ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဩဂုတ် ပထမပတ်)

Post By Nyein Ko Ko Soe, On August 7, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဩဂုတ် ပထမပတ်)

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၆ ရက်အထိ (ဩဂုတ် ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ် ၁၉ ရက်စ၍ သုံးရက်ကြာ ကျင်းပရန် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အစည်းအဝေးတွင် သဘောတူညီခဲ့ခြင်း၊ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့အား ပင်လုံညီလာခံကို ဖိတ်ကြားမည် မဟုတ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့ခြင်းတို့မှာ အာရုံစိုက်စရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။

ထို့ပြင် ပင်လုံညီလာခံသို့ အပစ်ရပ်လက်မှတ်မထိုးရသည့်အဖွဲ့များကို ဖိတ်ကြားရာတွင် AA အဖွဲ့ကို ချန်မထားသင့်ကြောင်း ‘ဝ ’အဖွဲ့ (UWSP/UWSA)နှင့် KIO/KIA အဖွဲ့တို့က မှတ်ချက်ပြုခဲ့မှုနှင့် ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ အတွက် သဘောတူညီချက် ၁၃ ချက် ရရှိထားကြောင်း NRPC ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့မှုတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သတိပြုစရာအကြောင်းအရာများ ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ဩဂုတ် ပထမပတ်အတွင်း အာရုံစိုက်စရာဖြစ်ခဲ့သော သတင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ –၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို အပစ်ရပ် လက်မှတ်မထိုးရသေးသည့် အဖွဲ့ ၇ ဖွဲ့ ကို ဖိတ်ကြားမည် ဖြစ်သော်လည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရသည့် ULA/AA အဖွဲ့ကို ဖိတ်ကြားမည် မဟုတ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ပြောကြားခဲ့မှုကို ဧရာ၀တီသတင်းဌာနက ဩဂုတ် ၅ ရက်တွင် ဖော်ပြခဲ့သော သတင်းဖြစ်ပါသည်။

NCA လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ မှ ထိပ်သီးခေါင်းဆောင် နှစ်ဦး ဆီကို အစိုးရက ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ရန် ဖိတ်ကြားသွားသော်လည်း အချို့အဖွဲ့အစည်းများ ကို ဥပဒေအရ ဖိတ်ကြားရန် အကန့်အသတ်ရှိ၍ ဖိတ်ကြားနိုင်မည်မဟုတ်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

အစိုးရ၏ ဖိတ်ကြားမှုတွင် ပါဝင်သည့် PSLF/TNLA နှင့် MNTJP/MNDAA တို့မှာ AA အဖွဲ့ နှင့် စစ်ရေးအရ မဟာမိတ်ဖွဲ့ထား၍ အစိုးရက AA ကို ညီလာခံ တက်ရောက်ရန် မဖိတ်ကြားပါက ကျန်အဖွဲ့ များလည်း တက်ရောက်မည်မဟုတ်ကြောင်း TNLA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဧရာ၀တီသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

အလားတူ ပင်လုံညီလာခံသို့ အပစ်ရပ်လက်မှတ်မထိုးရသည့်အဖွဲ့များကို ဖိတ်ကြားရာတွင် AA အဖွဲ့ကို ချန်မထားသင့်ကြောင်း ‘ဝ ’အဖွဲ့ (UWSP/UWSA) နှင့် KIO/KIA အဖွဲ့တို့က မှတ်ချက်ပြုခဲ့မှုကို ဖော်ပြခဲ့သော ဩဂုတ် ၆ ရက်ထုတ် 7 Day Daily သတင်းစာပါ သတင်းမှာလည်း သတိပြုစရာ ဖြစ်ခဲ့ပါသည်။

AA အဖွဲ့ချန်လှပ်ခံရခြင်းနှင့် ပတ်သက်၍ အားလုံး ပူးပေါင်းပါဝင်နိုင်ပါက ပိုမိုပြည့်စုံမည်ဖြစ်ကြောင်း UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက 7 Day ကို ပြောကြားသကဲ့သို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကလည်း ချန်ထားခဲ့ပါက ချန်ထားခဲ့သော အဖြေပဲ ထွက်လာမည်ဖြစ်၍ မချန်ထား သင့်ကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါ 7 Day သတင်းတွင် ဖော်ပြထားပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ –၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ် ၁၉ ရက်မှ ၂၁ ရက်ထိ နေပြည်တော်၌ သုံးရက်ကြာ ကျင်းပရန် NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးသဘောတူညီထားကြောင်း 7 Day Daily သတင်းစာက ဩဂုတ် ၂ ရက်တွင် ဖော်ပြခဲ့သည့် သတင်းမှာ ယခုရက်သတ္တပတ်အတွင်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။

အစိုးရနှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ကိုယ်စားလှယ်များ၏ ညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ် ၁ ရက်က နေပြည်တော်၌ ကျင်းပခဲ့ပြီးနောက် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပင်လုံညီလာခံကို သတ်မှတ်ရက်ထက် တပတ်နောက်ဆုတ်ကျင်းပရန် သဘောတူခဲ့ကြောင်းနှင့် ရွေးကောက်ပွဲ ရှိ၍ ထပ်မံနောက်ဆုတ်ရန် မရှိတော့ကြောင်း ပြောကြားခဲ့သည်ဟု 7 Day သတင်းတွင် ဖော်ပြထားပါသည်။

အလားတူ ကိုးကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ကို သြဂုတ် ၁၃ ရက်တွင် နေပြည်တော်၌ ကျင်းပရန် သတ်မှတ်ထားကြောင်း အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်များက ပြောကြားခဲ့မှုကိုလည်း ဩဂုတ် ၄ ရက်ထုတ် 7 Day သတင်းစာတွင် ဖော်ပြခဲ့ပါသည်။

ဇန်နဝါရီ ၈ ရက်က ပြုလုပ်ခဲ့သည့် ရှစ်ကြိမ်မြောက် JICM အစည်းအဝေးတွင် ရရှိခဲ့သော ဆုံးဖြတ်ချက် ရှစ်ချက်ကို ကြားကာလအတွင်း နှစ်ဖက်ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ရရှိလာသည့် သဘောတူညီချက်များကို ခုကျင်းပမည့် ကိုးကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ကြောင်း PNLO အဖွဲ့ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက 7 Day ကို ပြောကြားခဲ့ပါသည်။

ထို့ပြင် ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်အားလုံး တက်ရောက်မည်ဖြစ်ကြောင်းလည်း 7 Day သတင်းစာက ဩဂုတ် ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။

နောက်ထပ်စိတ်ဝင်စားစရာ သတင်းတပုဒ်မှာ ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ အတွက် သဘောတူညီချက် ၁၃ ချက် ရရှိထားကြောင်း NRPC ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောကြားခဲ့မှုကို မြန်မာတိုင်းမ်သတင်းဌာနက ဩဂုတ် ၄ ရက်တွင် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

ဩဂုတ် ၄ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညှိနှိုင်းအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် NRPC ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

ယခုညှိနှိုင်းအစည်းအဝေးမှ ထွက်ပေါ်လာသည့်ရလဒ်များကို NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးထံ တင်ပြပြီး အတည်ပြုချက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်မှူးကြီး စိုင်းငင်းက မြန်မာတိုင်းမ်ကို ပြောကြားခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဩဂုတ်ပထမပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။