ထုတ်ပြန်ကြေညာချက်များ (အောက်တိုဘာ စတုတ္ထပတ်)

Post By Pan Su Wai, On October 27, 2020

ထုတ်ပြန်ကြေညာချက်များ (အောက်တိုဘာ စတုတ္ထပတ်)

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၀ ရက်မှ ၂၆ ရက်အထိ (အောက်တိုဘာ စတုတ္ထပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၃၀ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သုံးခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနမှ တခုနှင့် တပ်မတော်မှ နှစ်ခု အသီးသီး ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် တပ်မတော်မှ အခြားထုတ်ပြန်ချက် ၁၁ ခု၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လေးခု၊ ပါတီများမှ ငါးခု၊ အရပ်ဘက်အဖွဲ့အစည်းများမှ နှစ်ခု၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) နှင့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးမှ တခုစီ အသီးသီးထုတ်ပြန်ခဲ့ကြရာ သတိပြု အာရုံစိုက်ရမည့် ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk မှ အနှစ်ချုပ်ဖော်ပြပေးမည်ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အောက်တိုဘာ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက် သုံးခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ကြေညာချက်များအနက် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်နှင့် ပတ်သက်သည့် ကြေညာချက်တွင် “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ နှင့် မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်း ဒေသကြီး အတွင်းရှိ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကြုံးဝင်ကြောင်း ကြေညာထားသည့် မြို့နယ်များမှ စိစစ်လုပ်ကိုင် ခွင့်ပြုထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက် သူများအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်မှစ၍ လုပ်ငန်းခွင်သို့ သွားရောက်ခွင့်ပြုကြောင်း” ဖော်ပြထားပါသည်။

ထို့အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍လည်း “၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သောမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအား သတ်မှတ်ထားသည့် မဲဆန္ဒနယ်မြေအတွင်းရှိ ကြိုတင်ဆန္ဒမဲပေးရမည့် နေရာများသို့ ဆန္ဒမဲပေးရန် သွားရောက်ခြင်း၊ ရွေးကောက်ပွဲနေ့တွင် မဲရုံများသို့ ဆန္ဒမဲပေးရန် သွားရောက်ခြင်းများအတွက် ခြွင်းချက်ဖြင့် သွားလာခွင့်ပြုကြောင်း” ပါရှိခဲ့ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နောက်ထပ်ကြေညာချက်တခုတွင် “၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန် မဲရုံများအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်နိုင်ရန် လူ ၃၀ ဦးထက်ပို၍ စုဝေးခြင်းကို ခွင့်ပြုကြောင်း” ဖော်ပြထားပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကလည်း ” နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်း ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို နိုဝင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခြင်း” ထုတ်ပြန်ချက်ကို အောက်တိုဘာ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အောက်တိုဘာစတုတ္ထပတ်အတွင်း  ကြေညာချက် လေးခုအထိ ထုတ်ပြန်ခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က “ ကြိုတင်ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာခြင်း” ကို အောက်တိုဘာ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်း လုပ်ငန်းစဉ်များကို ကိုဗစ် ၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့်အညီ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်သောကြောင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆန္ဒမဲပေးကြရန်နှင့် ကြိုတင်ဆန္ဒမဲပေးရန် စီစဉ်ထားသည့် နေရာ၊ အဆောက်အဦးသို့ လာရောက်သည့်အချိန်တွင်လည်း နိုင်ငံရေးပါတီတံဆိပ်ပါ အဝတ်အစားများ အသုံးအဆောင်များ ဝတ်ဆင်သုံးစွဲ၍ လာရောက်ခြင်းမပြုရန် အသိပေးကြေညာကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၄ ရက်စွဲဖြင့် “နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံကြောင်း” ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ကျန်ရှိနေသည့် မဲဆွယ်စည်းရုံးရေးကာလအတွင်း နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ သက်ဆိုင်ရာ အချိန်ကာလ/ နေရာဒေသအလိုက် ထုတ်ပြန်သည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်ဖြစ်ပြီး ပါတီဝင်များ၊ ပါတီဝန်းရံသူ မဲဆန္ဒရှင် ပြည်သူများကိုလည်း အဆိုပါညွှန်ကြားချက်များနှင့်အညီ အလေးထားလိုက်နာ ဆောင်ရွက်စေရေး ကြီးကြပ်သွားရန် မေတ္တာရပ်ခံကြောင်း” ဖော်ပြထားပါသည်။

