ထုတ်ပြန်ကြေညာချက်များ (စက်တင်ဘာ ဒုတိယပတ်)

Post By Pan Su Wai, On September 15, 2020

ထုတ်ပြန်ကြေညာချက်များ (စက်တင်ဘာ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ (စက်တင်ဘာ ဒုတိယပတ်) ကာလအတွင်း ပြည်ထောင်စု အစိုးရ၊ တပ်မတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ပါတီများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၈ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ခုနစ်ခုအထိ ထွက်ရှိခဲ့ပြီး အစိုးရမှ သုံးခု၊ ပါတီများမှ နှစ်ခု၊ အရပ်ဘက်အဖွဲ့အစည်းများမှ လေးခု၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ယူနီဆက်မြန်မာတို့က တခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ    

စက်တင်ဘာ ဒုတိယပတ်ကာလအတွင်း “အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ”က စက်တင်ဘာ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “တပ်မတော်အနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၂၀၂၀ ပြည့်နှစ် မေ ၁၀ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများ မှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “တပ်မတော်၏ထုတ်ပြန်ကြေညာချက်နှင့် ဆောင်ရွက်ချက်များသည် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ရက် ဆုံးဖြတ်ချက် ကို လိုက်ပါဖော်ဆောင်ရာ ရောက်သည့်အပြင် အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုများကို ကောင်းစွာ အထောက်အကူဖြစ်စေသဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ ကြိုဆိုကြောင်း” ဆက်လက်ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “တပ်မတော်အပါအဝင် သက်ဆိုင်သည့် အဖွဲ့အစည်းများက ပြည်တွင်းငြိမ်းချမ်းရေးအတွက် စိတ်ရင်းစေတနာ အမှန်ဖြင့် ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ခဲ့မှုများကြောင့် ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခြင်း ဖြစ်ကြောင်း၊ ၂၀၂၀ရွေးကောက်ပွဲများအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရေးအတွက် အရေးကြီးလှသော ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ကြောင်းနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနအနေဖြင့် တိုင်းရင်းသား ပြည်သူအားလုံး မျှော်လင့်တောင့်တလျက်ရှိသော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာသည့်သန္ဓိဌာန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ၏ ထုတ်ပြန်ကြေညာမှုတွင် ပါရှိပါသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက “ ပြည်သူသို့ အသိပေးပန်ကြားချက် ”ကို စက်တင်ဘာ ၈ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ယင်းပန်ကြားချက်တွင် “ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်းဒေသ‌ကြီးသို့ လေယာဉ်ဖြင့် ခရီးသွားရောက်ခဲ့သူ ၅၄၀၉ဦးရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မှု ရရှိခဲ့သူ ၂၆၂၂ဦးအနက် ၁၅၇၄ ဦးသာ သက်ဆိုင်ရာတာဝန်ရှိသည့် ဌာန၊ အဖွဲ့အစည်းများနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့ခဲ့ပြီး ကျန်ရှိသူများမှ ဆက်သွယ်မရခြင်းနှင့် သတင်းပေးပို့ခြင်းများ မရှိဟု သိရှိရကြောင်း” ဦးစွာဖော်ပြခဲ့ ပါသည်။

သို့ဖြစ်ပါ၍ “ရခိုင်ပြည်နယ်မှ နေပြည်တော်၊ တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိသူများအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသည့်ဌာန၊ အဖွဲ့အစည်းများနှင့် ကျန်းမာရေးဌာနများသို့ စက်တင်ဘာ ၁၁ရက် နောက်ဆုံးထား၍ ကိုယ်တိုင်မပျက်မကွက် သတင်းပို့ကြရန်၊ ကာယကံရှင်များ ကိုယ်တိုင်သော်လည်းကောင်း၊ ကာယကံရှင်မည်သူဖြစ်သည်ကို သိလျက်နှင့် ဖုံးကွယ်ထားသူများအနေဖြင့် လည်းကောင်း ယင်းနေ့ နောက်ဆုံးထားပြီး သတင်းပို့ရန် ပျက်ကွက်ကြောင်းတွေ့ရှိလျှင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါ သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်  

