ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On April 30, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိ (ဧပြီ နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် COVID-19 ကပ်ရောဂါကို အတူတကွပူးပေါင်းရင်ဆိုင်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး အထောက်အကူဖြစ်စေနိုင်ကြောင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်အချို့က ပြောကြားခဲ့ခြင်း၊ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရေး ဆက်သွယ်မှုများ မရှိသေးခြင်းတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။

ထို့ပြင် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့ မေလဆန်းတွင် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားမှု၊ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံခဲ့ရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားနေမှုကို စေ့စပ်ညှိနှိုင်းပေးရန် ခက်ခဲကြောင်း ALP/ALA အဖွဲ့က ပြောကြားခဲ့မှုတို့မှာလည်း ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ ဖြစ်သည့် KIO/KIA အဖွဲ့၊ PSLF/TNLA အဖွဲ့၊ MNTJP/ MNDAA အဖွဲ့၊ ULA/AA အဖွဲ့တို့ ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရေးအတွက် ဆက်သွယ်မှုများ မရှိသေးကြောင်း နှစ်ဖက်ကိုယ်စားလှယ်များနှင့် နီးစပ်သူအချို့က ပြောကြားခဲ့သည်ဟု 7 Day Daily သတင်းစာက ဧပြီ ၂၆ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီတွင် ထပ်မံတွေ့ဆုံရန် သဘောတူထားခြင်းဖြစ်သည်။ သို့ရာတွင် တရုတ်နှစ်သစ်ကူးကာလကြောင့် ဖေဖော်ဝါရီ ဒုတိယပတ်သို့ ရွှေ့ဆိုင်းခဲ့ရပြီး COVID- 19 ကူးစက်ရောဂါကြောင့် ထပ်မံရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တွင် ပါဝင်သည့် ULA/AA အဖွဲ့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအ သင်းအဖြစ် မတ် ၂၃ ရက်က အစိုးရမှ ကြေညာခဲ့ခြင်းကြောင့် ဆွေးနွေးပွဲကျင်းပသွားရန် ပိုမိုခက်ခဲသွားကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားခဲ့သည်ဟု အဆိုပါ 7 Day Daily သတင်းတွင် ဖော်ပြထားပါသည်။

နောက်ထပ်သတိပြုစရာသတင်းတပုဒ်မှာ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံခဲ့ရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားနေမှုကို စေ့စပ်ညှိနှိုင်းပေးရန် ခက်ခဲကြောင်း ALP/ALA အဖွဲ့က ပြောကြားခဲ့မှုကို ဖော်ပြခဲ့သည့် ဧပြီ ၂၅ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းဖြစ်ပါသည်။

တိုက်ပွဲများ ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးရန် နှစ်ဖက်စလုံးကို တိုက်တွန်းမှုများရှိသော်လည်း ကာယကံရှင်အဖွဲ့များက အလျှော့ပေးမည့်အနေအထား မတွေ့ရ၍ ကြားဝင်စေ့စပ်ညှိနှိုင်းပေးရန် ခက်ခဲ့ကြောင်း NCA လက်မှတ်ထိုးထားသည့် ALP/ALA အဖွဲ့မှ ဗိုလ်မှူးကြီး ခိုင်စောမြက 7 Day Daily သတင်းစာသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

COVID-19 ကပ်ရောဂါကို အတူတကွပူးပေါင်းရင်ဆိုင်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး အထောက်အကူဖြစ်စေနိုင်ကြောင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်အချို့က ပြောကြားခဲ့သည်ဆိုသော ဧပြီ ၃၀ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းမှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတရုံးမှ ဧပြီ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ”COVID- 19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီဖွဲ့စည်းကြောင်း” ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ယင်းသို့ ဆောင်ရွက်ခြင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ပါ အခွင့်အလမ်းကောင်းဖြစ်စေနိုင်မည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO/PNLA) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ် ဦးလှမောင်ရွှေကလည်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား COVID- 19 ကာကွယ်ထိန်းချုပ်ကုသရေး ပူးပေါင်းဆောင်ရွက်ခြင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း 7 Day Daily သတင်းစာသို့ ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အစိုးရက COVID- 19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း ၎င်းတို့သက်ဆိုင်ရာဒေသအလိုက် ကိုယ့်အစီအစဉ်နှင့် ကိုယ် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

နောက်ထပ်စိတ်ဝင်စားစရာသတင်းတပုဒ်မှာ အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့ မေလဆန်းတွင် တွေ့ဆုံဆွေးနွေးမည်ဆိုသော မြန်မာတိုင်းမ်သတင်းဌာနက ဧပြီ ၂၉ ရက်တွင် ဖော်ပြခဲ့သည့်သတင်းဖြစ်ပါသည်။

NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနေဖြင့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ဧပြီ ၂၂ ရက်က Online Video Conference ဖြင့် ကျင်းပခဲ့သည်။ အဆိုပါ နောက်ဆက်တွဲအစည်းအဝေးကို မေ ၄ ရက်တွင် ထပ်မံကျင်းပမည်ဖြစ်၍ အချက်အ လက်များ ရပြီဆိုပါက ယင်းရက် နောက်ပိုင်းတွင် အစိုးရနှင့် ဆွေးနွေးမည်ဟု အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားခဲ့ကြောင်း မြန်မာတိုင်းမ်သတင်းတွင် ဖော်ပြထား ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို ဧပြီလမကုန်မီ ကျင်းပရန် စီစဉ်ခဲ့သော်လည်း Covid-19 ဖြစ်ပွားမှုကြောင့် ပျက်ပြယ်ခဲ့ရ၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရပ်တန့်သွားမည်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ စိုးရိမ်နေကြပါသည်။

 

၂၀၂၀ ပြည့်နှစ် ဧပြီ နောက်ဆုံးပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။