ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On December 18, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ (ဒီဇင်ဘာ ဒုတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဖာပွန်ခရိုင်အတွင်း တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ နှစ်ဖက်အပြန်အလှန်စွပ်စွဲပြောကြားသည့်သတင်းများက လွှမ်းမိုးနေပါသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပရန် AA အဖွဲ့၏တောင်းဆိုချက်အပေါ် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ပေးမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း၊ တိုက်ပွဲများ မဖြစ်ပေါ်စေရန် RCSS/SSA နှင့် SSPP/SSA အဖွဲ့အကြား ဆွေးနွေးမှု ပြုလုပ်နေခြင်း စသည့်သတင်းများလည်း ရှိခဲ့ပါသည်။

 

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် နယ်မြေအချို့နှင့် ပတ်သက်ပြီး AA အဖွဲ့၏ တောင်းဆိုချက်အပေါ် ကြိုဆိုပြီး လိုအပ်သလို ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်နေ့အတွက် ပေးပို့သောသဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက ဒီဇင်ဘာ ၁၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးစေရေးကိစ္စများအတွက် တဖက်တလမ်းမှ ကြိုးစားပုံဖော်နေသည်ဟုလည်း ယင်းသဝဏ်လွှာတွင် ဖော်ပြထားကြောင်း ဧရာ၀တီသတင်းတွင် ပါရှိပါသည်။

ဆက်စပ်သတင်းတရပ်အနေဖြင့် မဇ္ဈိမသတင်းဌာန၏ ဒီဇင်ဘာ ၁၄ ရက်တွင် ဖော်ပြမှုအရ တပ်မတော်နှင့် AA အဖွဲ့တို့အကြား နှစ်ဖက်မြေပြင်တပ်မှူးများ တွေ့ဆုံရန် စီစဉ်ထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း လတ်တလောဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားခြင်း မရှိကြောင်း သိရပါသည်။

“ဝ” ဒေသတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲနောက်ပိုင်း မည်သည့်အချိန်တွင် ထပ်မံတွေ့ဆုံကြမည်ကို မသိရသေးကြောင်းနှင့် ထပ်မံတွေ့ဆုံမည့်နေ့၊ အချိန်၊ နေရာများကို တိတိကျကျသတ်မှတ်ထားခြင်းမျိုးမရှိဘဲ အပစ်ခတ်ရပ်စဲရေး ပိုမိုခိုင်မာအောင်ဆက်လက်ညှိနှိုင်းနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မဇ္ဈိမကို ပြောကြားခဲ့သည်။

တပ်မတော်နှင့် AA အဖွဲ့တို့သည် ရခိုင်ပြည်နယ်နှင့် ချင်း ပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တို့တွင် နှစ်နှစ်ကြာ တိုက်ပွဲများ ပြင်းထန်နေရာမှ နိုဝင်ဘာ ပထမပတ်တွင် ရပ်ဆိုင်းလိုက်ကြပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။

နောက်ထပ်သတင်းတပုဒ်မှာ ထင်ရှားသည့် ရခိုင်လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်တဦး ဖြစ်သော ခိုင်ရာဇာ ဦးဆောင်ခဲ့သည့် ရခိုင်အမျိုးသားညီညွတ်ရေးပါတီ/ရခိုင်ပြည်တပ်မတော်(NUPA/AA) က ၎င်းတို့ အဖွဲ့ကို ဖျက်သိမ်းကာ AA အဖွဲ့နှင့် ပူးပေါင်းလိုက်ကြောင်း ဒီဇင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်းကို 7 Day Daily သတင်းစာက သတင်းဖော်ပြခဲ့မှု ဖြစ်ပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ကရင်ပြည်နယ် ဖာပွန်ခရိုင် မဲဝိုင်အနီးတွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ နှစ်ဖက်အပြန်အလှန်စွပ်စွဲပြောကြားနေသည့်သတင်းများကို ဧရာ၀တီနှင့် 7 Day Daily သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

ဧရာ၀တီသတင်းဌာန၏ ဖော်ပြမှုအရ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) က ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် တပ်မတော်တပ်စခန်းအချို့ကို လာရောက်ပစ်ခတ်မှုများ ဆောင်ရွက်နေခြင်းသည် သယံဇာတ ဆိုင်ရာ အကျိုးစီးပွားကိစ္စများ ပါဝင်နိုင်ကြောင်း တပ်မတော်က စွပ်စွဲပြောကြားခဲ့ကြောင်း သိရပါသည်။

တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ပွဲဖြစ်ရခြင်းအကြောင်းက အဆိုပါ ဒေသရှိ သဘာဝသယံဇာတနှင့် ဆိုင်သည့် အကျိုးစီးပွားကိစ္စများ ပါဝင်နေသည်ဟု သိရကြောင်း ဧရာ၀တီကို ပြောကြားခဲ့သော်လည်း မည်သည့်သယံဇာတကိစ္စများကြောင့် ပစ်ခတ်မှုများ ဖြစ်ရသည်ကိုမူ တိတိပပ ရှင်းပြ ခဲ့ခြင်းမရှိပေ။

ထို့အပြင် တပ်မတော်က KNU ၏ KNLA တပ်မဟာ (၅) သည် ဒီဇင်ဘာလအတွင်း မဲဝိုင်အနီး သတ်မှတ်နယ်မြေ ကျော်လွန်၍ မိုင်းဆွဲ တိုက်ခိုက်မှု ငါးကြိမ်နှင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ခဲ့ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ချိုးဖောက်မှုများ ရှိနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU)တပ်မဟာ(၅)ဘက်ကလည်း မဲဝိုင်ဒေသ၌ ယခုလအတွင်း တိုက်ပွဲများ ဖြစ်ပွားရခြင်းမှာ တပ်မတော်က သတ်မှတ်နယ်မြေ ကျော်လွန်၍ ဖြစ်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်ဟု ဒီဇင်ဘာ ၁၇ ရက်ထုတ် 7 Day Daily သတင်းစာက သတင်းဖော်ပြခဲ့သည်။

KNU တပ်မဟာ ၅ ၏ ရှင်းလင်းမှုတွင် ၎င်းတို့ ဒုတပ်ရပ်မှူးကိုယ်တိုင် မဲဝိုင်စခန်းရှိ တပ်မတော်တပ်ရင်းမှူးထံ သုံးကြိမ် သွားရောက်ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရခဲ့ကြောင်း၊ ယင်းနောက် တပ်မတော်က ကြိုတင် အသိပေးခြင်း မရှိဘဲ သတ်မှတ်နယ်မြေကို ကျော်လွန်လာ၍ တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်ဟု 7 Day သတင်းတွင် ပါရှိပါသည်။

နောက်ထပ်သတင်းတပုဒ်မှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP/SSA)တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုကို ရပ်တန့်နိုင်ရန် ဆွေးနွေးပွဲများ ပြုလုပ်နေ ကြောင်း DVB သတင်းဌာနက ဒီဇင်ဘာ ၁၆ ရက်တွင် သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ ထို ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အကြား တိုက်ပွဲမဖြစ်ပွားစေရန် ၂၀၁၉ ခုနှစ် မေလကတည်းက နှစ်ဖက်သဘောတူညီမှု ရရှိထားသော်လည်း ယခုဒီဇင်ဘာလဆန်းတွင် ရှမ်းပြည်နယ် နမ္မတူမြို့နယ်တွင် စစ်ရေးတင်းမာမှုများ ဖြစ်ပေါ် နေခြင်း ဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ဒုတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။