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ “၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလ မဲဆွယ်စည်းရုံးရာတွင် ကျန်းမာရေးပစ္စည်းများဖြန့်ဝေခြင်းနှင့် စပ်လျဉ်း၍ ကြေညာချက်” ကို စက်တင်ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါကြေညာချက်တွင် “မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာတွင် အဆောက်အဦး အတွင်းနှင့် ပြင်ပနေရာများတွင် သတ်မှတ်ထားသည့် လူဦးရေအရေအတွက်ဖြင့် စုဝေးမဲဆွယ်ပွဲပြုလုပ်သည့်အခမ်းအနား၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များက ပါးစပ်နှင့် နှာခေါင်းစည်းများ၊ မျက်နှာအကာများ၊ ရေမလို လက်သန့်ဆေးရည်များနှင့် လက်အိတ်များကို မဲဆန္ဒရှင်များအား ဖြန့်ဝေခြင်းဖြစ်လျှင် ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းတွင် ထည့်သွင်းဖော်ပြရန်မလိုကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ဖော်ပြပါ မဲဆွယ်စည်းရုံးရေးအခမ်းအနားများ၌ ဖြန့်ဝေခြင်းမှအပ အခြားနည်းဖြင့် မဲဆွယ်စည်းရုံးခြင်းနှင့် စပ်လျဉ်း၍ အထက်ပါပစ္စည်းများအတွက် ကိုယ်တိုင်ပေးချေရသော အမှန်ကျခံသုံးစွဲသည့် ကုန်ကျစရိတ်ဖြစ်လျှင် သက်ဆိုင်ရာ ရွေးကောက်ပွဲနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် အညီ သတ်မှတ်ထားသည့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတွင် ထည့်သွင်းသုံးစွဲရမည် ဖြစ်ကြောင်း” ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ  

ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန်ချက် ခုနစ်ခုအထိ ထုတ်ပြန်ခဲ့သည့် တပ်မတော်ကလည်း စက်တင်ဘာ ၁၄ ရက်စွဲဖြင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ချွတ်ပြင်နှင့်မောင်နုရွာဖြစ်စဉ်များအား စုံစမ်းစစ်ဆေးရန်အတွက် ဗိုလ်ချုပ်မြတ်ကျော်ဦးဆောင် သည့် စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်ကြေညာပြီး ဖြစ်ကြောင်း၊ ထိုစုံစမ်းစစ်ဆေးမှု၏ ဆက်လက်ဆောင်ရွက်မှု အတိုင်းအတာနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ နှစ်မကုန်မီတွင် အမှုဖြစ်စဉ်ကို စစ်တရားရုံးဖြင့် စတင်စစ်ဆေး ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်းနှင့်  ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် မောင်နုရွာ ဖြစ်စဉ်၏ စုံစမ်းမှုတွင် စွပ်စွဲဖော်ပြနေကြသည့် တောင်ဘဇာရွာဖြစ်စဉ်လည်း ပါဝင်ပြီး ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)၏ အပြီးသတ် အစီရင်ခံစာနှင့် နောက်ဆက်တွဲများ၊ အခြားသောသတင်းအချက်အလက်များ အပေါ် စစ်ဥပဒေချုပ်ရုံး၏ စိစစ်သုံးသပ်ခဲ့မှုအရ  ၂၀၁၆-၂၀၁၇ တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်နိုင်ဖွယ်ရှိသော ချိုးဖောက်မှုများ၏ ကျယ်ပြန့်သည့် အသွင်သဏ္ဍာန်များကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ မောင်တောနယ်မြေရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့သည်ဟူသော စွပ်စွဲချက်များ သည် ကျယ်ပြန့်စွာပြုလုပ်လျက်ရှိသည့် စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ကြောင်း” တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်မှုတွင် ပါရှိခဲ့ပါသည်။

