ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇူလိုင် ပထမပတ်)

Post By Nyein Ko Ko Soe, On July 10, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇူလိုင် ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၉ ရက်အထိ (ဇူလိုင် ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေး၌ တပ်နေရာချထားရေး၊ တိုက်ပွဲမဖြစ်ပွားရေး ကိစ္စများတွင် တိကျသည့်သဘောတူညီချက် မရခဲ့ခြင်း၊ “ဝ” အဖွဲ့(UWSP/UWSA) ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ရွေးကောက်ပွဲကော်မရှင်နှင့် UWSA ခေါင်းဆောင်များအကြား ဆွေးနွေးညှိနှိုင်းရန် လိုအပ်နေသေးကြောင်း ယင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်းတို့မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။

ထို့ပြင် ရခိုင်နှင့် ချင်းတွင် အင်တာနက်ဖြတ်တောက်ထားသည့်အကြောင်း အစိုးရ၏ ရှင်းလင်းမှုအပေါ် ULA/ AA အဖွဲ့က သဘောထားထုတ်ပြန်ခဲ့မှု၊ ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးကို ဩဂုတ် ၁၂ ရက်မှစ၍ နေပြည်တော်၌ သုံးရက်ကြာ ကျင်းပရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား သဘောတူ သတ်မှတ်ထားမှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

“ဝ” အဖွဲ့(UWSP/UWSA) ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် UWSA ခေါင်းဆောင်များအကြား ဆွေးနွေးညှိနှိုင်းရန် လိုအပ်နေသေးကြောင်း ယင်းအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ပြောကြားခဲ့မှုကို ဖော်ပြခဲ့သည့် ဇူလိုင် ၃ ရက်ထုတ် 7 Day Daily သတင်းစာပါသတင်းမှာ ယခုရက်သတ္တပတ်အတွင်း သတိပြုစရာ ဖြစ်ခဲ့ပါသည်။

UWSA ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်လေးခုတွင် ရွေးကောက်ပွဲကျင်းပရေးအတွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် UWSA ခေါင်းဆောင်များ ဖေဖော်ဝါရီက တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အခြေခံလိုအပ်ချက်များအရ ထပ်မံဆွေးနွေးညှိနှိုင်းရန် လိုအပ်နေသေးကြောင်း UWSA လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက 7 Day သတင်းစာသို့ ပြောကြားခဲ့သည်။ UWSA ထိန်းချုပ်နယ်မြေရှိ ပန်ဆန်း၊ မိုင်းမော၊ ပန်၀ိုင်၊ နားဖန်းမြို့နယ်များတွင် ၂၀၁၀   နှင့် ၂၀၁၅ တုန်းက ရွေးကောက်ပွဲများ မကျင်းပနိုင်ခဲ့ကြောင်း ယင်းသတင်းတွင် ပါရှိခဲ့ပါသည်။

နောက်ထပ် သတိပြုစရာ သတင်းတပုဒ်မှာ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်း ခံထားရသည့် ULA/AA အဖွဲ့က ရခိုင်နှင့် ချင်းပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ထားမှုနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်မှာ အချက်အလက်မှားများဖြင့် နိုင်ငံတကာနှင့် ပြည်သူကို လှည့်ဖြားခြင်းသာဖြစ်ကြောင်း ဇူလိုင် ၉ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့မှုကို 7 Day Daily သတင်းစာက ဇူလိုင် ၁၀ ရက်တွင် သတင်းဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် AA အဖွဲ့အနေဖြင့် မိုဘိုင်း အင်တာနက်နည်းပညာကို တလွဲအသုံးချ၍ ဖောက်ခွဲတိုက်ခိုက်ခြင်း၊ အမုန်းတရားလှုံ့ဆော်ခြင်း၊ အစိုးရ ဝန်ထမ်းများအား တိုက်ခိုက် ပြန်ပေးဆွဲ မှုကို စနစ်တကျ လုပ်ဆောင်နေသဖြင့် ကာကွယ်တားဆီးနိုင်ရန် မိုဘိုင်း အင်တာနက် ယာယီ ဖြတ်တောက်ရ ခြင်းဖြစ်ကြောင်း ပါဝင်ခဲ့ကြောင်း 7 Day သတင်းတွင် ဖော်ပြထားပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ယာယီအင်တာနက်ဖြတ်တောက်ထားခြင်းဟု ပါရှိသော်လည်း ရခိုင်နှင့် ချင်းပြည်နယ် ပလက်၀ဒေသတို့တွင် အင်တာနက်ပိတ်ထားသည်မှာ တနှစ်ကျော်ပြီ ဖြစ်သည်ဟု AA အဖွဲ့၏ထုတ်ပြန်မှုတွင် ပါဝင်ကြောင်း အဆိုပါ 7 Day သတင်းတွင် ဖော်ပြမှုအရ သိရပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ဇူလိုင် ပထမပတ်အတွင်း အာရုံစိုက်စရာဖြစ်ခဲ့သော သတင်းမှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေး၌ တပ်နေရာ ချထားရေး၊ တိုက်ပွဲမဖြစ်ပွားရေးကိစ္စများတွင် တိကျသည့်သဘောတူညီချက် မရခဲ့ကြောင်း RFA သတင်းဌာနက ဇူလိုင် ၈ ရက်တွင် သတင်းဖော်ပြခဲ့မှု ဖြစ်ပါသည်။

