တိုက်ပွဲဖြစ်ပွားမှုများ (အောက်တိုဘာ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On November 4, 2020

တိုက်ပွဲဖြစ်ပွားမှုများ (အောက်တိုဘာ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ (အောက်တိုဘာ နောက်ဆုံးပတ်) ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း ပစ်ခတ်မှုများကြောင့် အရပ်သားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်(မြောက်ပိုင်း) မင်းပြား၊ ပေါက်တော၊ ကျောက်ဖြူမြို့နယ်များတွင် တပ်မတော်နှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ နေ့စဉ် ဖြစ်ပေါ်နေ၍ ကလေးငယ်များအပါအဝင် အရပ်သားထိခိုက်မှု များပြားခဲ့ပြီး ဒေသခံ ရာနှင့်ချီ တိမ်းရှောင်ခဲ့ရပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေဆဲဖြစ်သည့် ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် အောက်တိုဘာ နောက်ဆုံးပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရမှုများပြားခဲ့ကြောင်း သတင်းဌာနများက ဖော်ပြခဲ့ကြပါသည်။

ဧရာ၀တီသတင်းဌာန၏ သတင်းဖော်ပြမှုအရ အောက်တိုဘာ ၂၉ ရက် တရက်တည်းမှာပင် မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့တွင် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ကလေးငယ် သုံးဦးအပါအဝင် ဒေသခံကိုးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။

လက်နက်ကြီးကျည်စ ထိမှန်၍ မင်းပြားမြို့နယ် စက္ကရေကျေးရွာမှ သုံးဦး၊ သက်ပုန်းကျေးရွာမှ တဦးနှင့် ပေါက်တောမြို့နယ် ရှင်ကျော်ကျေးရွာမှ ငါးဦး တို့ ထိခိုက်ဒဏ်ရာရခဲ့ကြပြီး တပ်မတော်ရေယာဉ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားမှုကို ကိုးကား၍ ဧရာ၀တီသတင်းတွင် ဖော်ပြထားပါသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားမှု လုံးဝ မရှိခဲ့သော ပေါက်တောမြိုနယ်နှင့် မင်းပြားမြို့နယ်အစပ်ကျေးရွာများအတွင်း လက်နက်ကြီး၊ လက်နက်ကြီးငယ်ကျည်များ ကျရောက်ထိမှန်မှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့ပြီး ဒေသခံ ရာနှင့်ချီ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း 7 Day Daily သတင်းစာက နိုဝင်ဘာ ၂ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

နိုဝင်ဘာ ၁ ရက် နံနက်ပိုင်း နှင့် နေ့လယ်ပိုင်းတွင် မင်းပြားမြို့နယ် စွန်ရဲ၊ ကြောင်ရှည်ချောင်း၊ သက်ပုန်း၊ ချောင်းရှည်၊ ခေါင်းလောင်းချောင်းစသည့်ကျေးရွာများနှင့် အနီးဝန်းကျင်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ပြီး လက်နက်ငယ် ပစ်ခတ်မှုများလည်း ရှိကြောင်း ဒေသခံများက ပြောကြားခဲ့သည်ဟု အဆိုပါ သတင်းတွင် ပါရှိခဲ့သည်။

VOA သတင်းဌာနကလည်း နိုဝင်ဘာ ၂ ရက်က ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းကျေးရွာတွင် တပ်မတော် စစ်ကြောင်း ဝင်ရောက်လာပြီးနောက် ပစ်ခတ်မှု ဖြစ်ရာ အမျိုးသမီးတဦး ဒဏ်ရာရသကဲ့သို့ ဒေသခံအချို့ကိ ဖမ်းဆီးစစ်ဆေးခဲ့ခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးစိုးရိမ်ပြီး တိမ်းရှောင်နေရကြောင်း သတင်းဖော်ပြ ခဲ့ပါသည်။ ဒဏ်ရာရရှိခဲ့သူမှာ အသက် ၅၀ ကျော် အမျိုးသမီးတဦးဖြစ်ပြီး အခြေအနေ စိုးရိမ်ရ၍ ကျောက်ဖြူ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း VOA သတင်းတွင် ဖော်ပြထားပါသည်။

အငြားပွားဖွယ်ရာ အရပ်သားထိခိုက်သေဆုံးမှုမှာ အောက်တိုဘာ ၂၈ ရက်က စစ်ဘေးရှောင်များအတွက် ICRC မှ ထောက်ပံ့သည့် ပစ္စည်းများ သယ်ဆောင်လာသော ရေယာဉ်တစီးမှာ ရသေ့တောင်မြို့နယ်မေယုမြစ်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ တဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့မှု ဖြစ်ပါသည်။

အဆိုပါ ဖြစ်စဉ်ကို အောက်တိုဘာ ၂၉ ရက်ထုတ် 7 Day Daily သတင်းစာတွင် ICRC ငှားရမ်းထားသည့် ရေယာဉ်တစီး ရသေ့တောင်မြို့နယ်အတွင်း ပစ်ခတ်ခံရခြင်းကြောင့် တဦး သေဆုံး၊ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများ၏ ပြောကြားမှုကို ကိုးကား၍ ဖော်ပြခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါရေယာဉ်မှာ ICRC ထောက်ပံ့ရေးရေယာဉ် မဟုတ်ဘဲ AA အဖွဲ့ စီးနင်းလာသည့် ရေယာဉ်သာ ဖြစ်ပြီး တပ်မတော်စစ်ရေယာဉ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြန်လည်ပစ်ခတ်ခဲ့ရာ မီးလောင်မျောပါသွားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည် ဟု 7 Day သတင်းတွင် ပါရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ နောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။