင် ဖော်ပြမှုအရ သိရပါသည်။ တပ်မတော်ဘက်မှ ပြောကြားချက်နှင့် ပတ်သက်၍ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက မှတ်ချက်မပေး လိုကြောင်း 7 Day သတင်းစာကို ပြောကြားခဲ့ပါသည်။

Network Media Group သတင်းဌာနက ဇူလိုင် ၂၈ ရက်တွင် ဖော်ပြခဲ့သည့် COVID-19 ကာလအတွင်း KIO/KIA အဖွဲ့ နှင့် အစိုးရ အကြား အွန်လိုင်း ဆက်သွယ်ဆွေးနွေးမှုများ လုပ်ဆောင်နေသည်ဟု KIO မှ ပြောကြားခဲ့သည့်သတင်းမှာလည်း စိတ်ဝင်စားစရာဖြစ်ခဲ့ပါသည်။

လက်ရှိတွင် COVID- 19 ရောဂါကြောင့် နိုင်ငံရေး ဆွေးနွေးပွဲများကို တရားဝင် လုပ်ဆောင်နိုင်ခြင်း မရှိ သေးသော်လည်း နှစ်ဖက် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် အွန်လိုင်းမှတဆင့် အစိုးရနှင့် ဆွေးနွေးမှုများကို လုပ်ဆောင်နေကြောင်း KIO/KIA အဖွဲ့ သတင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက Network Media Group ကို ပြောကြားခဲ့ပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာဖြစ်ခဲ့သော သတင်းမှာ အစိုးရနှင့် NCA လက်မှတ်ထိုးအဖွဲ့များအကြား ဆွေးနွေးမှုတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စ အပါအဝင် အရေးကြီးသော အချက်အချို့ ညှိနှိုင်းရန် ကျန်နေ၍ ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြကြောင်း VOA သတင်းဌာနက ဇူလိုင် ၃၀ ရက်တွင် သတင်းဖော်ပြခဲ့မှု ဖြစ်ပါသည်။

ဩဂုတ်လအတွင်း ကျင်းပရန် စီစဉ်ထားသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် ဆွေးနွေးမည့် ကိစ္စရပ်များကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များသည် ၄ ရက်ကြာ ညှိနှိုင်းခဲ့ကြသော်လည်း လက်နက်ကိုင်တပ်ဖွဲ့များ ပေါင်းစည်းရေး အပါအဝင် အခြားအရေးကြီးသည့် အပိုင်းများ ကျန်နေသေး၍ ထပ်မံတွေ့ဆုံရန် စီစဉ်ခဲ့ကြခြင်း ဖြစ်ကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

ဩဂုတ် ၁ ရက်တွင် ထပ်မံဆွေးနွေးပြီးနောက် ရရှိလာသည့် အချက်များကို နှစ်ဖက်ကိုယ်စားလှယ်များက သက်ဆိုင်ရာခေါင်းဆောင်များထံ တင်ပြသွားမည်ဖြစ်ပြီး ယင်းနောက် JICM နှင့် UPDJC အစည်းအဝေးများ တွင် အတည်ပြုချက် ရယူမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြမှုအရ သိရပါသည်။

NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် ရှစ်ဖွဲ့အား COVID -19 ကာလအတွင်း တပ်ဖွဲ့ဝင်များနှင့် မိသားစုများ စားဝတ်နေရေးအတွက် အစိုးရက ထောက်ပံ့ငွေများ ပေးအပ်ကူညီခဲ့ကြောင်း ဇူလိုင် ၃၁ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့သောသတင်းမှာလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။

ချင်းအမျိုးသားတပ်ဦး(CNF)မှ ဒေါက်တာရွှေခါးရ်က အစိုးရမှ COVID-19 ထောက်ပံ့ငွေများကို RCSS နှင့် KNU မှ လွဲ၍ ကျန်အဖွဲ့အားလုံးကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း 7 Day ကို ပြောကြားခဲ့ပါသည်။ သို့ရာတွင် အစိုးရ၏ ထောက်ပံ့ကူညီမှု မရယူခြင်းနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တို့ကို 7 Day သတင်းစာက ဆက်သွယ်မေးမြန်း၍ မရခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇူလိုင် နောက်ဆုံးပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။