တနှစ်နှင့် ၁၀ လကျော်ကြာ မကျင်းပနိုင်ခဲ့သည့် ၁၉ ကြိမ်မြောက် JMC-U အစည်းအဝေးကို နေပြည်တော်၌ ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့တွင် ကျင်းပခဲ့သော်လည်း တပ်မတော်နှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ပဋိပက္ခ ဖြစ်ပေါ်နေသော တပ်နေရာချထားရေးအပိုင်းများတွင် တိကျသည့် ဘောတူညီချက်မရခဲ့ဘဲ ၂၀ ကြိမ်မြောက် JMC-U အစည်းအဝေးကို စက်တင်ဘာလ ဒုတိယပတ်တွင် ထပ်မံကျင်းပရန်သာ သဘောတူခဲ့ကြောင်း RFA သတင်းဖော်ပြမှုအရ သိရပါသည်။

JMC အတွင်းရေးမှူး-၁ ဒေါက်တာ ရွှေခါးရ်က တပ်နေရာချထားရေးအပိုင်းနှင့် တိုက်ပွဲများကို ရှောင်ရှားနိုင်ရန် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များအကြား Bilateral ဆွေးနွေးပွဲများတွင် ညှိနှိုင်းမည်ဟု ဇူလိုင် ၈ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း RFA သတင်းတွင် ဖော်ပြထားပါသည်။

ထို့ပြင် ပဋိပက္ခဖြစ်ပွားသည့် နေရာများတွင် ဒေသခံများ ပါဝင်သည့် အရပ်သားစောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းနိုင်ရေးကိုလည်း သက်ဆိုင်ရာဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် အစိုးရ၊ တပ်မတော်အကြား Bilateral ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ဇူလိုင် ၁၀ ရက်ထုတ် 7 Day Daily သတင်းစာတွင် သတင်းဖော်ပြထားပါသည်။

အရပ်သားစောင့်ကြည့်ရေးအဖွဲ့ မဖွဲ့ရသေးသော်လည်း လုပ်ငန်းလမ်းညွှန်များကို ယခင်ကတည်းက ရေးဆွဲထားပြီးဖြစ်ကြောင်းနှင့် အရပ်သား စောင့်ကြည့်ရေးကိုယ်စားလှယ်များ ရွေးချယ်ရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အဆိုပြုသည့်ပုံစံ မဟုတ်ဘဲ ဒေသခံများကိုယ်တိုင် ရွေးချယ်သည့် ပုံစံကို စဉ်းစားထားကြောင်း JMC-U အဖွဲ့ဝင် ဆလိုင်းယောအောင်က ပြောကြားခဲ့ကြောင်း 7 Day သတင်း တွင် ပါရှိခဲ့ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို နေပြည်တော်၌ ဩဂုတ် ၁၂ ရက်မှ ၁၄ ရက်အထိ သုံးရက်ကြာ ကျင်းပရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား သဘောတူ သတ်မှတ်ထားမှုကို BBC သတင်းဌာနက ဇူလိုင် ၆ ရက်တွင် ဖော်ပြခဲ့သည့်သတင်းမှာလည်း စိတ်ဝင်စားစရာ သတင်းတပုဒ် ဖြစ်ခဲ့ပါသည်။

ယခင်က ညီလာခံကျင်းပမည့်ရက်ကို ငါးရက်ခန့် သတ်မှတ်ကျင်းပခဲ့သော်လည်း လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် သုံးရက်သာ ကျင်းပရန် စဉ်းစားခဲ့ပြီး ညီလာခံမတိုင်မီ ပြည်ထောင်စု သဘောတူစာချုပ်တွင် ထည့်သွင်းမည့် အချက်အလက်များကိုလည်း ညှိနှိုင်းနေကြောင်း ALP/ALA အဖွဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်းက ဘီဘီစီကို ပြောကြားခဲ့ပါသည်။

ထို့ပြင် အဆိုပါအစည်းအဝေးကို အစိုးရက သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ အတွက် သတ်မှတ်ချက်စည်းကမ်းများအတိုင်း ကျင်းပသွားမည်ဖြစ်ပြီး တက်ရောက်မည့်လူဦးရေကိုလည်း သုံးပုံ နှစ်ပုံ လျှော့ချသွားမည်ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇူလိုင် ပထမပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။