ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့်အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ (သုတေသနစာတမ်းမိတ်ဆက်)

Post By Zaw Htet Oo, On May 3, 2020

ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့်အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ (သုတေသနစာတမ်းမိတ်ဆက်)

မြန်မာအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ကျေကျေလည်လည်ဆွေးနွေးဖို့ လိုအပ်တဲ့ကဏ္ဍများစွာ ရှိပါတယ်။ အဲဒီကဏ္ဍတွေထဲမှာ အရေးပါတဲ့တခုက လုံခြုံရေးကဏ္ဍပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း  နိုင်ငံရေးဖြစ်စဉ်အပေါ် လုံခြုံရေးကဏ္ဍရဲ့ သက်ရောက်လွှမ်းမိုးနိုင်မှုက ထင်ရှားပါတယ်။ ပဋိပက္ခတွေရဲ့အလွန် လုံခြုံရေးကဏ္ဍအပြောင်းအလဲကို ရည်မျှော်စဉ်းစားကြတဲ့အခါ ပါဝင်တဲ့အစုအဖွဲ့တွေ အကြား ဖြစ်တန်ချေရှိတဲ့ ရည်မှန်းချက်တွေ ဖော်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ယခုစာစုမှာ အဆိုပါ ဖြစ်တန်ချေရှိတဲ့ စဉ်းစားချက်တွေ အပေါ်  ဦးတည်လေ့လာထားတဲ့ သုတေသနစာတမ်းကို မိတ်ဆက်ဖော်ပြမှာ ဖြစ်ပါတယ်။

Myanmar Institute for Peace and Security(MIPS) က ရေးသားပြုစုတဲ့ “ ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ” သုတေသန စာတမ်းက မြန်မာနိုင်ငံ လုံခြုံရေးကဏ္ဍရဲ့ အလားအလာ၊ဖြစ်တန်ချေတွေအပေါ် လေ့လာထားတာပဲ ဖြစ်ပါတယ်။

စာတမ်းရဲ့ အဓိကလားရာ

          မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်စနစ်ကူးပြောင်းရေးဖြစ်စဉ်မှာ  လုံခြုံရေးကဏ္ဍအပေါ် ချိန်ထိုး သုံးသပ်နိုင်ဖို့အတွက် နိုင်ငံတကာက ဖက်ဒရယ်နိုင်ငံ (၅)နိုင်ငံရဲ့ လုံခြုံရေးကဏ္ဍ ဖွဲ့စည်းတည်ဆောက်ပုံများကို စာတမ်းမှ‌ လေ့လာတင်ပြထားပါတယ်။ သုတေသနစာတမ်းမှာ ရွေးချယ်‌လေ့လာထားတဲ့ ဖက်ဒရယ်နိုင်ငံ တွေက အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ အဆိုပါနိုင်ငံတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းပုံနဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို နှိုင်းယှဉ်ဆွေးနွေးရာ မှာ အထူးပြုလေ့လာခဲ့တဲ့  အစိတ်အပိုင်း နှစ်ခုရှိပါတယ်။ ပထမအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အာဏာများဖြစ်ပြီး၊ ဒုတိယအချက်ကတော့ လွှတ်တော်က ပြဋ္ဌာန်းပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်နိုင်ငံ (၅)နိုင်ငံရဲ့ အဆိုပါ လုပ်ပိုင်ခွင့်အာဏာအသီးသီးကို စုစည်းတင်ပြပြီးတဲ့နောက် အနာဂတ်မြန်မာနိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍအပြောင်းအလဲမှာ ထည့်သွင်းစဉ်းစား သင့်တဲ့ အကြောင်းအရာတွေအပေါ် သုံးသပ်ချက်တွေကို ဖတ်ရှုကြ ရမှာပဲ ဖြစ်ပါတယ်။

လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားပုံများ

          ဒီအပိုင်းမှာ သုတေသနစာတမ်းကတဆင့် လေ့လာတင်ပြထားတဲ့ ဖက်ဒရယ်နိုင်ငံတွေရဲ့ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများအကြောင်းကို အကျဉ်း ဆွေးနွေးမိတ်ဆက်မှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေအရ လက်နက်ကိုင် တပ်ဖွဲ့များ အားလုံးရဲ့ ကာကွယ်ရေးဦးစီးချုပ် (Commander-in-Chief)က ရွေးကောက်တင်မြှောက်ခံ သမ္မတ ဖြစ်ပါတယ်။ အမေရိကန်ရဲ့  အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အားကောင်းစေတဲ့အချက်က စစ်ဘက် ဆိုင်ရာ ကဏ္ဍအသီးသီးမှာ သမ္မတကအဆိုပြုပြီး၊ အထက်လွှတ်တော်ရဲ့  အတည်ပြုချက်နဲ့အညီ အရပ်သား အရာရှိများ ပါဝင်နေခြင်းကြောင့် ဖြစ်တယ်လို့ စာတမ်းက‌ ထောက်ပြဆွေးနွေးပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရပ်သားသမ္မတက ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံ အရပ်သားကာကွယ်ရေးဝန်ကြီး လက်အောက်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ကမ်းခြေစောင့်တပ်များကို ထားရှိပြီး သမ္မတက ဝင်ရောက်စွက်ဖက်မှု မပြုနိုင်တာပဲ ဖြစ်ပါတယ်။

နီပေါနိုင်ငံရဲ့ သမ္မတကလည်း လက်နက်ကိုင်တပ်ဖွဲ့များရဲ့ စစ်သေနာပတိချုပ်ဖြစ်ပေမယ့် စီမံခန့်ခွဲမှုတွေမှာ ပါဝင်စွက်ဖက်မှုမပြုတာကို တွေ့ရပါတယ်။ ဆွစ်ဇာလန်နိုင်ငံကတော့ ကန်တွန်(၂၆) ခုနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်နိုင်ငံ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံဥပဒေက ကန့်သတ်ထားတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ မှအပ သက်ဆိုင်ရာ ကန်တွန်အစိုးရတွေက သူတို့နဲ့ သက်ဆိုင်တဲ့ နယ်မြေအတွင်း လုံခြုံရေးလုပ်ငန်းတွေ ကို လွတ်လပ်စွာ လုပ်နိုင်တာပဲ ဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံမှာတော့ သမ္မတက လက်နက်ကိုင် တပ်ဖွဲ့များအားလုံးရဲ့ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း တပ်ပိုင်းဆိုင်ရာကို စီမံ ကိုင်တွယ်တာ က စစ်ဦးစီးချုပ်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံခြုံရေးကဏ္ဍအတွက် စဉ်းစားချက်များ

