ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On November 13, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ (နိုဝင်ဘာ ဒုတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ်တွင် ယခုနှစ်မကုန်မီ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် ULA/AA အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ထိုထုတ်ပြန်မှုကို တပ်မတော်က ကြိုဆိုခဲ့သည့်သတင်းများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။

ထို့အပြင် တနိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေးရရှိသည်အထိ ဆွေးနွေးရန် ဒုတိယဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် အမြဲတမ်းကော်မတီ တရပ်ကို တပ်မတော်က ဖွဲ့စည်းခဲ့ခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရခဲ့သည့်ရလဒ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က အသိအမှတ် ပြုခဲ့ခြင်းစသည့် သတင်းများလည်း ရှိခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အတွင်း NCA လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်တွင် ယခုနှစ်မကုန်မီ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် ULA/AA အဖွဲ့၏ ထုတ်ပြန်ချက်နှင့် အဆိုပါထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆိုခဲ့ခြင်း၊ တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကို ၂၀၂၀ ဒီဇင်ဘာ ၃၁ ရက်ထိ ထပ်မံ သက်တမ်း တိုးမြှင့်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းသတင်းများကို ဧရာ၀တီနှင့် 7 Day Daily သတင်းဌာနတို့က ဖော်ပြခဲ့ကြပါသည်။

ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲ မကျင်းပရသေးသည့် မြို့နယ်များတွင် ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ကြားဖြတ် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် AA အဖွဲ့က နိုဝင်ဘာ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ချက် ထုတ်၍ တိုက်တွန်းခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက ဖော်ပြခဲ့သည်။

ထိုထုတ်ပြန်ချက်၌ ယင်းဒေသအတွင်း နေထိုင်သူများအနေဖြင့် မဲပေးခွင့် မရရှိခဲ့ကြဘဲ ရွေးကောက်ခံကိုယ်စားလှယ်များကို ဆုံးရှုံးခဲ့ရသကဲ့သို့ နိုင်ငံသား၊ တိုင်းရင်းသားနှင့် ဒီမိုကရေစီအခွင့်အရေးများ နစ်နာခဲ့ကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် NLD အစိုးရနှင့် တပ်မတော်တို့အား တိုက်တွန်းအပ်ကြောင်း ဖော်ပြထားသည်ဟု ဧရာ၀တီသတင်းတွင် ဖော်ပြမှုအရ သိရပါသည်။

ထိုကဲ့သို့ AA အဖွဲ့၏ တောင်းဆိုချက်ကို တပ်မတော်ဘက်က လက်ခံကြိုဆိုပြီး သဘောတူကြောင်း ပြောကြားခဲ့သည်ဟု ဧရာ၀တီသတင်းဌာနကပင် နိုဝင်ဘာ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၁၂ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်တစောင် ထုတ်၍ AA ဘက်မှ မေတ္တာရပ်ခံချက်ကို ကြိုဆိုပါသည်ဟု ပြောပြီး ရွေးကောက်ပွဲ ပြုလုပ်ရန် ကျန်ရှိသည့် နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်နိုင်ရန် အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်ဟု ဧရာ၀တီသတင်းတွင် ဖော်ပြထားပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ULA/AA ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တပ်မတော်က ကြိုဆိုကြောင်းနှင့် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပရန်လည်း ဆွေးနွေးညှိနှိုင်းရန် သဘောတူကြောင်း ဧရာ၀တီကို ပြောကြားခဲ့သည်။

နောက်ထပ်သတင်းတပုဒ်မှာ PSLF/TNLA၊ MNTJP/MNDAA နှင့် ULA/AA မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းများ ပြန်လည်အသက်သွင်းဆောင်ရွက်နိုင်ရန် တဖက်သတ်အပစ်အခတ်ရပ်စဲရေးကို ၂၀၂၀ ပြည်နှစ် ဒီဇင်ဘာ ၃၁ ရက်ထိ ထပ်မံသက်တမ်းတိုးမြှင့်ကြောင်း ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းကို နိုဝင်ဘာ ၁၃ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့သည့်သတင်းဖြစ်ပါသည်။

ထိုလက်နက်ကိုင်သုံးဖွဲ့သည် ၂၀၁၉ ခုနှစ်အတွင်းမှ စ၍ တဖက်သတ်အပစ်ရပ်ကြေညာမှုများ လုပ်ဆောင်ခဲ့ရာ နိုဝင်ဘာ ၉ ရက်တွင် ကုန်ဆုံးခဲ့သည့် အပစ်ရပ်ကြေညာမှုကို နိုဝင်ဘာ ၁၁ ရက်က ထပ်မံသက်တမ်းတိုးခြင်း ဖြစ်ပြီး ခုနစ်ကြိမ်မြောက် သက်တမ်းတိုးခြင်းလည်း ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

တနိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေးရရှိသည်အထိ ဆွေးနွေးရန် ဒုတိယဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် အမြဲတမ်းကော်မတီတရပ်ကို တပ်မတော်က နိုဝင်ဘာ ၉ ရက်က ဖွဲ့စည်းခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။

အဆိုပါတပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးတို့ ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်တို့မှာ ကော်မတီ၏ အဖွဲ့ဝင်များ ဖြစ်ကြောင်း သတင်းတွင် ပါရှိခဲ့သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက NCA လက်မှတ်ရေးထိုးပြီးသား တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် လုပ်ရန်၊ လက်မှတ်မထိုးရသေးသည့် အဖွဲ့များနှင့်လည်း NCA လက်မှတ်ရေးထိုးပြီး ထာဝရငြိမ်းချမ်းရေးပြီးဆုံးသည်အထိ ဆွေးနွေးသွားမည့် အမြဲတမ်းအဖွဲ့အစည်း ဖြစ်ကြောင်း ဧရာ၀တီကို ပြောကြားခဲ့သည်။

တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီနှင့် ပတ်သက်၍ ကော်မတီ၏ လုပ်ပိုင်ခွင့်ကို ရှင်းရှင်းလင်းလင်း အသိပေးရန် လိုအပ်ကြောင်း PNLO/PNLA အဖွဲ့ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက အကြံပြုပြောကြားခဲ့ကြောင်း နိုဝင်ဘာ ၁၂ ရက်ထုတ် 7 Day Daily သတင်းစာတွင် သတင်းဖော်ပြခဲ့ပါသည်။

အခြားသတင်းတပုဒ်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရခဲ့ခြင်းအား မြန်မာလူထု၏ ဆန္ဒသဘောထားအဖြစ် အသိအမှတ်ပြုကြောင်း PNLO/PNLA၊ ALP/ALA၊ KNU၊ RCSS/SSA ၊ ABSDF အဖွဲ့များက ပြောကြားခဲ့ကြောင်း မြန်မာတိုင်းမ်သတင်းဌာနက နိုဝင်ဘာ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

မြန်မာတိုင်းမ်သတင်းတွင် ဖော်ပြမှုအရ ရွေးကောက်ပွဲရလဒ်အပေါ် အသိအမှတ်မပြုကြောင်း အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီက သတင်းစာရှင်းလင်းခဲ့သော်လည်း NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့က ရလဒ်ကို လက်ခံပေးရန် တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
အလားတူ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သော PSLF/TNLA၊ MNTJP/MNDAA နှင့် ULA/AA အဖွဲ့တို့ကလည်း ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရခဲ့သည့် NLD ပါတီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ချင်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်ဟု အဆိုပါသတင်းတွင် ပါရှိခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ဒုတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။