ဆက်လက်ပြီး “ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) [ဖျက်သိမ်းပြီး] ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်သည့် ဆန္ဒမဲလက်မှတ်များနှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း”ကို အောက်တိုဘာ ၂၀ ရက်စွဲဖြင့် လည်းကောင်း၊ “ ကြိုတင်ဆန္ဒမဲ ပေးခြင်းနှင့် စပ်လျဉ်း၍ လေ့လာနိုင်ကြောင်း အသိပေးကြေညာခြင်း” အောက်တိုဘာ ၂၄ ရက်စွဲဖြင့် လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်သည့် ထုတ်ပြန်ချက် နှစ်ခု အပါအဝင် ထုတ်ပြန်ချက် ၁၃ခုအထိ ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က “KNU အဖွဲ့က မထောကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ကြီးအား အဓမ္မဖမ်းဆီးခဲ့ကြောင်း” အောက်တိုဘာ ၂၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မထောကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီးအား KNUအဖွဲ့က အဓမ္မဖမ်းဆီး၍ KNU ၌ စစ်သားပြုလုပ်ရန် သားဖြစ်သူနှင့် လဲလှယ်ရေး အောက်တိုဘာ ၂၁ ရက်တွင် ထိကော်ထကျေးရွာ၌ ဆောင်ရွက်နေကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်က KNU ဗဟိုသို့ NCA အခန်း(၃)၊ အပိုဒ်(၆)၊ စာပိုဒ်(၉)/ စာပိုဒ်ခွဲ(ခ)ဖောက်ဖျက်မှုအတွက် အဓမ္မ ဖမ်းဆီးထားသည့် မထောကျေးရွာမူလတန်းကျောင်းအုပ်အား အမြန်ဆုံး ပြန်လည် စေလွှတ်ပေးရေး ကန့်ကွက်အကြောင်းကြားပြီးဖြစ်ကြောင်းနှင့် NRPC သို့လည်း အကြောင်းကြားထားကြောင်း” တပ်မတော်၏သတင်းထုတ်ပြန်မှုတွင် ပါရှိပါသည်။

ထို့အပြင် “RCSS/SSA အဖွဲ့က တပ်မတော် အရာရှိနှစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်ညှဉ်းပန်းကြောင်း” သတင်းထုတ်ပြန်မှုကိုလည်း တပ်မတော်က အောက်တိုဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်မှုတွင် “ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ တောင်ရှည်ကျေးရွာအနီးရှိ တပ်မတော်စခန်းမှ ကျောက်မဲမြို့သို့ သွားရောက်သည့် အရာရှိနှစ်ဦးအား အောက်တိုဘာ ၆ ရက်တွင် RCSS/SSA အဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ကာ အောက်တိုဘာ ၂၂ ရက်တွင် ပြန်လည်ပို့ဆောင်ခဲ့ ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “တပ်မတော်အရာရှိများဖြစ်သည်ကို သိရှိသော်လည်း လုပ်ဆောင်ခြင်းသည် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့များနှင့် သဘောတူညီချက်များကို ချိုးဖောက်ခြင်း ဖြစ်သောကြောင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (ပြည်ထောင်စုအဆင့်)သို့ အကြောင်းကြား ကန့်ကွက်သွားမည် ဖြစ်ပြီး RCSS/SSA အဖွဲ့မှ တာဝန်ရှိသူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ကျောက်မဲမြို့နယ်ရဲစခန်းသို့ လာရောက်အပ်နှံရန်လည်း သတိပေး ပြောကြားထားပြီး ဖြစ်ကြောင်း” တပ်မတော်က ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်က “ဓမ္မရာဇ်ကျေးရွာ၌ ဗုံးသီးဟောင်းတစ်လုံးအား ဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးငယ်တဦးသေဆုံးခဲ့ကြောင်း” အောက်တိုဘာ ၂၁ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဓမ္မရာဇ်ကျေးရွာအတွင်းရှိ နေအိမ်ခြံဝန်းအတွင်း ဗုံးသီးဟောင်း တလုံး ပေါက်ကွဲမှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးတဦးမှာ ဗုံးစထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ရွာသား နှစ်ဦးမှာ ဗုံးသီးအစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

