ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ စတုတ္ထပတ်)

Post By Nyein Ko Ko Soe, On January 26, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ စတုတ္ထပတ်)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ( ဇန်နဝါရီ စတုတ္ထပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် မြောက်ပိုင်းလေးဖွဲ့အနေဖြင့် လိုလားချက်များရရှိပါက NCA ထိုးရန် အသင့်ဖြစ်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့မှု၊ တပ်မတော်မှ ဒရုန်းများအသုံးပြု၍ ၎င်းတို့၏တပ်စခန်းများကို စုံစမ်းထောက်လှမ်းနေကြောင်း KNU တပ်မဟာ(၅)က JMC-S သို့ ကန့်ကွက်စာပို့ခဲ့မှုတို့မှာ ယခုရက်သတ္တ ပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။

ထို့အပြင် NCA လက်မှတ်မထိုးသည့် လက်နက်ကိုင်အဖွဲ့များပါဝင်လက်မှတ်ရေးထိုးရေး ဒေါ်အောင်ဆန်း စုကြည်နှင့် တရုတ်သမ္မတတို့ နေပြည်တော်တွင် ဆွေးနွေးခဲ့မှု၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ မတ်လအတွင်း ကျင်းပနိုင်ရေး အစိုးရနှင့် အပစ်ရပ်အဖွဲ့ ညှိနှိုင်းရန် စီစဉ်မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။

 

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သည့် KIO/KIA အဖွဲ့၊ PSLF/TNLA အဖွဲ့၊ MNTJP/MNDAA အဖွဲ့၊  ULA/AA အဖွဲ့တို့အနေဖြင့် ၎င်းတို့၏လိုလားချက်များ ရရှိပါက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးရန်အသင့်ရှိကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက 7 Day Daily သတင်းစာသို့  ပြောကြားခဲ့မှုမှာ ယခုရက်သတ္တပတ်အတွင်း စိတ်ဝင်စားစရာအကြောင်းအရာတခု ဖြစ်ခဲ့သည်။

ဇန်နဝါရီ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့၏ ဆွေး နွေးပွဲတွင် NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရေးဆွေးနွေးခဲ့မှုနှင့် ပတ်သက်၍ KIO/KIA အဖွဲ့၏ သဘောထားကို  ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့အနေဖြင့် တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုကြောင်း သီးခြားစီကြေညာချက် ထုတ်ပြန်ကြိုဆိုခဲ့ကြသကဲ့သို့ ခရီးစဉ်မတိုင်မီကလည်း တရုတ်အထူးကိုယ်စားလှယ်မစ္စတာဆွန်ကော်ရှန်းသည် ကချင်ပြည်နယ်လိုင်ဇာဒေသသို့ သွားရောက်၍ KIA၊ AA အဖွဲ့များနှင့်  တွေ့ဆုံခဲ့ပါသည်။

နောက်ထပ်ထူးခြားသည့်သတင်းတပုဒ်မှာ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့ ညှိနှိုင်းနေသည့် အချက်များအနက် တရုတ်နိုင်ငံနှင့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တို့ ပါဝင်သည့်ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရန် အဆိုပြုချက်ပြေလည်ပါက Bilateral အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း ဖြစ်လာနိုင်သည်ဟု  ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားခဲ့သော သတင်းဖြစ်ပါသည်။ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့သည် Bilateral အပစ်ရပ်စဲရေး လက်မှတ်ထိုးရန် ညှိနှိုင်းနေရာ တစ်နှစ်ကျော်ပြီဖြစ်ပြီး မြောက်ပိုင်းလေးဖွဲ့က အဆိုပြုသည့် အချက်ရှစ်ချက်ကို ညှိနှိုင်းနေကြခြင်းဖြစ်ပါသည်။

 

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ၊ တပ်ရင်းဌာနချုပ်တပ်စခန်းများကို တပ်မတော်က ဒရုန်းများလွှတ်၍ စုံစမ်းထောက်လှမ်းနေသည်ဟု ဆိုကာ KNU တပ်မဟာ(၅)က ကရင်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC -S)သို့ ဇန်နဝါရီ ၂၁ရက်က ကန့်ကွက်စာပေးပို့ခဲ့မှုမှာ ယခုရက်သတ္တပတ်အတွင်း သတိပြုစရာသတင်းတပုဒ် ဖြစ်ခဲ့သည်။

ယခုလုပ်ရပ်သည် အများပြည်သူ၏ နေထိုင်မှုဘဝလုံခြုံရေးအန္တရာယ်ပြုခြင်းနှင့် အဖွဲ့အစည်း၏ လုံခြုံရေးကို ခြိမ်းခြောက်ရုံသာမက နှစ်ဖက်အပြန်အလှန် ယုံကြည်မှုပျက်ပြားစေသည့်လုပ်ဆောင်မှုများဖြစ်ပြီး တပ်မတော်၏ လုပ်ရပ်ကို အပြင်းအထန်ကန့်ကွက်ကြောင်း KNU က ပေးပို့သည့်စာတွင် ဖော်ပြထားပြီး  တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ စစ်ရေးအရ ဒရုန်းအသုံးပြုစုံစမ်းစရာမလိုဟု ဆိုကာ KNU ၏ စွပ်စွဲမှုကို ငြင်းပယ်ခဲ့ပါသည်။ တပ်မတော်က လမ်းဖောက်လုပ်သည့်ဖြစ်စဉ်ကြောင့် တပ်မတော်နှင့် KNU တပ်မဟာ(၅) အကြား တိုက်ပွဲများရက်ဆက်ဖြစ်ပွားခဲ့ပြီး တပ်ပိုင်းဆိုင်ရာဆွေးနွေး ပွဲများ ပြုလုပ်ခဲ့ရကာ ညှိနှိုင်းမှုများ အဆင်ပြေခဲ့ပြီးနောက် ယခုကဲ့သို့ ဖြစ်စဉ်ထပ်မံဖြစ်ပွားခြင်း ဖြစ်ပါသည်။

နောက်ထပ်အာရုံစိုက်စရာသတင်းတပုဒ်မှာ  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ကျင်းပနိုင်ရေးအတွက် အရေးပါသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို မတ်လအတွင်း ကျင်းပနိုင်ရန် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ ရန်ကုန် မြို့တွင် တွေ့ဆုံညှိနှိုင်းမည့် သတင်းဖြစ်ပါသည်။

ကရင်၊ ချင်း၊ ပအိုဝ်းနှင့် မွန်လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများနှင့် ရှမ်း၊ တနင်္သာရီနှင့် ပဲခူးတိုင်းတို့တွင် ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပခဲ့ပြီးဖြစ်သော်လည်း ရှမ်းနှင့် ရခိုင်အဖွဲ့တို့သည် လူမျိုးအလိုက်ဆွေးနွေးပွဲများ ကျင်းပရန် ပြေလည်မှုမရသေးခြင်းကြောင့် NCA လက်မှတ်ထိုးပြီး လေးနှစ်ကျော်ကြာသည်အထိ မကျင်းပရသေးကြောင်း သိရပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ စတုတ္ထပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။