ထုတ်ပြန်ကြေညာချက်များ (ဇွန် ဒုတိယပတ်)

Post By Pan Su Wai, On June 16, 2020

ထုတ်ပြန်ကြေညာချက်များ (ဇွန် ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် ဇွန် ၉ ရက်မှ ၁၅ ရက်အထိ (ဇွန် ဒုတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်နှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ စုစုပေါင်း ၂၃ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ကြေညာချက်များတွင် တပ်မတော်မှ ၁၇ ခုအထိ ထုတ်ပြန်ခဲ့ပြီး အစိုးရမှ ငါးခုနှင့် အရပ်ဘက်အဖွဲ့အစည်းမှ တခု အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

ပြည်ထောင်စုအစိုးရ၏ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း ထွက်ရှိခဲ့သော ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များအနက် Covid- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ဇွန် ၁၀ ရက်စွဲဖြင့် အသိပေးကြေညာချက်မှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လိုသော မြန်မာနိုင်ငံသားများအနေဖြင့် တရားဝင်နယ်စပ်ဂိတ်များမှသာ ပြန်လည် ဝင်ရောက်စေရန်နှင့် ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုအား ခံယူစေရန် အကြောင်းကြားပြီးဖြစ်သော်လည်း တရားဝင်လက်ခံရေးစခန်းမရှိသော နယ်စပ် ဝင်ပေါက်များမှ ဝင်ရောက်လာသူများရှိနေသည့်အတွက် ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဟန့်အတားများ ဖြစ်ပေါ်စေနိုင်သည့်အပြင် ကိုဗစ်ရောဂါ ပြန့်ပွားမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ” ဦးစွာ ဖော်ပြခဲ့သည်။

ယင်းနောက် ” ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ မည်သူမဆို တရားမဝင် ဝင်ထွက်ပေါက်များမှ ဝင်ရောက်လျှင်၊ ထိုသို့ တရားမဝင် ဝင်ရောက်ကြောင်း သိလျက်နှင့် လက်သင့်ခံလျှင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း” အဆိုပါအသိပေးကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။

ထို့ပြင် Covid- 19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ဇွန် ၁၂ ရက်စွဲဖြင့် “ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သော‌ကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့စည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁၅ ရက်ထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအား ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၃၀ ရက်အထိ တိုးမြှင့်သတ်မှတ် ဆောင်ရွက်ထားကြောင်း” ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ

ဇွန် ဒုတိယပတ်အတွင်း ထွက်ရှိခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များအနက် “ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ဈေးသို့ ဈေးဝယ်သွား ရောက်သည့် အရာရှိတဦးနှင့် စစ်သည်တဦးတို့အား အမည်မသိအမျိုးသား ရှစ်ဦးက အကြောင်းမဲ့ဓားဖြင့် ထိုးပြီး သံတုတ်များဖြင့် ရိုက်နှက်ကာ စစ်သည်အား ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း” ဇွန် ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ချက်မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ နယ်မြေခံတပ်မှ အရာရှိတဦးနှင့် စစ်သည်တဦးတို့သည် ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ဈေးသို့ ဈေးဝယ်ရန်သွားရောက်စဉ် အမည်မသိ အမျိုးသား ရှစ်ဦးခန့်က ၎င်းတို့နှစ်ဦးအား ဓားနှင့် သံတုတ်များဖြင့် ဝိုင်းဝန်း ထိုးနှက်ရိုက်ပုတ်ပြီး စစ်သည်အား ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း”ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများသည် AA အဖွဲ့၊ ယင်းတို့နှင့် ဆက်စပ်ပတ်သက်သူများ ဖြစ်နိုင်ပြီး ပုဏ္ဏားကျွန်းမြို့မ ရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည့်စစ်သည်အား ပြန်လည်ရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဇွန် ၁၁ ရက်စွဲဖြင့်ပင် “ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ဈေးအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များကို ရန်မူလာသည့် မသင်္ကာဖွယ်လူတဦးအား ဓား၊ ဒေသန္တရမိုင်း တလုံးတို့နှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရမိကြောင်း” ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