UNCTFMR ၏ သတင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က အောက်တိုဘာ ၂၃ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တခုကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ ၅ ရက်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ တပ်မတော်နှင့် AA အဖွဲ့ အကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးသေဆုံးခဲ့မှုအပေါ် UNCTFMR က စိုးရိမ်ကြောင်းကို အောက်တိုဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “UNCTFMR က သတင်းမထုတ်ပြန်မီကပင် ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ကနဦးစိစစ်ချက်များ ပြုလုပ်ခဲ့ပြီး ကနဦးစိစစ်တင်ပြချက်အပေါ် ဖြစ်စဉ် မှန်ကန်တိကျမှု ရှိ/မရှိ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် အသေးစိတ်စုံစမ်းစစ်ဆေး ဖော်ထုတ်ရန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စုံစမ်းစစ်ဆေးတွေ့ရှိချက်ကိုလည်း ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း” တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ပါရှိပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့နှင့် ပတ်သက်၍လည်း တပ်မတော်က သတင်းထုတ်ပြန်ချက်များ ထွက်ရှိခဲ့ရာ “AA အဖွဲ့က တပ်မတော်မော်တော်ယာဉ်တစီးအား မိုင်းဆွဲတိုက်ခိုက်၊ မသင်္ကာဖွယ်လူနှစ်ဦးအား ဖမ်းဆီးရမိကြောင်း” အောက်တိုဘာ ၂၄ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ ထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုနိုင်သည့် နယ်မြေများနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အပေါ် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)မှ အောက်တိုဘာ ၂၂ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ကြေညာချက် တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၎င်း၏ ကြေညာချက်ကို ပြန်လည်သုံးသပ်သင့်ကြောင်းနှင့် သုံးသပ်ခြင်းမပြုပါက ရွေးကောက်ပွဲ ကော်မရှင်အား ကြိုးကိုင်အမိန့်ပေးနေသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အစိုးရသည် ဗမာ မဟုတ်သော တိုင်းရင်းသားတို့၏ အမျိုးသား တန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ကို ငြင်းပယ်၍ ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် တမင်တကာ အခြေအနေ ဖန်တီးခဲ့သည့် သမိုင်းတရားခံများအဖြစ် မော်ကွန်းတင်သွားလိမ့်မည်ကို သတိပေး ထုတ်ပြန်ကြောင်း” ပါရှိပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ မိုင်းကိုင်မြို့နယ်၊ တအာင်း (ပလောင်)အမျိုးသားပါတီ(TNP)မှ အောက်တိုဘာ ၂၄ ရက်စွဲ ဖြင့် သဘောထားထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “မိုင်းကိုင်မြို့နယ်အတွင်း RCSS/ SSA အဖွဲ့မှ အခြားသော နိုင်ငံရေးပါတီများအား မဲဆွယ်စည်းရုံးခွင့်ပေးပြီး တအာင်း(ပလောင်) အမျိုးသားပါတီအား မဲဆွယ်စည်းရုံးခြင်း၊ မဲပေးနည်းသင်တန်းများ ပို့ချခြင်းမပြုရန် တားမြစ်ပိတ်ပင်ခြင်း များသည် တရားမျှတသည့် မဲဆွယ်စည်းရုံးခွင့်ကို နစ်နာဆုံးရှုံးစေကြောင်း၊ ထို့ပြင် တအာင်းပြည်သူများကိုလည်း TNPကို မဲမထည့်ရန် ခြမ်းခြောက် ပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့သည်။

