By Pan Su Wai, On ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ ဒုတိယပတ်)
Post By Nyein Ko Ko Soe, On April 10, 2020

၂၀၂၀ ပြည့်နှစ် ဧပြီ ၃ ရက်မှ ဧပြီ ၉ ရက်အထိ (ဧပြီ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် COVID-19 ကာကွယ်ရန် တနိုင်ငံလုံး အပစ်ရပ်စဲနိုင်ရေး အစိုးရနှင့် ဆွေးနွေးမည်ဟု NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့ခြင်း၊ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်း လက်နက်ကိုင်သုံးဖွဲ့က COVID-19 ကူးစက်ရောဂါ ဖြစ်နေချိန်တွင် တပ်မတော်နှင့် တိုက်ပွဲ မဖြစ်ပွားအောင် ထိန်းသိမ်းမည်ဟု ကြေညာခဲ့ခြင်းတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ကိစ္စများ ဖြစ်ခဲ့ပါသည်။
ထို့ပြင် COVID – 19 ကပ်ရောဂါ ထိန်းချုပ်နိုင်ခဲ့ပါက ၂၁ ရာစုပင်လုံညီလာခံကို ဇူလိုင်လကုန်(သို့မဟုတ်) သြဂုတ်လဆန်းတွင် ကျင်းပမည်ဟု PNLO အဖွဲ့ဒုဥက္ကဋ္ဌက ပြောကြားခဲ့မှု၊ အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့တို့ မေလဆန်းတွင် နှစ်ဖက်တွေ့ဆုံနိုင်ရန် ခက်ပါက အွန်လိုင်းမှ ဆွေးနွေးရန် စီစဉ်ထားမှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။
NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု
ULA/AA အဖွဲ့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံခဲ့ရသည့် ULA/AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့ ဖြစ်သည့် PSLF/TNLA အဖွဲ့၊ MNTJP/MNDAA အဖွဲ့၊ ULA/AA အဖွဲ့တို့က COVID-19 ကပ်ရောဂါအား တိုက်ဖျက်ရန်နှင့် ကြိုတင်ကာကွယ်ရေးကိစ္စရပ်များ အနှောင့်အယှက် မဖြစ်စေရန် တပ်မတော်နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ မဖြစ်ပွားရန် အကောင်းဆုံးထိန်းသိမ်းသွားမည်ဟု ထုတ်ပြန်ခဲ့ကြောင်း 7 Day Daily သတင်းစာက ဧပြီ ၃ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။
မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က ၎င်းတို့၏ တဖက်သတ်အပစ်ရပ်စဲမှုကို ဧပြီ ၃၀ ရက်အထိ ထပ်မံသက်တမ်းတိုးလိုက်ကြောင်း ကြေညာခဲ့ခြင်းအပေါ် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အပြောနှင့် အလုပ်ညီရန် အရေးကြီးသည်ဟု7 Day Daily သတင်းစာသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။
NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု
COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံအစည်းအဝေးအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအပေါ် သက်ရောက်မှုများစွာ ရှိခဲ့သည်ကို တွေ့မြင် နိုင်ပါသည်။
COVID – 19 ကပ်ရောဂါ ထိန်းချုပ်နိုင်ခဲ့ပါက ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဇူလိုင်လကုန် (သို့မဟုတ်) သြဂုတ်လဆန်းတွင် ကျင်းပမည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အဖွဲ့ ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်း၏ ပြောကြားမှုကို ဖော်ပြထားသည့် ဧပြီ ၅ ရက်ထုတ် မြန်မာတိုင်းမ်သတင်းစာ၏ သတင်းမှာ ယခုရက်သတ္တပတ်အတွင်း စိတ်ဝင်စားစရာဖြစ်ခဲ့ပါသည်။
အစိုးရနှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ကိုယ်စားလှယ်များအကြား ဧပြီ ၂ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့တွင် အလွတ်သဘောဆွေးနွေးခဲ့ပြီးနောက် ၂၁ ရာစုပင်လုံညီလာခံ ပြန်ကျင်းပနိုင်မည့် အချိန်ကို သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်ဟု အဆိုပါမြန်မာတိုင်းမ်သတင်းတွင် ပါရှိပါသည်။
ထို့ပြင် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေး ဆက်လက်ညှိနှိုင်းရန် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့တို့မှ ကိုယ်စားလှယ်များအနေဖြင့် မေလဆန်းတွင် ထပ်မံတွေ့ဆုံမည်ဟု ချိန်းဆိုခဲ့သော်လည်း တွေ့ဆုံရန် ခက်ခဲပါက အွန်လိုင်းမှ ဆွေးနွေးမည်ဟုလည်း ဧပြီ ၆ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ သိရပါသည်။
COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် မတ်လကုန်တွင် ကျင်းပရန် လျာထားသည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် ဧပြီထက် နောက်မကျဘဲ ကျင်းပရန် စီစဉ်ထားသည့် ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအစည်းအဝေးတို့ကို ရွှေ့ဆိုင်းခဲ့ရပါသည်။
နောက်ထပ်စိတ်ဝင်စားစရာ သတင်းတပုဒ်မှာ COVID-19 ကပ်ရောဂါကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက် တနိုင်ငံလုံး အပစ်ရပ်စဲနိုင်ရေး အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမည်ဟု NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့၏ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားခဲ့မှုကို ဧပြီ ၄ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြထားမှု ဖြစ်ပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး နှင့် COVID-19 ကာကွယ်နိုင်ရေးတို့အတွက် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ကိုယ်စားလှယ်များသည် ဧပြီ ၃ ရက်တွင် Online Video Conference ဖြင့် အစည်းအဝေးပြုလုပ်ခဲ့ရာ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားခဲ့ခြင်းဖြစ်သည်ဟု 7 Day Daily သတင်းတွင် ဖော်ပြထားပါသည်။
၂၀၂၀ ပြည့်နှစ် ဧပြီ ဒုတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။
ဆက်စပ် ဆောင်းပါးများ
By Pan Su Wai, On
By Nyein Ko Ko Soe, On ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇူလိုင် ပထမပတ်)
By Pan Su Wai, On