ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဩဂုတ် ဒုတိယပတ်)

Post By Nyein Ko Ko Soe, On August 14, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဩဂုတ် ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၇ ရက်မှ ၁၃ ရက်အထိ (ဩဂုတ် ဒုတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များအနက် ၂၁ ရာစုပင်လုံညီလာခံသို့ NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး မတက်ရောက်ဖြစ်ခြင်း၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေးကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)၌ ထည့်သွင်းချုပ်ဆိုရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား သဘောတူညီမှု ရရှိခဲ့ခြင်းတို့မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ နေပြည်တော်၌ အလွတ်သဘော တွေ့ဆုံခဲ့မှု၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များကို ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဦးဆောင်သူများ ဆုတံဆိပ်ချီးမြှင့်ခဲ့မှုတို့မှာလည်း စိတ်ဝင်စားစရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို တက်ရောက်ရန် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာထားသည့် ULA/AA အဖွဲ့မှလွဲ၍ အပစ်ရပ်လက်မှတ် မထိုးရသေးသည့် အဖွဲ့ ခုနစ်ဖွဲ့ကို အစိုးရက ဖိတ်ကြားခဲ့ရာ အဖွဲ့အားလုံး မတက်ရောက်ခဲ့ကြခြင်းမှာ ယခု ရက်သတ္တပတ်အတွင်း သတိပြုစရာသတင်းတပုဒ် ဖြစ်ခဲ့ပါသည်။

RFA သတင်းဌာန၏ သတင်းဖော်ပြမှုအရ “၀” အဖွဲ့ (UWSP/UWSA) ဦးဆောင်သော တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)က ပန်ခမ်း၌ အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်မည် မဟုတ်ကြောင်း သြဂုတ် ၁၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု သိရပါသည်။ FPNCC ၏ ကြေညာချက်တွင် ညီလာခံ မတက်ရောက်နိုင်ခြင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားနေချိန် နယ်စပ်ဒေသများတွင် ဆေးဝါးကုသမှု အခက်အခဲနှင့် ခရီးသွားလာရေး အခက်အခဲများကြောင့်ဟု ဖော်ပြထားကြောင်း RFA သတင်းတွင် ပါရှိခဲ့ပါသည်။

သို့ရာတွင် PSLF/TNLA မှ ဗိုလ်မှူးချုပ်တာဘုန်းကျော်က AA အဖွဲ့ကို ပင်လုံညီလာခံ တက်ရောက်ရန် မဖိတ်ကြား၍ FPNCC အနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း RFA ကို ပြောကြားခဲ့ပါသည်။

အလားတူ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် ဖိတ်ကြားခံရသည့် ကရင်နီတိုးတက်ရေးပါတီ (KNPP) ကလည်း ညီလာခံသို့ မတက်ရောက်ဖြစ်ကြောင်း အစိုးရထံ စာပေးပို့သွားမည်ဟု အဖွဲ့တာဝန်ရှိသူ၏ ပြောကြားခဲ့မှုကို 7 Day Daily သတင်းစာက ဩဂုတ် ၁၂ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ဖိတ်ကြားစာ၌ ဖွင့်ပွဲအခမ်းအနားတက်ရောက်ရန် ဟူ၍သာ ပါရှိခဲ့၍ မတက်ရောက်ခြင်းဖြစ်သည်ဟု KNPP အဖွဲ့ အထွေထွေ အတွင်းရေးမှူး ရွှေမျိုးသန့်က 7 Day သတင်းစာကို ပြောကြားခဲ့ကြောင်း သိရပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ဩဂုတ်ဒုတိယပတ်အတွင်း အာရုံစိုက်စရာဖြစ်ခဲ့သော သတင်းမှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)၌ ထည့်သွင်းချုပ်ဆိုရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား သဘောတူညီမှုရရှိခဲ့ကြောင်း ဩဂုတ် ၁၃ ရက်ထုတ် 7 Day Daily သတင်းစာ တွင် ဖော်ပြခဲ့သောသတင်းဖြစ်ပါသည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ပါဝင်မည့် အဓိကအပိုင်း ၃ ပိုင်းအနက် အပိုင်း(၃) ဖက်ဒရယ် အခြေခံမူ သဘောတူညီချက် နှစ်ချက်သာ ရရှိထားရာမှ JICM အကြိုအစည်းအဝေးတွင် ပြည်နယ်အခြေခံဥပဒေ ရေးဆွဲရေးအပါအဝင် သုံးချက် ထပ်တိုးရရှိခဲ့ကြောင်း အစိုးရဆွေးနွေးရေး ကိုယ်စားလှယ် ဦးလှမောင်ရွှေက 7 Day ကို ပြောကြားခဲ့သည်။

ဖက်ဒရယ်အခြေခံမူများ ညှိနှိုင်းရာတွင် အပစ်ရပ်လက်မှတ်ထိုး ၁၀ ဖွဲ့အနက် ကိုးဖွဲ့က သဘောတူညီခဲ့ပြီးနောက် KNU ဘက်က ဖြည့်စွက်လိုသည်များကို ထပ်မံညှိနှိုင်း၍ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း 7 Day သတင်းတွင် ဖော်ပြထားပါသည်။

နောက်ထပ်စိတ်ဝင်စားစရာသတင်းမှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဦးဆောင်သူများ ဆုတံဆိပ် ချီးမြှင့်ခဲ့မှုကို ဖော်ပြခဲ့သော ဩဂုတ် ၁၄ ရက်ထုတ် 7 Day Daily သတင်းစာပါ သတင်းဖြစ်ပါသည်။

အဆိုပါ ဆုတံဆိပ်များ ပေးအပ်ကြောင်းကို ဩဂုတ် ၁၃ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် (၉)ကြိမ်မြောက် NCA အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေး(JICM)တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ပေးသည့်အပေါ် ကျေးဇူးတင်၍ ဂုဏ်ပြုခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သတင်းတွင် ပါရှိခဲ့ပါသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ ဩဂုတ် ၁၂ ရက်က နေပြည်တော်၌ တွေ့ ဆုံ၍ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း 7 Day သတင်းစာတွင် ဖော်ပြခဲ့သည့် သတင်းမှာလည်း အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံမှုမှာ အလွတ်သဘောတွေ့ဆုံမှုဖြစ်ပြီး RCSS ဥက္ကဋ္ဌမှ နေပြည်တော်သို့ လာရောက်စဉ် နိုင်ငံတော်အတိုင်ပင်ခံနှင့် တွေ့ဆုံရန် အဆိုပြု၍ တွေ့ဆုံခြင်းဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

 

၂၀၂၀ ပြည့်နှစ် ဩဂုတ် ဒုတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။