ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ ပထမပတ်)

Post By Nyein Ko Ko Soe, On February 7, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ( ဖေဖော်ဝါရီ ပထမပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် အစိုးရအနေ ဖြင့် AA အဖွဲ့နှင့် တိုက်ရိုက်ပြောဆိုဆွေးနွေးမှုများ ပြုလုပ်တော့မည်မဟုတ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောကြားခဲ့မှု၊ ကရင်အမျိုး သားအစည်းအရုံး(KNU)မှ လူထုသို့ NCA အကြောင်း ရှင်းလင်းသည့်ဆွေးနွေးပွဲကို တပ်မတော်က လာရောက်တားမြစ်ခဲ့မှုတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။

ထို့ပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် ပြုလုပ်သည့် ရှမ်းပြည်အမျိုးသားနေ့အခမ်းအနားသို့ တပ်မတော်ဘက်မှ အဆင့်မြင့်ဆုံးအရာရှိတဦး၏ ပထမဆုံးတက်ရောက်မှုအဖြစ် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း တက်ရောက်မှု၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မုံးကိုးမြို့နယ်အတွင်း တပ်မတော်ထံ လက်နက်ချသူများမှာ KIA အဖွဲ့မှ တပ်ဖွဲ့ဝင်များမဟုတ်ကြောင်း KIA ဘက်မှ ငြင်းဆိုခဲ့မှုတို့မှာလည်း ယခုရက်သတ္တပတ်အတွင်း စိတ်ဝင်စား စရာကိစ္စများ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ်မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

အစိုးရငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် AA အဖွဲ့နှင့် တိုက်ရိုက်ပြောဆိုဆွေးနွေးမှုများ ပြုလုပ်တော့မည်မဟုတ်ဘဲ AA အပေါ် သြဇာလွှမ်းမိုးသည့် နိုင်ငံ၊ အဖွဲ့ အစည်းများနှင့်သာ ဆွေးနွေးတော့မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့မှုမှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာသတင်းတပုဒ် ဖြစ်ခဲ့ပါသည်။

ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် AA အဖွဲ့က အရပ်သားများကို ဖမ်းဆီးခေါ် ဆောင်ခဲ့မှုများအတွက် အစိုးရက တိုက်ရိုက်ပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိခြင်းကြောင့် ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် AA အဖွဲ့နှင့် မပြောဘဲ ၎င်းအပေါ် လွှမ်းမိုးမှုရှိသည့် နိုင်ငံ၊ အဖွဲ့အစည်းများနှင့် သာ ပြောဆိုဆွေးနွေးခဲ့ကြောင်း ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

နောက်ထပ်ထူးခြားသည့်သတင်းတပုဒ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်အတွင်း တပ်မတော်ထံ လက်နက်ချသူ ၂၁ ဦးမှာ KIA အဖွဲ့မှ တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ တပ်မတော်၏ ပြည်သူ့စစ်အဖွဲ့များသာ ဖြစ်ကြောင်း KIA ဘက်မှ ငြင်းဆိုခဲ့သည့် သတင်းဖြစ်ပါသည်။

ဇန်နဝါရီ ၃၀ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ မုံးကိုးဒေသတွင်း KIA အဖွဲ့မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၂၁ ဦးမှာ တပ်မတော်ထံသို့ လက်နက်ချပြီး အလင်းဝင်ကြောင်း သတင်းထုတ်ပြန်ခဲ့သည့်အပေါ် KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ရှင်းလင်းခဲ့ခြင်းဖြစ်ပါသည်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN တည်ထောင်ခြင်း နှစ် ၄၀ ပြည့်အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တောတွင်းပုန်းအောင်းရာနေရာ ၌ ဇန်နဝါရီ ၃၁ ရက်က ကျင်းပခဲ့မှုမှာလည်း ယခု ရက်သတ္တပတ်အတွင်း စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ NSCN-K အနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း တပ်မတော်က ၎င်းတို့၏ ဗဟိုဌာနချုပ်ကို ဝင်ရောက်ထိန်းချုပ်ခဲ့ပြီး ခေါင်းဆောင် ငါးဦးကို ဖမ်းဆီး၍ အမှုဖွင့် ထောင်ချ ခဲ့ပြီးနောက် NCA စာချုပ်ကို လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း ပြောကြားထားသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ကရင်အမျိုးသားအစည်းအရုံး(KNU)က ပဲခူးတိုင်းရွှေကျင်မြို့နယ်ရှိ သရက်ချောင်းရွာတွင် ဦးဆောင်ပြုလုပ်သည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ပါ အချက်အလက်များအား လူထုထံ ရှင်းပြသည့်ဆွေးနွေးပွဲကို တပ်မတော်က လာရောက်တားမြစ်ခဲ့မှုမှာ ဖေဖော်ဝါရီပထမပတ်အတွင်း သတိပြုစရာအကြောင်းအရာတခု ဖြစ်ခဲ့ပါသည်။

ဖေဖော်ဝါရီလ ၄ ရက်က သရက်ချောင်းရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ရွာသူရွာသား များ ဖြင့် ဆွေးနွေးပွဲ ပြုလုပ်နေစဉ် ခမရ ၁၂၄ မှ ဗိုလ်မှူးအဆင့် ဦးဆောင်သည့်တပ်သားငါးယောက်က လာရောက်တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲကို ဦးဆောင်ပြုလုပ်နေသည့် KNU အဖွဲ့မှ ကိုစောဂျိုဂျိုက ပြောကြားခဲ့သည်။ လမ်းဖောက်လုပ်သည့်ဖြစ်စဉ်ကြောင့် တပ်မတော်နှင့် KNU အကြား တင်းမာမှုများ ရှိနေသကဲ့သို့ တပ်မတော်မှ KNU ၏ တပ်စခန်းများကို ဒရုန်းများလွှတ်၍ စုံစမ်း ထောက်လှမ်းနေသည်ဟု ဆိုကာ ကန့်ကွက်မှုလည်း ရှိနေချိန်တွင် ယခုဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် ပြုလုပ်သည့် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားသို့ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း တက်ရောက်ခဲ့မှုမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ RCSS/SSA ဗဟို ဌာနချုပ်တွင် ပြုလုပ်သည့်အခမ်းအနားသို့ တပ်မတော်ဘက်မှ အဆင့်မြင့်ဆုံး အရာရှိတဦး တက်ရောက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် ကောင်းမွန်သည့်လက္ခဏာပါဟု ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းက ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

ယခုအခမ်းအနားသို့ အစိုးရဘက်က NRPC ဒုဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့သကဲသို့ အပစ်ရပ် လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့မှ အထူးကိုယ်စားလှယ်များ၊ အပစ်ရပ်လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည့် “ဝ” အဖွဲ့ (UWSP/ UWSA)၊ ကချင် အဖွဲ့ (KIO/KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ပထမပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။