ထို့အပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၈ ရက်စွဲဖြင့် “ မောင်တောမြို့နယ်၊ သရက်အုပ်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်  နှစ်ဦး ပျောက်ဆုံး၊ တဦး၏ အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း”  သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင်  “ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သရက်အုပ်ရဲကင်းစခန်းတွင် လုံခြုံရေး တာဝန်ထမ်းဆောင်လျက် ရှိသည့် ရဲတပ်သားသည် စက်တင်ဘာ ၅ ရက် ညနေပိုင်းတွင် ၎င်းတို့၏ လစာငွေများအား မိသားစုထံသို့ ပေးပို့ရန်အတွက် ၎င်းတို့ကိုင်ဆောင်သည့် လက်နက်၊ ခဲယမ်းများ နှင့်အတူ ရွက်ညိုတောင်ကျေးရွာသို့ သွားရောက်စဉ်လမ်းခရီး၌ ပျောက်ဆုံး သွားခဲ့ကြောင်း”ဦးစွာ ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ အဆိုပါပျောက်ဆုံးရဲတပ်သားနှစ်ဦးအား ရှာဖွေခဲ့ရာ စက်တင်ဘာ ၇ ရက်တွင် ရွက်ညိုတောင် ကျေးရွာအနီး ပုစွန်ကန်ဟောင်းနေရာ ရွှံ့နွံအတွင်းမှ ရဲတပ်သား တဦးအား လူမဆန်ရက်စက်စွာ သတ်ဖြတ်ခံထားရသည့်ပုံစံဖြင့် မှောက်လျက်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ဆက်လက်၍ ရဲတပ်သားအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် တရားခံအား ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် ကျန်ရဲတပ်ဖွဲ့ဝင်တဦးအား ရှာဖွေတွေ့ရှိရေး တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ရှာဖွေမှုများဆောင်ရွက်လျက်ရှိကြောင်း၊ ပဏာမစုံစမ်းချက်အရ AA နှင့် ARSA အဖွဲ့တို့မှ အလစ်အငိုက် ချောင်းမြောင်းသတ်ဖြတ်ခြင်းဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “လားရှိုးမြို့နယ်၊ ထန်ခေါက်ရွာအနီး အသေပစ်ခတ်ဖမ်းဆီး ရရှိသူ နှစ်ဦးမှာ MNDAA အဖွဲ့ဝင်များ ဖြစ်သည်ဟု သိရှိရကြောင်း” သတင်းထုတ်ပြန်မှုကိုလည်း စက်တင်ဘာ ၁၂ ရက်စွဲဖြင့်  ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “လားရှိုးမြို့၊ ထန်ခေါက်ရွာ အနီးတွင် MNDAA အဖွဲ့နှင့် တပ်မတော်စစ်ကြောင်း တကြောင်း ထိတွေ့ မှုဖြစ်၍ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်သည်တချို့ ထိခိုက်ဒဏ်ရာရရှိကာ MNDAAအဖွဲ့ ခေတ္တအခြေပြုခဲ့သည့် နေရာတို့အား သိမ်းပိုက်ရရှိခဲ့ပြီး MNDAA ဝတ်စုံဝတ် အလောင်း တလောင်း၊ အရပ်ဝတ် အလောင်း တလောင်း၊ လက်နက်ငယ် တလက်၊ ကျည် ၂၉ တောင့်၊ ကျည်အိမ် နှစ်ခု၊ ဒေသန္တရ လက်လုပ်မိုင်း တလုံးနှင့် ဆက်စပ် ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည့်ဖြစ်စဉ်နှင့် ဆက်စပ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

“တပ်မတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အား တိုးမြှင့်ပေးထားခဲ့ပြီး ထာ၀ရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသော်လည်း MNDAA အဖွဲ့သည် အပစ်အခတ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းတို့အား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း” တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်။  ‌

နိုင်ငံရေးပါတီများ၏ ထုတ်ပြန်ချက်များ   

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်နှင့် ပတ်သက်၍ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)မှ “အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် ရွှေ့ဆိုင်းပေးပါရန် တိုက်တွန်းခြင်း” အိတ်ဖွင့်ပေးစာကို စက်တင်ဘာ ၁၁ ရက်စွဲဖြင့်လည်းကောင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)မှ “အထွေထွေ ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းသင့်ကြောင်း တင်ပြခြင်း” အိတ်ဖွင့်ပေးစာကို စက်တင်ဘာ ၁၄ ရက်စွဲဖြင့်လည်းကောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အိတ်ဖွင့်ပေးစာများ အသီးသီးပေးပို့ခဲ့ကြပါသည်။

မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်  

ယူနီဆက်မြန်မာ (UNICEF Myanmar ) ကလည်း စက်တင်ဘာ ၁၀ ရက်စွဲဖြင့် “ရခိုင်ပြည်နယ်၊ မြေပုံမြို့ တွင် ကလေးငယ်များ သေဆုံး၊ ဒဏ်ရာရမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်” တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင် အင်္ဂါနေ့က လက်နက်ကြီး ကျရောက်မှုကြောင့် ကလေးငယ်နှစ်ဦးသေဆုံးပြီး အခြားကလေးငယ် တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းအတွက် ယူနီဆက်မြန်မာမှ အလွန်တရာ စိတ်ထိခိုက် ဝမ်းနည်းရကြောင်း၊ ယူနီဆက်သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း တို့ရှိ ပဋိပက္ခကြောင့် ထိခိုက်ခံစားနေကြရသည့် ဒေသများအတွင်း မြန်မာ့တပ်မတော်နှင့်  AA အဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်နေမှုကြောင့် ကလေးငယ်များ သေဆုံး၊ ဒဏ်ရာရမှုများ ကြောက်ခမန်းလိလိ တိုးပွားလာနေမှုအပေါ် များစွာစိုးရိမ်ပူပန်မိပါကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “လက်နက်ကိုင် ပဋိပက္ခများတွင် ကလေးငယ်များကို မည်သည့်အခါမှ ပစ်မှတ်မထားသင့်ကြောင်း၊ စာသင်ကျောင်းများအား တိုက်ခိုက်မှုများနှင့် စာသင်ကျောင်းများ အား ပဋိပက္ခဖြစ်ရာ နှစ်ဖက်အဖွဲ့များ၏ အသုံးချမှုများ ကြောင့် ကလေးများ၏ ပညာရေးကို အဟန့်အတား ဖြစ်စေလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးများ၏ ဘေးကင်းလုံခြုံမှုနှင့် အခွင့်အရေးများအတွက် ကလေးငယ်များ၏ ဘဝများအပေါ် ဩဇာလွှမ်းမိုးမှုရှိသူ လူကြီးများအားလုံးက  အဓိကဦးစားပေးအချက်တခုအဖြစ် ထည့်သွင်းစဉ်းစားပေး ရန်လိုအပ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “မြန်မာနိုင်ငံအနေဖြင့် ပြန်လည်မြင့်တက်လာသည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကိုင်တွယ် ဖြေရှင်းနေရချိန် ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသော သက်ဆိုင်ရာအဖွဲ့များအား အရပ်သားပြည်သူများ အပေါ်တွင် အင်အားအသုံးပြုမှုများအား လုံးဝကန့်သတ်ထိန်းချုပ်ခြင်းဖြင့် ကမ္ဘာ့ကပ်ရောဂါနှင့် ကြာရှည်ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ လူသားချင်း စာနာထောက်ထားရေး အထောက်အပံ့များနှင့် ဝန်ဆောင်မှူများအား ဆက်လက် ရရှိအသုံးပြုနိုင်အောင် ပိုမိုအားထုတ်ဆောင်ရွက်ပေးကြပါရန် ယူနီဆက်မှ တိုက်တွန်းကြောင်း” ယူနီဆက်မြန်မာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

အရပ်ဘက်အဖွဲ့များ၏ ထုတ်ပြန်ချက်များ    

ခူးမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC)က “ပလက်၀မြို့နယ်မှ လွှတ်တော်ကိုယ်စား လှယ်လောင်းလိုက်ပါလာသည့် စက်လှေအား AAအဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်း” စက်တင်ဘာ ၉ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွက် ရောက်ရှိနေသော NLD ပါတီမှ ပလက်၀မြို့နယ်၊ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ဦးစိုးထက် စီးနင်းလိုက်ပါလာသည့် စက်လှေအား AA လက်နက်ကိုင်အဖွဲ့က လက်နက်များဖြင့် အနည်းဆုံး ၁၁ ချက်ခန့် ပစ်ခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေး အပါအဝင် ပလက်၀မြို့နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် KACC မှ များစွာစိုးရိမ်မကင်းဖြစ်ရပါကြောင်း” KACC၏ ထုတ်ပြန်မှုတွင် ပါရှိခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ဒုတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။