တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On April 1, 2020

တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် မတ် ၂၅ ရက်မှ မတ် ၃၁ ရက်အထိ (မတ်လ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မောင်တော၊ ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ဆယ်ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သား သေဆုံးမှု ကိုးဦးရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

မတ်လ နောက်ဆုံးပတ်ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ARSA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ မောင်တောတွင် အရပ်သားထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ် အနီးတွင်လည်း တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် RCSS/SSA အဖွဲ့အကြား တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

မတ် ၂၅ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံမြို့နယ် မိုင်းအစ်ကျေးရွာအနီး ဟိုနမ့်တောင်ကုန်း၌ တပ်မတော်နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)အဖွဲ့အကြား တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့ကြောင်း Mizzima သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းတိုက်ပွဲဖြစ်စဉ်မှာ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုကျဆုံးမှုနှင့် ပတ်သက်၍ နှစ်ဖက်တာဝန်ရှိသူများက အတည်ပြုခဲ့ခြင်း မရှိပါ။

ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လဆန်းကလည်း တပ်မတော်နှင့် RCSS/SSA အဖွဲ့ကြား ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းကိုင်မြို့နယ်နှင့် ကျေးသီးမြို့နယ်များအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံ ရာနှင့်ချီ ၍ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက မတ် ၂၃ ရက်တွင် ကြေညာခဲ့သည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား မတ်လနောက်ဆုံးပတ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

မတ် ၂၃ ရက် နံနက်ပိုင်းက AA အဖွဲ့၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားနေခဲ့သည့် မင်းပြားမြို့နယ် ကမ်းနီရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းအနီးတွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း နိရဉ္စရာ သတင်းဌာန၏ ဖော်ပြမှုအရ သိရပါသည်။

မတ် ၂၈ နှင့် ၂၉ ရက်တွင် မင်းပြားမြို့နယ် ကမ်းနီရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းအနီး တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အနီးရှိ ကျေးရွာများသို့ လက်နက်ကြီးများ ကျရောက်ခဲ့၍ ဒေသခံရာနှင့် ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ ရကြောင်း နိရဉ္စရာ သတင်းဌာနက ဖော်ပြခဲ့သည်။

မတ် ၂၈ ရက်ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာအနီးရှိ တောင်တန်းတွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ခဲ့၍ ရွာသားတဦးသေဆုံးကာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် သုံးဦး ဒဏ်ရာရခဲ့ကြောင်း နိရဉ္စရာ သတင်းဌာန၏ ဖော်ပြမှုအရ သိရပါသည်။

ထို့ပြင် မတ် ၂၉ ရက် ညနေပိုင်းက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူညှင်းတောင်ကျေးရွာအနီး တောင်ခြေတွင် ဒေသခံ သုံးဦး မြေမြုပ်မိုင်းနင်းမိပြီး ၎င်းတို့အနက် နှစ်ဦးမှာ ခြေပြတ်သွားခဲ့ကြောင်း ဧရာဝတီသတင်းဌာန၏ ဖော်ပြမှုအရ သိရသည်။

မတ် ၃၀ ရက်ကလည်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် မေလွန်းကျေးရွာနှင့် ချောင်းနက်ကျေးရွာတို့တွင် လက်နက်ကြီးကျည် ထိမှန်၍ ရွာသား နှစ်ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့ပါသည်။

ယင်းရွာများအနီးရှိ တောင်တန်းများပေါ်သို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ ရွာ အပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့ပြီး တပ်မတော်ဘက်ကမူ အဆိုပါကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိ၍ ရဟတ်ယာဉ်များဖြင့်လည်း ပစ်ခတ်မှု မရှိကြောင်း၊ AA အမာခံများက ဝါဒဖြန့်မှုတခုသာ ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့ပြင် မတ် ၃၀ ရက် နံနက်ပိုင်းကလည်း မောင်တောမြို့နယ် ခမောင်ဆိပ်ကျေးရွာအနီးတွင် ခမောင်းဆိပ်ဒေသခံများ မိုင်းဆွဲ တိုက်ခိုက်ခံရ၍ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း VOA သတင်းဌာန က ဖော်ပြခဲ့သည်။ ARSA အဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့ပြီး တပ်မတော်ဘက်ကလည်း ယင်းတိုက်ခိုက်မှုကို အတည်ပြုခဲ့သည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ပလက်ဝမြို့နယ် မီးချောင်းတံထားအနီးရှိ ဗျူဟာကုန်းကို သိမ်းပိုက်ရန် ကြိုးပမ်းသည့် AA အဖွဲ့ကို တိုက်ထုတ်နိုင်ခဲ့ကြောင်း တပ်မတော်မှ မတ် ၁၉ ရက်က သတင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှု လျော့ကျသွားခဲ့ကြောင်း သိရသည်။

သို့ရာတွင် တပ်မတော်မှ တိုက်လေယာဉ်များဖြင့် ပလက်ဝမြို့အနီးရှိ တောင်တန်းများကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း နိရဉ္စရာသတင်းဌာနက ဖော်ပြခဲ့သည်။

၂၀၂၀ ပြည့်နှစ် မတ်လနောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။