ယင်းနောက်“ မိုင်းကိုင်မြို့နယ်အတွင်း တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မိုင်းကိုင်တမြို့နယ်လုံး ရွေးကောက်ပွဲ ပယ်ဖျက်သည့် ကြေညာချက်သည် မှန်ကန်သည့်လုပ်ရပ် ဖြစ်ကြောင်း” တအာင်း (ပလောင်) အမျိုးသားပါတီ(TNP) ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က “ပါတီတည်ထောင်ခြင်း (၃၂) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် သဘောထားထုတ်ပြန် ကြေညာချက်”ကို အောက်တိုဘာ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “SNLD ပါတီ စတင်တည်ထောင်စဉ်ကတည်းက ကိုင်စွဲလာခဲ့သော ၁၉၄၇ ခုနှစ် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် ပင်လုံကတိကဝတ်နှင့် ပင်လုံမူ ၁၉၆၁ ခုနှစ် ပြည်နယ်‎ပေါင်းစုံညီလာခံက ချမှတ်ခဲ့သည့် ပြည်ထောင်စုစစ်စစ်မူတို့ အပေါ်တွင် အခြေခံပြီး လွတ်လပ်ငြိမ်းချမ်းတိုးတက်သော ပြည်ထောင်စုကို ဦးတည်သည့် မူဝါဒများဖြင့် စုပေါင်းခေါင်းဆောင်မှူကို ပုံဖော်ကာ မယိုင်မလဲ လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ခက်ခဲကြမ်းတမ်းသော လမ်းခရီးများကို ၃၂ နှစ်တိုင် ကြံ့ကြံ့ခံဖြတ်ကျော်ခဲ့ပြီးသည့်နည်းတူ ခေတ်မီသော ပါတီတရပ်အဖြစ် ဆက်လက်ရှင်သန်နိုင်စေရန် ပါတီတွင်း စည်းလုံးညီညွတ်မှု၊ အပြန်အလှန် နားလည်သဘောထားကြီးမှုများအပြင် သဘောတရား ရေးအမြင်၊ စည်းရုံးရေးအမြင်များဖြင့် မိဘပြည်သူများ၏ အကျိုးစီးပွားရှိရာရှိကြောင်း ယခုထက် ပိုမိုဆောင်ကြဉ်းပေးနိုင်‎ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း” SNLD ပါတီ၏ နှစ်ပတ်လည်အခမ်းအနား အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက် တွင် ပါရှိပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံး၏ ထုတ်ပြန်ချက် 

ရခိုင် NLD ပါတီကိုယ်စားလှယ်လောင်း သုံးဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးမှ အောက်တိုဘာ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ချက်တခုထွက်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီး ခေါ်ဆောင်သွားသည့်သတင်းအတွက် များစွာစိုးရိမ်ပူပန်မိပြီး ချက်ခြင်း ပြန်လွှတ်ပေးရန် တောင်းဆိုလိုပါကြောင်းနှင့် မြန်မာနိုင်ငံတွင် လုံခြုံပြီး ငြိမ်းချမ်းသော မဲဆွယ်စည်းရုံးရေးနှင့် ရွေးကောက်ပွဲ ကာလတခု ဖော်ဆောင်နိုင်ရန် ပဋိပက္ခများကို ရပ်တန့်ပြီး နိုင်ငံရေးဆွေးနွေး အဖြေရှာခြင်းများကို လုပ်ဆောင်ကြပါရန် တိုက်တွန်း လိုကြောင်း” ဖော်ပြခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ

အောက်တိုဘာ စတုတ္ထပတ်ကာလအတွင်း “ရခိုင်နှင့် ချင်းပြည်အတွင်း စစ်ပွဲများ ရပ်တန့်ရေးအတွက် ဆန္ဒပြခဲ့သည့် ကျောင်းသားများအား မတရားဖမ်းဆီး အရေးယူမှုများ အပေါ် ကန့်ကွက်ရှုတ်ချကြောင်း” အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၉၀ ကျော်က ပူးတွဲကြေညာချက် တခုထွက်ရှိခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၉၀ ကျော်၏ ပူးတွဲကြေညာချက်တွင် “ ပြည်တွင်းစစ်ပွဲများ ရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လှုပ်ရှားခဲ့သော ကျောင်းသားများအား ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ် ပေးပြီး ၎င်းတို့အား အရေးယူထားသည့် ပုဒ်မများအားအမြန်ဆုံးရုပ်သိမ်းပေးရန် တောင်းဆိုကြောင်းနှင့် အစိုးရနှင့် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းလုံးတွင် ခြွင်းချက်မရှိ အပစ်ခတ်ရပ်စဲရေး ကြေညာ၍ နိုင်ငံရေး ဆွေးနွေးမှုနည်းလမ်းများဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းလုပ်ဆောင်ရန် အလေးအနက်တိုက်တွန်းကြောင်း” ဖော်ပြခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ စတုတ္ထပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။