၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပါတီကိုယ်စားလှယ်လောင်းဆိုင်ရာ အချက်အလက်များ (အစီရင်ခံစာမိတ်ဆက်)

Post By Zaw Htet Oo, On November 4, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပါတီကိုယ်စားလှယ်လောင်းဆိုင်ရာ အချက်အလက်များ (အစီရင်ခံစာမိတ်ဆက်)

လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းရဲ့ အပြောင်းအလဲတွေကို မကြာမီကာလအတွင်းမှာပဲ စတင် မြင်တွေ့နိုင်ဖို့ ရှိပါတယ်။ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲက တိုင်းပြည်ရဲ့  ဒီမိုကရေစီ အသွင် ကူးပြောင်းရေးခရီးရှည်အတွက် မှတ်တိုင်သစ်တခုသဖွယ် ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆုံချက်ကျနေတဲ့ မြန်မာ့နိုင်ငံရေးအတွက် အထွေထွေရွေးကောက်ပွဲတွေက ကောင်းမွန်တဲ့ လမ်းစဖြစ်လာဖို့လည်း အရေးကြီးပါတယ်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတဖို့ အလွန်အရေးကြီးတယ် လို့လည်း သုံးသပ်ကြပါတယ်။ ဒီအချက်ကပဲ ရွေးကောက်ပွဲဖြစ်စဉ်တွေအပေါ် စောင့်ကြည့်လေ့လာဖို့လိုအပ် တယ်ဆိုတဲ့ အကြောင်းအရင်းတချက် ဖြစ်လာပါတယ်။ လေ့လာသူတွေအဖို့ ရွေးကောက်ပွဲဖြစ်စဉ်ရဲ့ ကာလသုံးပါးစလုံးက Context (ဆက်စပ်အခြေအနေ) အသီးသီးကိုလည်း ဆန်းစစ်ဖို့ လိုပါတယ်။ အဲ့ဒီအရာတွေ အနက် Demography ( လူဦးရေအခြေအနေ ဆန်းစစ်ခြင်း) ကလည်း လေ့လာဖို့ အရေးပါပါတယ်။ မဲပေးနိုင်တဲ့ မဲဆန္ဒရှင် အရေအတွက် ဘယ်လောက်ရှိသလဲ၊ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလောင်းအရေအတွက် ဘယ်လောက်ရှိသလဲ စတဲ့ လူဦးရေအခြေအနေတွေကို ဆန်းစစ်လေ့လာတာမျိုးက ရွေးကောက်ပွဲဖြစ်စဉ် ကာလသုံးပါး စလုံးအတွက် ဂရုပြုသင့်တဲ့ အချက်အလက်တွေပါ။ ယခုကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဆက်စပ်အခြေအနေတွေအနက် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းအသီးသီးရဲ့  Demography အချက်အလက်တွေကို စုစည်းဖော်ပြထားတဲ့ အစီရင်ခံစာ တစောင်ကို မိတ်ဆက်တင်ပြလိုပါ တယ်။

တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ က ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်းမှာ “၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ပါတီကိုယ်စားလှယ်လောင်းဆိုင်ရာ အချက်အလက်များ” ဆိုတဲ့ အစီရင်ခံစာ တစောင်ကို ထုတ်ဝေခဲ့ပါတယ်။ အစီရင်ခံစာ စုစည်းဖော်ပြချက်ကဏ္ဍအသီးသီးကို အကျဉ်းချုပ် ဆက်လက်ဖော်ပြပါမယ်။

 

ကိုယ်စားလှယ်လောင်းဦးရေ စုစုပေါင်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း လွှတ်တော်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ စုစုပေါင်း ၉၁ ပါတီ ရှိပါတယ်။ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းဦးရေ  ၅,၅၅၈  ဦး၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၈၀ ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်းဦးရေ ၅,၈၃၈ ဦး က အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမှာပဲ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် လောင်းဦးရေ စုစုပေါင်း ၁,၁၄၃ ဦး နဲ့ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းဦးရေ စုစုပေါင်း ၁,၁၂၈ ဦး နဲ့ ဒုတိယအများဆုံး၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီက ကိုယ်စားလှယ်လောင်းဦးရေ စုစုပေါင်း ၉၂၄ ဦး နဲ့ တတိယအများဆုံး အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။

