တိုက်ပွဲဖြစ်ပွားမှုများ (အောက်တိုဘာ ပထမပတ်)

Post By Nyein Ko Ko Soe, On October 7, 2020

တိုက်ပွဲဖြစ်ပွားမှုများ (အောက်တိုဘာ ပထမပတ်)

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက်အထိ (အောက်တိုဘာ ပထမပတ်) ကာလအတွင်း မြန်မာနိုင်ငံတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသော်လည်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ ၂၅ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်(မြောက်ပိုင်း) ရသေ့တောင်၊ မင်းပြားမြို့နယ်များတွင် တပ်မတော်နှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပါသည်။ အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲနှင့် ကွတ်ခိုင်မြို့နယ်များတွင်လည်း တပ်မတော်နှင့် RCSS/SSA အဖွဲ့၊ PSLF/TNLA အဖွဲ့အကြား တိုက်ပွဲများကြောင့် အရပ်သားရာနှင့်ချီ၍ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

တပ်မတော်၏ အပစ်ရပ်ကြေညာမှု၌ ပါဝင်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် အောက်တိုဘာ ပထမပတ်အတွင်း တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သားတဦး ဒဏ်ရာရခဲ့ပြီး ဒေသခံ ရာနှင့် ချီ၍ တိမ်းရှောင်နေရကြောင်း ဧရာ၀တီသတင်းဌာနက အောက်တိုဘာ ၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်၏ အောက်တိုဘာ ၆ ရက် သတင်းထုတ်ပြန်မှု၌ ခန့်ခဲရွာအနီးတွင် တပ်မတော်စစ်ကြောင်းကို RCSS အဖွဲ့က စတင်ပစ်ခတ်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး RCSS အဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အလားတူ အောက်တိုဘာ ၇ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ ကျောက်မဲမြို့နယ် ရင်ကွဲတောင်အနီးတွင် တပ်မတော်နှင့် RCSS အဖွဲ့တို့ အောက်တိုဘာ ၆ ရက်က တိုက်ပွဲထပ်မံဖြစ်ပွားခဲ့၍ အရပ်သား တထောင်ခန့် ထွက်ပြေးတိမ်းရှောင်တိမ်းရှောင်ခဲ့ရကြောင်း သိရပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်တားဆီးနိုင်ရေးအတွက် လူစုလူဝေး မပြုလုပ်ရန် အစိုးရက ညွှန်ကြားထားသော်လည်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားပါသည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ်တွင်လည်း တပ်မတော်နှင့် PSLF/TNLA အဖွဲ့အကြား တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၃ ရက်က ကွတ်ခိုင်မြို့ရှိ တပ်မတော်တပ်ရင်းတခုနှင့် ပြည်သူ့စစ်ဌာနချုပ်တခုကို လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက ဖော်ပြခဲ့ပါသည်။

ထိုပစ်ခတ်မှုများကို TNLA အဖွဲ့က ပြုလုပ်ခြင်းဖြစ်ကြောင်း တပ်မတော်က အတည်ပြုခဲ့ပြီး TNLA ၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ကြီး မိုင်းအိုက်ကျော်ကလည်း ကွတ်ခိုင်မြို့နယ် မန်ဘုံတောင်ကြောဘက်ကို တပ်မတော်က ထိုးစစ်ဆင်ခြင်းကြောင့် တုံ့ပြန်တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဧရာ၀တီကို ပြောကြားခဲ့ပါသည်။

အောက်တိုဘာ ၂ ရက်တွင် ကွတ်ခိုင်မြို့နယ် မန်ဘုံတောင်ကြောအထက်၊ မိုးကုတ်မြို့နယ် ဟိုဝိတ်ရွာ၏ အထက်ပိုင်းရှိ TNLA စခန်းနှင့် အောက်တိုဘာ ၃ ရက်တွင် မန်ဘုံရွာ၏ အထက်ဘက် လေးနေရာခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA ဘက်မှ သိရကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့ သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု မြင့်တက်နေခြင်းကြောင့် Stay at Home နေကြရန် ကြေညာထားသည့် ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် ယခုရက်သတ္တပတ်အတွင်း တပ်မတော်နှင့် ULA/AA အဖွဲ့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း သတင်းဌာနများက သတင်းဖော်ပြခဲ့ ကြပါသည်။

