တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ ဒုတိယပတ်)

Post By Nyein Ko Ko Soe, Pan Su Wai, On December 18, 2019

တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ ဒုတိယပတ်)

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ရက်အထိ (ဒီဇင်ဘာ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြား၊ အမ်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)နမ့်ဆန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၃ ကြိမ်ထက် မနည်း ရှိခဲ့ပြီး အရပ်သားသေဆုံးမှု နှစ်ဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ဒီဇင်ဘာ ဒုတိယပတ်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုများအနက် တပ်မတော်နှင့် AA အဖွဲ့အကြား ဖြစ်ပွားမှုမှာ အရေအတွက် အများဆုံး ဖြစ်ခဲ့ပြီး တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုလည်း ရှိခဲ့ပါ သည်။

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားမှု

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း တိုက်ပွဲဖြစ်ပွားခဲ့မှုမှာ ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက နမ့်ဆန်မြို့နယ် ကယားလမ်းရွာအနီးတွင် တပ်မတော်နှင့် TNLA အဖွဲ့တို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ယခု တိုက်ပွဲ ဖြစ်ပွားသည့် နမ့်ဆန်မြို့နယ် ကယားလမ်းကျေးရွာပတ်ဝန်းကျင်တွင် လွန်ခဲ့သည့် နှစ်လကျော် ကလည်း တပ်မတော်နှင့် TNLA အဖွဲ့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများ ကျရောက်ခဲ့ ခြင်းကြောင့်  ဒသခံများ နမ့်ဆန်မြို့ ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။

နမ့်ဆန်မြို့နယ်အတွင်း  တပ်မတော်နှင့် TNLA အဖွဲ့ကြား  မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး နိုဝင်ဘာ လကလည်း နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအုပ်စု၊ ဟိုမိန်းကျေး ရွာနှင့်တဝိုက်၌ TNLA နှင့် ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ခဲ့ပြီးနောက် ပခုံးထမ်း လေယာဉ်ပစ်လက်နက် အပါအဝင် လက်နက်၊ ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း တပ်မတော်က  ထုတ်ပြန်ခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဒီဇင်ဘာ ဒုတိယပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးမှာ ရခိုင်ပြည်နယ်(မြောက်ပိုင်း) မင်းပြားမြို့နယ် တွင် ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှု ၁၀ ကြိမ်ထက် မနည်း ရှိခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးကျော် ရှိခဲ့ကြောင်း သိရပါသည်။

အရပ်သားသေဆုံးမှု ရှိခဲ့သည့် တိုက်ပွဲဖြစ်ပွားမှုမှာ မင်းပြားမြို့နယ် စိတ္တရကျေးရွာတွင် ဒီဇင်ဘာ ၁၁ ရက်ညပိုင်းက တပ်မတော်နှင့် AA အဖွဲ့တို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူသုံးဦး သေဆုံးခဲ့ကြောင်း သတင်းဖော်ပြမှုများအရ သိရပါသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်၏ ဒီဇင်ဘာ ၁၃ ရက် သတင်းထုတ်ပြန်မှုတွင်မူ မင်းပြားမြို့နယ် စိတ္တရကျေးရွာရှိ နေအိမ်တလုံးပေါ်မှ AA အဖွဲ့က တပ်မတော်စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် တပ်မတော် အရာရှိတဦး ဒဏ်ရာရရှိခဲ့ပြီး ပစ်ခတ်ခဲ့သည့်အိမ်တွင် မသင်္ကာဖွယ် အမျိုးသား နှစ်ဦး သေဆုံးကာ အမျိုးသား ခုနစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဖော်ပြခဲ့ပါသည်။

အလားတူ မင်းပြားမြို့နယ် ရာမောင်တံတား၌ ဒီဇင်ဘာ ၁၁ ရက်တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တပ်မတော်က ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့ ကြောင်း သိရပါသည်။ ယင်းတိုက်ပွဲဖြစ်ပွားသည့်နေရာအနီးရှိ ကုလားမတောင်ကျေးရွာအတွင်းကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရွာသား ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

ထို့ပြင် မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာအနီး သင်းကျစ်တော်တောင်ခြေ၌ ဒီဇင်ဘာ ၁၃ ရက်တွင် တပ်မတော်နှင့် AA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နဖူးသင်းကျစ်တော် ဓာတ်စေတီတော်ရှိသည့်  တောင်ပေါ်သို့ လက်နက်ကြီးကျည် အများအပြား ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ချင်းပြည်နယ်  ပလက်ဝမြို့နယ်အတွင်း ပလက်ဝစခန်းနှင့် ပလက်၀ တံတား စီမံကိန်းကို AA အဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်မှ ဒီဇင်ဘာ ၁၂ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်၏ သတင်းထုတ်ပြန်မှုအရ AA အဖွဲ့အနေဖြင့် ပလက်ဝမြို့နယ်အတွင်းရှိ နှုံးဘူးစခန်းကို ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့ကလည်း  လာရောက်တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများအတွင်း AA အဖွဲ့ထံမှ အလောင်း ခြောက်လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။