တိုက်ပွဲဖြစ်ပွားမှုများ (စက်တင်ဘာ ပထမပတ်)

Post By Nyein Ko Ko Soe, On September 9, 2020

တိုက်ပွဲဖြစ်ပွားမှုများ (စက်တင်ဘာ ပထမပတ်)

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂ ရက်မှ ၈ ရက်အထိ (စက်တင်ဘာ ပထမပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြား၊ ကျောက်တော်မြို့နယ်များနှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တို့တွင် တိုက်ပွဲ ခုနစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား ခုနစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု စိုးရိမ်နေရသော်လည်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။ ထို့အပြင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင်လည်း တပ်မတော်နှင့် DKBA ခွဲထွက်အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားမှုများ ရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

စက်တင်ဘာ ပထမပတ်တွင် တပ်မတော်နှင့် ULA/AA အဖွဲ့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ ဖြစ်ပွားမှု ပြင်းထန်ခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုများလည်း မြင့်တက်ခဲ့ပါသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုအန္တရာယ်နှင့် ကြုံတွေ့နေရသော်လည်း ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံ ထောင်နှင့်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေခဲ့ရကြောင်း VOA သတင်းဌာနက စက်တင်ဘာ ၂ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။ ကျောက်တော်မြို့နယ်အတွင်း ပစ်ခတ်မှုများ ရှိနေ၍ ကျေးရွာ ခုနစ်ရွာမှ ဒေသခံ ငါးထောင်ခန့်မှာ နီးစပ်ရာ ကျေးရွာများကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

စက်တင်ဘာ ၂ ရက် နံနက်အစောပိုင်းက မင်းပြားမြို့နယ် ရာမောင်တံတားအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ယာဉ်နှင့် လူအသွားအလာများ တစ်နာရီခန့် ရပ်ဆိုင်းခဲ့ရကြောင်း 7 Day Daily သတင်းစာ၏ ဖော်ပြမှုအရ သိရပါသည်။ တပ်မတော်နှင့် AA အဖွဲ့အကြား တနာရီခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အနီးရှိ ကျေးရွာများကို ကျရောက်ခဲ့သည်ဟု ဒေသခံများက 7 Day ကို ပြောကြားခဲ့သည်။

ထို့အပြင် စက်တင်ဘာ ၃ ရက် ညနေပိုင်းကလည်း ကျောက်တော်မြို့နယ် ဘုရားပေါင်းနှင့် တောင်ပေါက် ကျေးရွာအနီး မိုင်းပေါက်ကွဲခဲ့ပြီးနောက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ညပိုင်းတွင် ရွာနှစ်ရွာစလုံး မီးရှိုခံခဲ့ရပြီး ရွာသား နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း BBC သတင်းဌာနက စက်တင်ဘာ ၄ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်းက ရွာအတွင်း ဝင်ရောက်လာပြီး ရွာသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သကဲ့သို့ ရွာများကိုလည်း မီးရှိုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက စွပ်စွဲပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။ တပ်မတော်ဘက်ကမူ အဆိုပါဖြစ်စဉ်များကို ငြင်းဆန်ခဲ့ပြီး တပ်မတော်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် AA တပ်ဖွဲ့ဝင်နှစ်ဦးကို အရပ်ဝတ်ဖြင့် အသေဖမ်းဆီးရမိခဲ့ကြောင်းနှင့် ရွာများကိုလည်း AA အဖွဲ့က မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ရှင်းလင်းခဲ့ပါသည်။

အလားတူ စက်တင်ဘာ ၃ ရက်မှာပင် ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အလယ်ကျွန်းကျေးရွာကို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ ကျောင်းသူနှစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်းလည်း BBC သတင်းတွင် ပါရှိခဲ့ပါသည်။

စက်တင်ဘာ ၃ ရက်က ဖြစ်ပွားခဲ့သည့် ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း တိုက်ခိုက်မှုများတွင် မြစ်ကမ်းအနီးရှိ ကျေးရွာများကို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သား ခုနစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း RFA သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။ တပ်မတော်ရေ စစ်ရေယာဉ်များပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် သင်္ဂနက်၊ ငတရောင်း၊ ဂုပ်ပီထောင့်စသည့် ကျေးရွာများမှ အရပ်သား ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကျေးရွာလူကြီးများ၊ မိသားစုဝင်များ၏ ပြောကြားမှုကို ကိုးကား၍ RFA သတင်းတွင် ဖော်ပြခဲ့သည်။ သို့ရာတွင် အဆိုပါဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောကြားခဲ့သည်။

