တိုက်ပွဲဖြစ်ပွားမှုများ(ဖေဖော်ဝါရီ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On February 13, 2020

တိုက်ပွဲဖြစ်ပွားမှုများ(ဖေဖော်ဝါရီ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ (ဖေဖော်ဝါရီ ဒုတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်၊ အမ်း၊ မင်းပြားမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၃၀ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည်ကျရောက်မှုတို့ကြောင့် အရပ်သားငါးဦးသေဆုံး၊ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် တပ်မတော်နှင့် KNU အဖွဲ့ အကြား တင်းမာမှုရှိနေသည့် ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ(၅)နယ်မြေတွင်လည်း တပ်မတော်မှ လက်နက်ကြီးများဖြင့် ၆ ရက်ဆက် ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပြီး မိုင်းပေါက်ကွဲမှု၊ လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲမှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ မြင့်တက်လာခဲ့ပါသည်။

အရပ်သားထိခိုက်သေဆုံးမှုများခဲ့သည့် ဖြစ်စဉ်တခုမှာ ဖေဖော်ဝါရီ ၁၂ ရက်က ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာအုပ်စု ရေချမ်းပြင်ရွာသစ်ကျေးရွာရှိ နေအိမ်တလုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် သုံးဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့မှု ဖြစ်ပါသည်။

အလားတူ ကျောက်တော်မြို့နယ် ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ ရွာသားတဦးသေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။ ဖေဖော်ဝါရီ ၁၀ ရက်က ကျောက်တော်မြို့နယ် တောင်ဘွယ်(သစ်)ကျေးရွာ၊ ဟယားကျေးရွာနှင့် မျောက်တောင်ကျေးရွာများ အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အရပ်သားတဦး သေဆုံး၊ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သကဲ့သို့ ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းတွင်လည်း မျောက်တောင်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ခဲ့၍ ကျောင်းသားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ AA အဖွဲ့က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ခဲ့ခြင်းအပေါ် AA အဖွဲ့က ငြင်းဆန်ခဲ့ပြီး တပ်မတော်စစ်ရေယာဉ်များက ပစ်ခတ်ခဲ့၍ အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့ပါသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၀ ရက်က ကျောက်တော်မြို့နယ် ဂါပုကျေးရွာတွင် ကောက်ရသည့် ဗုံးဆန်ကို ထုခွဲဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ကလေး တဦး သေဆုံးပြီး အခြားကလေး ငါးဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ ဖေဖော်ဝါရီ ၆ ရက် ညပိုင်းကလည်း ရသေ့တောင်မြို့နယ် မေယုမြစ်ထဲတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အနီးရှိ ရေပုတ်နှင့် ဆောက်ခတ်ရွာများမှ အမျိုးသမီးလေးဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပါသည်။ ယင်းနေရာတွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ဘဲ တပ်မတော်စစ်ရေယာဉ်မှ အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားများက ပြစ်တင်ခဲ့ပြီး တပ်မတော်ဘက်မှ ငြင်းဆန်ခဲ့ပါသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ရှစ်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ဖေဖော်ဝါရီ ၃ ရက်မှ စ၍ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၅ ရက် တရက်တည်းမှာပင် မင်းပြား၊ ဘူးသီးတောင်၊ ကျောက်တော်မြို့နယ်များတွင် တိုက်ပွဲခြောက်ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး အရပ်သား ရာနှင့်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါသည်။ အလားတူ ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက်များတွင်လည်း မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့ အကြား တိုက်ပွဲများ ရက်ဆက်ပြင်းထန်ခဲ့ပြီး တပ်မတော်မှ ရဟတ်ယာဉ်များ၊ စစ်ရေယာဉ်များဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အင်တာနက် ဖြတ်တောက်မှုတွင် ပါဝင်သည့်ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ရက်ဆက်ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများလည်း ရှိခဲ့ပါသည်။

ပလက်ဝမြို့နယ် မီးချောင်းတံတားအနီးရှိ တပ်မတော်၏ ဗျူဟာစခန်းကုန်းကို AA အဖွဲ့က အင်အား နှစ်ရာခန့်ဖြင့် လေးနေရာက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖေဖော်ဝါရီ ၆ ရက်မှစ၍ တိုက်ပွဲများရက်ဆက်ပြင်းထန်ခဲ့ပါသည်။ ယင်းတိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း တပ်မတော်နှင့် AA အဖွဲ့ တာဝန်ရှိသူများက အတည်ပြုခဲ့ကြသော်လည်း အသေးစိတ်ကိုမူ ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

တပ်မတော်က လမ်းဖောက်လုပ်သည့်ကိစ္စနှင့် ပတ်သက်၍ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)အဖွဲ့အကြား တင်းမာမှုများ ဖြစ်ပေါ်နေသည့် ဖာပွန်ခရိုင်ရှိ KNU တပ်မဟာ ၅ နယ်မြေအတွင်း တပ်မတော်ဘက်မှ ဖေဖော်ဝါရီ ၃ ရက်မှ ၈ ရက်အထိ လက်နက်ကြီးများဖြင့် ခြောက်ရက်ဆက် ပစ်ခတ်ခဲ့ ပါသည်။

ယင်းကဲ့သို့ ပစ်ခတ်ခဲ့မှုကြောင့် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထာကျေးရွာအုပ်စုက ဝါသိုးခိုကျေးရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU က ပြောကြားခဲ့ပါသည်။ တပ်မတော်ကလည်း KNU ဘက်မှ တပ်မတော်စခန်းများကို မိုင်းထောင်ခြင်း၊ လာရောက်တိုက်ခိုက်ခြင်းများဆောင်ရွက်ခဲ့၍ လက်နက် ကြီးတချို့ ပစ်ခတ်ပြီး လက်တုန့်ပြန်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါသည်။

ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းက ဖာပွန်မြို့နယ်တွင် KNU ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တပ်မတော်မှ တပ်ရင်းမှူးတဦး ကျဆုံးခဲ့သကဲ့သို့ ဖေဖော်ဝါရီ ၆ ရက်ကလည်း KNU အဖွဲ့မှ တပ်မတော်စခန်းတခုကို လာရောက်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောကြားခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။