ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ တတိယပတ်)

Post By Nyein Ko Ko Soe, On April 23, 2020

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ တတိယပတ်)

၂၀၂၀ ပြည့်နှစ် ဧပြီ ၁၇ ရက်မှ ဧပြီ ၂၂ ရက်အထိ (ဧပြီ တတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် COVID-19 ကပ်ရောဂါ အခြေအနေကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို မလွဲမသွေ ရွှေ့ဆိုင်းရပြီဟု NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့၏ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့ခြင်း၊ COVID – 19 ရောဂါကို ရင်ဆိုင်နေရချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း၊ ထိုးစစ်ဆင်ခြင်းများ မလုပ်သင့်ကြောင်း KIO/KIA အဖွဲ့က ပြောကြားခဲ့ခြင်းတို့မှာ စိတ်ဝင်စားစရာအကြောင်းအရာများ ဖြစ်ခဲ့ပါသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသ လက်နက်ကိုင်ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်၍ ထုတ်ပြန်မှုတွင် ULA/AA အကြမ်းဖက်အုပ်စုက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် ပြည်သူလူထု ၏အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန် အသက်စွန့်ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်နေသောတပ်မတော်သား အရာရှိ စစ်သည်အားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့မှုမှာလည်း ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာကိစ္စတခု ဖြစ်ခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

COVID – 19 ရောဂါကို ရင်ဆိုင်နေရချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း၊ ထိုးစစ်ဆင်ခြင်းများ မလုပ်သင့်ကြောင်း KIO/KIA အဖွဲ့က ပြောကြားခဲ့သည်ဟု 7 Day Daily သတင်းစာက ဧပြီ ၂၂ ရက်တွင် သတင်းဖော်ပြ ခဲ့ပါသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံးတွင် COVID-19 ရောဂါ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေချိန်တွင် တိုက်ပွဲများ ဖြစ်ပွားနေပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထိခိုက်နိုင်ကြောင်း KIO/KIA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက 7 Day Daily သတင်းစာသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီးနော်ဘူက KIO/KIA အနေဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု ဆက်လက်လုပ်ဆောင်ရာတွင် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံခဲ့ရသည့် ULA/AA အဖွဲ့အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ အတူတကွဆွေးနွေးမည်ဆိုသည့် ၎င်းတို့၏ မူဝါဒမှာ အပြောင်းအလဲ မရှိသေးကြောင်းလည်း ပြောကြားခဲ့သည်ဟု အဆိုပါ 7 Day Daily သတင်းတွင် ဖော်ပြထားပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ အစည်းအဝေး အပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအပေါ် သက်ရောက်မှုများစွာ ရှိခဲ့ပါသည်။

COVID-19 ကပ်ရောဂါ အခြေအနေကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးကို မလွဲမသွေ ရွှေ့ဆိုင်းရပြီဖြစ်ကြောင်း NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့၏ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့မှုကို ဖော်ပြထားသည့် ဧပြီ ၂၃ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းမှာ စိတ်ဝင်စားစရာဖြစ်ခဲ့ပါသည်။

ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းက Online Video Conference ဖြင့် ကျင်းပခဲ့သည့် NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး(နဝမအကြိမ်)တွင် NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့၏ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့ခြင်းဖြစ်သည်ဟု 7 Day Daily သတင်းတွင် ဖော်ပြထားပါသည်။

ထို့ပြင် ဗိုလ်မှူးကြီးစိုင်းငင်းက COVID-19 ကပ်ရောဂါဖြစ်ပွားနေသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန် ရပ်တန့်မသွားရေး ဂရုပြုဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်းလည်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

ယခုတပတ်အတွင်း လူအများ၏ အာရုံစိုက်မှုကို ရခဲ့သည့်သတင်းတပုဒ်မှာ ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသ လက်နက်ကိုင်ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်၍ ထုတ်ပြန်မှုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ULA/AA အကြမ်းဖက်အုပ်စုမှ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် ပြည်သူလူထု ၏အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန် အ သက်စွန့်ရွပ်ရွပ်ချွံချွံ တာဝန် ထမ်းဆောင်နေသော တပ်မတော်သား အရာရှိ စစ်သည်အားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့မှုကို ဖော်ပြခဲ့သည့် ဧပြီ ၂၂ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းဖြစ်ပါသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးက ဧပြီ ၂၁ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည့် အဆိုပါထုတ်ပြန်မှုတွင် အချက် ငါးချက် ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အရပ်သားများ သေဆုံး ဒဏ်ရာရရှိမှု ဖြစ်စဉ်များကို ကြားသိရသဖြင့် များစွာ စိတ်မကောင်းဖြစ်ရပြီး ၎င်းတို့နှင့် မိသားစုဝင်များအတွက် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည့် ပံ့ပိုးကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် လက်နက်ကိုင်ပဋိပက္ခကြောင့် ဆင်းရဲဒုက္ခ ကြုံတွေ့နေရသည့် ဖြစ်ရပ်များမှ ပြည်သူများ ကင်းဝေးစေရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အောင်မြင်သည်အထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်ဟုလည်း အဆိုပါ 7 Day Daily သတင်းတွင် ပါရှိခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ဧပြီ တတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။