တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ ပထမပတ်)

Post By Nyein Ko Ko Soe, On March 5, 2020

တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၄ ရက်အထိ (မတ်လ ပထမပတ်) ကာလအတွင်း ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ အမ်း၊ မင်းပြား၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မြေပုံမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းကိုင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၃၀ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

မတ်လ ပထမပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သား ၁၂ ဦး သေဆုံး၊ ၃၄ ဦးအထိ ထိခိုက် ဒဏ်ရာရခဲ့သည်။ ထို့ပြင် တပ်မတော်နှင့် ARSA တို့ အကြား ဖြစ်ပွားမှု၊ NCA လက်မှတ်ထိုးထားသည့် RCSS/SSA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုတို့ ရှိသကဲ့သို့ စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင်လည်း တပ်မတော်နှင့် ရှမ်းနီလက်နက်ကိုင်အဖွဲ့အကြား ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းကိုင်မြို့နယ်အတွင်း တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် RCSS/SSA အဖွဲ့အကြား တိုက်ပွဲများ ရက်ဆက်ပြင်းထန်နေပြီး ဒေသခံရာနှင့် ချီ၍ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါသည်။

ဖေဖော်ဝါရီ ၂၇ ရက်က မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု လွယ်တွမ်တောင်ပေါ်တွင် တပ်မတော်နှင့် RCSS/SSA အဖွဲ့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ နှစ်ဖက်ညှိနှိုင်းမှုအရ RCSS/SSA အဖွဲ့မှ တပ်ဆုတ်ပေး ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးသတင်းအရ ယင်းနယ်မြေသို့ ဝင်ရောက်ရှင်းလင်းမည်ကို RCSS/SSA အဖွဲ့ထံ ကြိုတင်အကြောင်းကြားထားကြောင်း တပ်မတော်က ရှင်းလင်းခဲ့ပြီး RCSS/SSA ကလည်း တပ်မတော်ဘက်မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

မတ် ၃ ရက်အထိ ရက်ဆက်ဖြစ်ပွားနေသည့် ယင်းတိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုခဲ့ကြသော် လည်း အသေးစိတ်ကိုမူ ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းအတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုမှာ ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ပြည်နယ်အလယ်ပိုင်းရှိ အမ်းနှင့် တောင်ပိုင်းရှိ တောင်ကုတ်မြို့နယ်များတွင်လည်း ဖြစ်ပွားလာခဲ့သည်။

ဖေဖော်ဝါရီ ၂၉ ရက်က မြောက်ဦးမြို့နယ်အတွင်း ရန်ကုန်-စစ်တွေကားလမ်းပေါ် မြောင်းဘွေကျေးရွာအနီးတွင် တပ်မတော်ယာဉ်တန်းကို AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အနီးရှိ ကျေးရွာများကို လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ပြားခဲ့သည်။ ယင်းတိုက်ပွဲကြောင့် အရပ်သား ကိုးဦးအထိ သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ၁၃ ဦး ပျောက်ဆုံးနေကြောင်း သိရပါ သည်။

ပျောက်ဆုံးနေသည့် အရပ်သားအချို့၏ အလောင်းများကို ပြန်လည်တူးဖော်ရရှိခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့ပြီး တပ်မတော်ဘက်ကလည်း ယင်း တိုက်ပွဲ ဖြစ်ခဲ့သောနေရာအနီးတွင် မသင်္ကာဖွယ် အမျိုးသား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

နောက်ထပ် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သည့်ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက မင်းပြားမြို့ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အမျိုးသမီး တဦးသေဆုံး၊ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ပါသည်။ မင်းပြားမြို့ ကြပ်စင်တံတားတွင် တပ်မတော်စစ်ရေယာဉ်များနှင့် AA အဖွဲ့အကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်ရေယာဉ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၇ ရက်က ကုလားတန်မြစ်ကြောင်းအတိုင်း ခုတ်မောင်းလာသည့် ခရီးသည်တင်စက်လှေတစီး ကျောက်တော်မြို့နယ် တင်းမရွာအနီးတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ခရီးသည် လေးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ရသေ့တောင်မြို့နယ်အတွင်း မတ်လဆန်းမှစ၍ တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများရက်ဆက်ပြင်းထန်ခဲ့ပြီး တပ်မတော်မှ ရဟတ်ယာဉ်၊ ဂျက်တိုက် လေယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

မတ် ၄ ရက် နံနက်ပိုင်းကလည်း မြောက်ဦးမြို့အနီး လေးမြို့မြစ်ကမ်းဘေး ပိုးဖြူကျွန်းကျေးရွာဆိပ်ကမ်းတွင် တပ်မတော်နှင့် AA အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့၍ အနီးရှိ ပန်းမြောင်းကျေးရွာ အထကကျောင်းတွင် စာမေးပွဲဖြေနေသော ကျောင်းသူကျောင်းသားများ တိမ်းရှောင်ခဲ့ရသည်။

ထို့ပြင် ယခုရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တပ်မတော်နှင့် ARSA အဖွဲ့အကြား မတ် ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလောင်းနှစ်လောင်းနှင့် လက်နက်များ၊ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဖေဖော်ဝါရီလဆန်းမှ စ၍ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ပလက်ဝမြို့နယ် မီးချောင်းတံထားအနီးတွင် မတ် ၃ ရက်အထိ တိုက်ပွဲများ ရက်ဆက်ပြင်းထန်နေပြီး တပ်မတော်ဘက်မှ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့သည်။

မတ် ၄ ရက် ညပိုင်းကလည်း ပလက်ဝမြို့နယ် ဗွီးဟူးရွာသစ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခြင်းကြောင့် ရွာသား တဦး သေဆုံး၊ တဦး ထိခိုက်ခဲ့ပြီး နေအိမ်ငါးလုံး မီးလောင်သွားကြောင်း သိရပါသည်။

ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ရေလမ်းခရီးများ ပြတ်တောက်နေဆဲဖြစ်ပါသည်။

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု

မတ်လ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအနက် အထူးခြားဆုံးဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ကနန်းဒေသတွင် မတ် ၂ ရက်က တပ်မတော်နှင့် ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

ရှမ်းနီလက်နက်ကိုင်အဖွဲ့အနေဖြင့် ကနန်းဒေသတွင် ၂၀၁၉ ခုနှစ်က စတင်၍ ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများ ပြုလုပ်လာခြင်းဖြစ်ပြီး ယခုအကြိမ်မှာ တပ်မတော်နှင့် ပထမဆုံးအကြိမ် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ပါသည်။ တပ်မတော်က နယ်မြေရှင်းလင်းရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ရှမ်းနီ လက်နက်ကိုင်အဖွဲ့မှ တပ်ဖွဲ့ဝင် တဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

 

၂၀၂၀ ပြည့်နှစ် မတ်လ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။