စက်တင်ဘာ ၆ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ဗုဒ္ဓေါကျေးရွာမှ အမျိုးသမီးငယ်တဦးမှာ ရွာအနီး မျှစ်ချိုးရန် သွားရောက်စဉ် မိုင်းနင်းမိခြင်းကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရပါသည်။

ထို့အပြင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက မြေပုံမြို့နယ် ညောင်ကန်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ကျောင်းဆရာမတဦး၊ ကလေးငယ် နှစ်ဦး အပါအဝင် ငါးဦးသေဆုံး၊ ကိုးဦး ဒဏ်ရာရခဲ့ကြောင်းလည်း 7 Day Daily သတင်းစာက ဖော်ပြခဲ့ပါသည်။

ကျေးရွာအတွင်း လက်နက်ကြီးကျည် လေးကြိမ်ဆက်တိုက်ကျရောက်ခဲ့ခြင်းကြောင့် နေအိမ်တွင် ရှိနေသည့် ရွာသားများကို ကျည်စထိမှန်ခဲ့ပြီး လေးဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ ဒဏ်ရာ ရရှိသူ ၁၀ ဦးအနက် တဦး ထပ်မံသေဆုံးခဲ့ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက 7 Day ကို ပြောကြားခဲ့သည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဩဂုတ် ၃၀ ရက်က ကော့ကရိတ်-မြဝတီ ကားလမ်းဟောင်းရှိ ဆက်သွယ်ရေးစခန်းတွင် တာဝန်ထမ်း ဆောင် နေသော တပ်မတော်သား အချို့ တိုက်ခိုက်ခံခဲ့ရ၍ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီးနောက် ယခုရက်သတ္တပတ်တွင် ကော့ကရိတ်မြို့နယ်တွင် တပ်မတော်နှင့် DKBA ခွဲထွက်အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားမှုများ ရှိခဲ့ကြောင်း ဧရာ၀တီ သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

ဧရာ၀တီသတင်းဌာန၏ သတင်းဖော်ပြမှုအရ ကော့ကရိတ်မြို့ မြောက်ဘက် ရန်ကုတ်ကျေးရွာအနီးတွင် စက်တင်ဘာ ၄ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်နှင့် အတူ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ကလည်း ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရပါသည်။

တပ်မတော်သားအချို့ ထိခိုက်ကျဆုံးခဲ့ရသည့် ဖြစ်စဉ်ကြောင့် တပ်မတော်က နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ရာ DKBA အဖွဲ့မှ ထုတ်ပယ်ခံရသည့် အရာရှိတဦးဖြစ်သော ဗိုလ်မှူးချုပ်စောကျော်သက် ဦးဆောင်သောအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧရာ၀တီကို အတည်ပြုခဲ့သည်။

ထို့အပြင် စက်တင်ဘာ ၄ ရက် ညပိုင်းတွင်လည်း ကော့ကရိတ်မြို့အတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကွက်သစ်ရပ်ရှိ ဆောက်လက်စ နေအိမ်တစ်လုံးအနီးသို့ လက်နက်ကြီးကျည်ကျပေါက်ကွဲခဲ့သော်လည်း ထိခိုက် ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း The Daily Eleven သတင်းစာက စက်တင်ဘာ ၅ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

တပ်မတော်အနေဖြင့် ဒေါနတောင်ကြော ရန်ကုတ်ရွာအနီးတွင် စက်တင်ဘာ ၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု၊ ကော့ကရိတ်မြို့တွင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ရန်ကုတ်၊ ကောင်းမှု၊ တံတားဦး၊ ခနိမ်းမူ၊ တတန်ကူး၊ လှိုင်စိမ်း၊ ဆင်ကုန်းနောင်ကိုင်း၊ အောက်ဘိုတဲ၊ အလယ်ဘိုတဲ၊ တရုတ်ဖြူတောင်၊ တောင်မဲတောင်တို့တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေကြောင်းလည်း အဆိုပါသတင်းတွင် ပါရှိခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။