          ဖက်ဒရယ်နိုင်ငံ (၅)နိုင်ငံရဲ့ လုံခြုံရေးကဏ္ဍ စုဖွဲ့မှုများအကြောင်းကို ဝေဝေဆာဆာ တင်ပြပြီးနောက် အနာဂတ် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့  တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ထည့်သွင်းစဉ်းစားသင့်တဲ့ မူဘောင်တွေအပေါ် ဆွေးနွေးထားချက်တွေကို ဆက်လက်ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့နိုင်ငံတွေမှာ အခြေခံအားဖြင့် နိုင်ငံတော်အစိုးအရအဖွဲ့ရဲ့ အထွတ် အထိပ်ဖြစ်သူ သမ္မတက တပ်မတော်ရဲ့ စစ်သေနာပတိချုပ်ဖြစ်နေတဲ့အချက်ဟာ ထည့်သွင်းစဉ်းစားစရာ ဖြစ်ပါတယ်။ အရပ်သား ကွပ်ကဲမှုအောက်မှာ တပ်မတော်ထားရှိခြင်းဆိုတဲ့  အယူဝါဒက တပ်မတော်ဆိုင်ရာ ကိစ္စအဝဝမှာ အရပ်သားသမ္မတက အကြွင်းမဲ့အာဏာ ရှိရမည်ဆိုတဲ့ အယူဝါဒနဲ့ ကျင့်စဉ်မဟုတ်ကြောင်း စာတမ်းက ဆွေးနွေးပါတယ်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ရာမှာလည်း ကာကွယ်ရေးကဏ္ဍမှာ  အရပ်ဘက်ခေါင်းဆောင်တွေ၊ ကျွမ်းကျင်သူတွေကို ခန့်အပ်တဲ့ အလေ့အထက ရွေးချယ်စရာ ဖြစ်ကြောင်း ဆွေးနွေးထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တည်ရှိမှုကို အသွင်ပြောင်းရာမှာလည်း ပြည်နယ်တွေကို အခြေခံတဲ့ ပြည်နယ်အမျိုးသား အစောင့်တပ်များအဖြစ် စုဖွဲ့မှုက စဉ်းစားစရာဖြစ်ကြောင်းကိုလည်း ဆွေးနွေးထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍ အပြောင်းအလဲအတွက် ထည့်သွင်းစဉ်းစားသင့်တဲ့အသေးစိတ်အချက်အလက်တွေကိုလည်း စာတမ်းမှ ချိန်ထိုးလေ့လာနိုင်မှာ ပဲ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ယခုသုတေသနစာတမ်းရဲ့ ရှာဖွေတွေ့ရှိချက်တွေ၊ ဖြစ်တန်ချေရှိတဲ့ မူဝါဒ အကြံ ပေးချက်တွေ၊ သို့မဟုတ် ပိုမိုပြီးပြည့်စုံတဲ့ မူဝါဒ အကြံပေးချက်တွေကို လက်တွေ့နိုင်ငံရေးဖြစ်စဉ်မှာ အကောင်အထည် ဖော်နိုင်ဖို့ရာအတွက် ပါဝင်တဲ့ အစုအဖွဲ့တွေအကြား အကျေအညက် ဆွေးနွေးအဖြေရှာ နိုင်ဖို့လိုပါတယ်။ ဒီနေရာမှာ လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ယှဉ်ထိုးဆင်ခြင်စရာ အချက်တချက် ရှိပါတယ်။ စာတမ်းရဲ့ မူဝါဒအကြံပေးချက်အများစုက လုံခြုံရေးကဏ္ဍရဲ့ လုပ်ပိုင်ခွင့်အာဏာကို အရပ်သားအစိုးရ လက်ထဲ ပိုမိုထားရှိနိုင်ရေးကို ဦးတည်ပါတယ်။ ဒီအချက် ဖော်ဆောင်နိုင်ဖို့အတွက် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ရန် လိုပါတယ်။ယခု မြန်မာနိုင်ငံရဲ့ လွှတ်တော်လမ်းကြောင်းမှတဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ကြိုးပမ်းမှုက တစ်ဆို့မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ကောင်းမွန် အောင်ကြိုးပမ်းတဲ့အခါ ကျေလည်စွာ ဆွေးနွေးသင့်တဲ့ အချက်တွေကို ဒီစာတမ်းမှတဆင့် သုံးသပ်နိုင်ပါတယ်။ တနည်းအားဖြင့် အကဲဆတ်တဲ့၊ နိုင်ငံရေးဖြစ်စဉ်အပေါ် သက်ရောက်မှုကြီးမားတဲ့ လုံခြုံရေးကဏ္ဍအပြောင်းအလဲ ကို ဖော်ဆောင်ကြတဲ့အခါ ဖက်ဒရယ်နိုင်ငံတွေရဲ့ ဘုံတူညီချက်တွေ၊ မတူညီ ချက်တွေကို ချဉ်းကပ်ဆွေးနွေး ထားတဲ့ ယခုသုတေသနစာတမ်းရဲ့ တွေ့ရှိချက်တွေက ဆက်လက် လေ့လာစရာနယ်ပယ်တခု ဖြစ်လာပါတယ်။

 

ယခုဖော်ပြပါ “ ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့်အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ” သုတေသနစာတမ်းကို Download ရယူနိုင်ပါသည်။