တိုက်ပွဲဖြစ်ပွားမှုများ (မေ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On May 14, 2020

တိုက်ပွဲဖြစ်ပွားမှုများ (မေ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် မေ ၇ ရက်မှ ၁၃ ရက်အထိ (မေ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မင်းပြား၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ငါးကြိမ်ထက် မနည်းရှိခဲ့ပြီး ဘူးသီးတောင်မြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

မေ ဒုတိယပတ်အတွင်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများအတွင်း လက်နက်ကြီးကျည် ကျရောက်မှု၊ မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိသကဲ့သို့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်တွင်လည်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း နမ့်ခမ်း- ဗန်းမော်လမ်းပိုင်းတွင် အရပ်သား နှစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့ကြောင်း မေ ၁၃ ရက်ထုတ် 7 Day သတင်းစာတွင် ဖော်ပြခဲ့ သည်။

မေ ၁၀ ရက်က ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်မှ ဒေသခံအမျိုးသားနှစ်ဦးသည် နမ့်ခမ်းမှ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်သို့ သွားရာတွင် လမ်းမှား၍ မိုင်းပေါက်ကွဲမှု ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါ 7 Day သတင်းတွင် ပါရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား မေ ဒုတိယပတ်အတွင်း မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည် ကျရောက်မှု၊ မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

မင်းပြားမြို့နယ် ရာမောင်တံတားအနီး စိုးမိုးတောင်ကုန်းဖြစ်သည့် ပွိုင့် ၁၁၄ တွင် အခိုင်အမာနေရာယူထားသည့် AA အဖွဲ့၏ စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ခဲ့မှုကို 7 Day သတင်းစာက မေ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

တပ်မတော်သည် ယင်းနေရာတဝိုက်ကို ဧပြီ ၂၀ ရက်မှစ၍ နယ်မြေရှင်းလင်းခဲ့ရာ နေရာငါးနေရာကို အဆင့်ဆင့် သိမ်းပိုက်ခဲ့ပြီး ပွိုင့် ၁၁၄ တောင်ကုန်းကို မေ ၈ ရက်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်းနှင့် AA အဖွဲ့မှ အလောင်း၊ လက်နက်များ သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့သည်ဟု အဆိုပါ 7 Day သတင်းတွင် ဖော်ပြထားပါသည်။

အဆိုပါ ရာမောင်တံတားအောက်တွင် ဈေးဆိုင်ရောင်းချနေသော အမျိုးသမီးတဦးမှာ ဧပြီ ၇ ရက် မွန်းလွဲပိုင်းက လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း DVB သတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။ ယင်းဖြစ်စဉ် ဖြစ်ပွားချိန်၌ တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ရာမောင်တံတားအနီး တောင်ကုန်း များကို လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း သတင်းတွင် ပါရှိခဲ့ပါသည်။

မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို မေ ၅ ရက် ညနေပိုင်းက စ၍ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်နေရာယူပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာများဆီ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေခြင်းကြောင့် လူပေါင်း ၄၀၀၀ ကျော်ခန့်ဟာ နီးစပ်ရာကျေးရွာများနှင့် မင်းပြားမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်းလည်း RFA သတင်းဌာနက မေ ၇ ရက်တွင် ဖော်ပြခဲ့သည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရသည့် ဖြစ်စဉ်အချို့ ကျောက်တော်မြို့နယ်တွင် ဖြစ်ပွားခဲ့ပါသည်။ မေ ၈ ရက်ညနေပိုင်းက ကျောက်တော်မြို့နယ် တောင်ဘွယ်ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့၍ မူလတန်းပြဆရာ တဦးနှင့် မိန်းကလေးငယ် တဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဧရာဝတီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ထို့ပြင် ကျောက်တော်မြို့နယ် ပိုက်သည်နှင့် လက်ဆောင်ကောက်ကျေးရွာများအတွင်း မေ ၁၁ ရက် ညနေပိုင်းက လက်နက်ကြီးကျည် ကျမှန်ပေါက်ကွဲခဲ့သဖြင့် ဒေသခံ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီသတင်းဌာန၏ မေ ၁၂ ရက် သတင်းဖော်ပြမှုအရ သိရပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်တော်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့သော်လည်း ပိုက်သည်ရွာအနီးရှိ ကစ္စပနဒီတံတားတွင် တပ်မတော်ဆေးတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို AA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။ သို့ရာတွင် တပ်မတော်က ပစ်ခတ်သည်ဆိုသည့် စွပ်စွဲချက်အပေါ် ဟုတ်၊ မဟုတ် ဆိုသည်ကိုမူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြုပြောကြားခြင်း မရှိခဲ့ကြောင်း ဧရာဝတီသတင်းတွင် ဖော်ပြထားပါသည်။

မေ ဒုတိယပတ်အတွင်း အရပ်သား သေဆုံးခဲ့သည့်ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်အတွင်း ရွာသားများ စွန့်ခွာသွားခဲ့သော သရက်ပြင်ကျေးရွာတွင် သရက်သီးသွားခူးခဲ့သည့် ကလေးငယ်သုံးဦး မေ ၁၂ ရက် နံနက်ပိုင်းက မြေမြှုပ်မိုင်းနင်းမိပြီး နှစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်း ဖြစ်ပါသည်။

BBC သတင်းဌာနက ဖော်ပြခဲ့သည့် အဆိုပါသတင်းတွင် ဘူးသီးတောင်မြို့နယ် စိုင်းဒင်တံတားအနီး သရက်ပြင်ရွာရှိ မြေမြှုပ်မိုင်းကို ကလေးငယ်များက နင်းမိခဲ့ခြင်းဖြစ်ပြီး အသက် ၁၀ နှစ်နှင့် ကိုး နှစ်အရွယ် ကလေးငယ်နှစ်ဦး သေဆုံး၊ ရှစ်နှစ်အရွယ် ကလေးတဦး ဒဏ်ရာရရှိခဲ့သည်ဟု ပါရှိခဲ့ပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ပလက်ဝမြို့ အနီးတွင် တပ်မတော်နှင့် AA အဖွဲ့အကြား မေ ၇ ရက်မှစ၍ တိုက်ပွဲများ ပြင်းထန်နေကြောင်း ဧရာဝတီသတင်းဌာနက မေ ၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ယင်းတိုက်ပွဲများတွင် တပ်မတော်က တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် မြို့အနီး ဝန်းကျင်ရှိ တောင်တန်းများကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး AA တပ်ဖွဲ့ဝင်များကလည်း ပြန်လည် ပစ်ခတ်မှုများ ရှိကြောင်း ဧရာဝတီသတင်းတွင် ဖော်ပြထားပါသည်။

ယင်းတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ရာ ပလက်ဝမြို့၏အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာ တောင်ကုန်းပေါ်ရှိ ရုပ်သံထပ်ဆင့်လွှင့် တာဝါတိုင်အား မေ ၇ ရက် ည ၁၀ နာရီခန့်တွင် AA တပ်ဖွဲ့ဝင်များက ဖြိုချဖျက်ဆီးသွားခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် မေ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။