ယင်းထုတ်ပြန်ချက်တွင် ” မြို့သစ်ဈေးအနီး၊ ဈေးလမ်းဆုံနေရာ၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များထံသို့ ဓားမြောင် ကိုင်ဆောင်ထားသော မသင်္ကာဖွယ်အမျိုးသားတဦးက ရန်မူတိုက်ခိုက်လိုသည့် အပြုအမူဖြင့် ချဉ်းကပ်လာသောကြောင့် သတိပေးခြောက်လှန့်ပစ်ခတ်ခဲ့ရာ ခြေထောက်တွင် ကျည်ဆံထိမှန်ပြီး လဲကျစဉ် ထပ်မံပစ်ခတ်ခဲ့သည့် ကျည်ဆံကြောင့် ခန္ဓာကိုယ်ပိုင်းသို့ ထပ်မံထိမှန်ခဲ့ကာ သေဆုံးသွားခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “သေဆုံးသူအား စစ်ဆေးခဲ့ရာ ကျောပိုးအိတ်အတွင်းမှ အမြင့် ၆ လက်မ၊ အချင်း ၈ လက်မခန့်ရှိ ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားသော ဒေသန္တရ မိုင်း တစ်လုံးအပါအဝင် မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ကြူပိုက် အမြောက်အမြားအား ကျောပိုးအိတ်နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ “ မိုးကုတ်မြို့နယ်၊ မိုးကုတ်မြို့မ ရဲစခန်းမှ ရဲ နှစ်ဦး နှင့် ဒေသခံပြည်သူ တဦးအား TNLA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း” ဇွန် ၁၃ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ သတင်းထုတ်ပြန်မှုတွင် “မိုးကုတ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတဦးနှင့် ရဲတပ်သား တဦးတို့သည် မိုးကုတ်မြို့နယ်၊ သဒွတ်ကျေးရွာနေသူ မောင်းနှင်သော မော်တော်ယာဉ်ဖြင့် လယ်ကြီးရဲကင်းစခန်းသို့ တာဝန်လဲလှယ် ထမ်းဆောင်ရန် အရပ်ဝတ်ဖြင့် ထွက်ခွာလာစဉ် ညောင်ကုန်း(အောက်)ကျေးရွာသို့ အရောက်၌ TNLA အဖွဲ့မှ အင်အား ၅၀ ဦးခန့်က ၎င်းတို့သုံးဦးအား ဟိုးဝိတ်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း” ဖော်ပြခဲ့ပါသည်။

ဇွန် ၁၃ ရက်စွဲဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည့် “ကျောက်တော်မြို့ရဲစခန်းမှ ရဲအရာရှိတစ်ဦးအား အမည်မသိအမျိုးသား ခြောက်ဦးက ဓား၊ စကေဘာများဖြင့် ဝိုင်းဝန်းထိုးသတ်ခဲ့ကြောင်း” သတင်းထုတ်ပြန်ချက်မှာလည်း သတိပြုစရာဖြစ်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော ရဲအရာရှိတဦးသည် ရဲစခန်းမှ မြို့သစ်ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ပြန်လာစဉ် နေအိမ်အနီးအရောက်၌ အမည်မသိအမျိုးသား ခြောက်ဦးခန့်က ဓားများ၊ စကေဘာများဖြင့် ဝိုင်းဝန်းထိုးနှက်ခဲ့ပြီး ၎င်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်တော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစဉ် ရရှိဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် ” AA တပ်ဖွဲ့ဝင်များသည် အရပ်သားများအသွင်ဆောင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်ပြီး အလစ်အငိုက် တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိပြီး ယခုအခါ ရဲအရာရှိတဦးအား အရပ်သား အသွင်ဆောင်၍ ထပ်မံတိုက်ခိုက်လာခြင်း ဖြစ်ကြောင်း” ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇွန် ဒုတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။