စက်တင်ဘာ ၃၀ ရက်နှင့် အောက်တိုဘာ ၁ ရက်တို့တွင် မင်းပြားမြို့နယ် ရာမောင်တံတားအနီး တောင်ကုန်း၊ တောင်တန်းများတွင် တပ်မတော်နှင့် AA အဖွဲ့တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း 7 Day Daily သတင်းစာက အောက်တိုဘာ ၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အောက်တိုဘာ ၁ ရက် ညနေပိုင်းက မင်းပြားမြို့နယ် သေကံကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၅၀)ကျော်အရွယ်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မင်းပြားပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း အဆိုပါ 7 Day သတင်းတွင် ဖော်ပြထားပါသည်။

ထို့အပြင် အောက်တိုဘာ ၃ ရက်မှစတင်၍ မင်းပြားမြို့နယ် မေလွမ်းရွာအနီးနှင့် ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဒေသခံ ထောင်နှင့် ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း VOA သတင်းဌာန၏ အောက်တိုဘာ ၅ ရက် သတင်း ဖော်ပြမှုအရ သိရပါသည်။ တိုက်ပွဲများအတွင်း တပ်မတော်က မေယုမြစ်အတွင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်း တိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားမှုကို ကိုးကား၍ VOA သတင်းတွင် ဖော်ပြထားပါသည်။

ဧရာ၀တီသတင်းဌာနက ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအနီးနှင့် အောင်သာစည်ကျေးရွာအနီး တောင်တန်းများတွင် တပ်မတော်နှင့် AA အကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုလည်း များပြားကြောင်း အောက်တိုဘာ ၆ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ယင်းဒေသအတွင်း အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေရာ တပ်မတော်က လေကြောင်း၊ ရေကြောင်း၊ ကြည်းတပ်များမှ ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်နေပြီး အနီးရှိ ကျေးရွာများကို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခြင်းကြောင့်လည်း အရပ်သားထိခိုက်ဒဏ်ရာရမှုများ ရှိနေကြောင်း ဧရာ၀တီသတင်းတွင် ပါရှိခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း AA အဖွဲ့ နေရာယူထားသည့် တောင်ကုန်းများကို သိမ်းပိုက်ရရှိကြောင်း တပ်မတော်က အောက်တိုဘာ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး AA သတင်း ပြန်ကြားရေးဌာနဘက်ကလည်း တပ်မတော် သိမ်းပိုက်ထားသော တောင်ကုန်းများကို ယင်းနေ့ညနေပိုင်းတွင် ပြန်လည်သိမ်းယူရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်ဟု ဧရာ၀တီသတင်းတွင် ဖော်ပြထားသည်။

ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်များအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခြင်းကြောင့် သက်ကြီးရွယ်အိုများ ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း 7 Day Daily သတင်းစာကလည်း အောက်တိုဘာ ၆ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

အောက်တိုဘာ ၄ ရက်ညပိုင်းက ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက်ကိုးဆယ်ကျော်အရွယ်အဘွားအိုတစ်ဦး လန့်ဖျပ်သေဆုံးသကဲ့သို့ အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းတွင် ထီးဇွဲချောင်းဝအတွင်း သွားလာနေသည့် တပ်မတော်စစ်ရေယာဉ်က ပစ်ခတ်ခြင်းကြောင့် ကံပြင်စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်အဘိုးအိုတဦး ကျည်စထိမှန်၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း 7 Day သတင်းတွင် ဖော်ပြထားပါသည်။

ထို့အပြင် VOA သတင်းဌာန၏ အောက်တိုဘာ ၇ ရက် သတင်းဖော်ပြမှုအရ မင်းပြားမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များတွင်လည်း အောက်တိုဘာ ၆ ရက်က ပစ်ခတ်မှုများကြောင့် အရပ်သားငါးဦး သေဆုံး၊ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါသည်။

တပ်မတော်ကမူ ရခိုင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေအရ ညမထွက်ရအမိန့်ပုဒ်မ(၁၄၄) တားမြစ်မိန့် ထုတ်ပြန်ထားသည့် နယ်မြေအတွင်း ဝင်ရောက် လာသည့် စက်လှေနှစ်စီးကို လုံခြုံရေးအဖွဲ့က ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေး၍ ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဘင်္ဂါလီအမျိုးသား သုံးဦးကို အသေဖမ်းဆီးရမိကြောင်နှင့် ဘူးသီးတောင်မြို့နယ် ပုလဲတောင်ကျေးရွာအနီးတွင်လည်း AA အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဘင်္ဂါလီနှစ်ဦး သေဆုံး၊ တဦး ဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။