ဒါပေမဲ့လည်း ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ မကျင်းပဖို့ သတ်မှတ်ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ် က မြို့နယ် ကိုးခုနဲ့  ရှမ်းပြည်နယ်က မြို့နယ် ခြောက်ခု က ကိုယ်စားလှယ်လောင်းတွေကို ဖယ်လိုက်ရင်တော့ စုစုပေါင်း ကိုယ်စားလှယ်လောင်းဦးရေက ၅,၆၆၃ ဦး ပဲ ပါဝင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ကိုယ်စားလှယ်လောင်းများ၏ ကျား၊ မ အချိုးအစား

လွှတ်တော်အသီးသီးအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းဦးရေ ၅,၈၃၈ ဦး အတွင်းမှာ ၄,၉၂၆ ဦး က အမျိုးသားကိုယ်စားလှယ်လောင်းတွေ ဖြစ်ပြီး၊ ၉၁၂ ဦး က အမျိုးသမီး ကိုယ်စားလှယ် လောင်းတွေ ဖြစ်ကြပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေအတွင်း အမျိုးသမီးဦးရေ ပါဝင်မှု ရာခိုင်နှုန်းက ၁၅ ဒသမ ၆၂ ရာခိုင်နှုန်း ရှိနေပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၁၆ ဦး နဲ့ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ ရာနှုန်းပြည့် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေနဲ့ပဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီကတော့ မွန်အမျိုးသမီးပါတီ ဖြစ်ပြီး ကိုယ်စားလောင်းဦးရေ ငါးဦး ပါဝင်ပါတယ်။

တဆက်တည်းမှာပဲ ရခိုင်နဲ့ ရှမ်းပြည်နယ်က ရွေးကောက်ပွဲကျင်းပဖို့ ခွင့်မပြုတဲ့ မြို့နယ်အသီးသီးရဲ့ ကိုယ်စားလှယ်လောင်းတွေကို ဖယ်လိုက်ရင် အမျိုးသားကိုယ်စားလှယ်လောင်းဦးရေက ၄,၇၅၇ ဦး၊ အမျိုးသမီး ကိုယ်စားလှယ်လောင်းဦးရေ  ၉၀၆ ဦး သာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

 

ကိုယ်စားလှယ်လောင်းများ၏ အသက်အရွယ်အပိုင်းအခြား

‌ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းဦးရေ စုစုပေါင်း ၅,၈၃၈  ဦး အနက် ၆၂၁ ဦး (၁၀ ဒသမ ၆ ရာခိုင်နှုန်း) က အသက် ၃၅ နှစ်အောက် ကိုယ်စားလှယ်လောင်းတွေ ဖြစ်ကြပါတယ်။ အသက် ၃၅ နှစ်မှ ၆၀ ကြား ကိုယ်စားလှယ်လောင်းဦးရေက ၃,၅၉၄ ဦး  ရှိပြီး၊ ရာခိုင်နှုန်းအားဖြင့် ၆‌၁ ဒသမ ၆ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ကျန် ၁,၆၂၃ ဦး ကတော့ အသက် ၆၀ နှစ်အထက် ကိုယ်စားလှယ်လောင်းတွေ ဖြစ်ကြပြီး ရာခိုင်နှုန်းအားဖြင့် ၂၇ ဒသမ ၈၆ ရာခိုင်နှုန်း  ပါဝင်နေတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ နိုင်ငံရေးပါတီတွေအနက် အသက် ၃၅ နှစ်အောက်  ကိုယ်စားလှယ်လောင်းဦးရေအများဆုံး စာရင်းသွင်းတဲ့ပါတီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖြစ် ပြီး ၉၉ ဦး  ပါဝင်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတော့ အသက် ၆၀ နှစ် အထက် ကိုယ်စားလှယ်လောင်းတွေ အများဆုံးပါဝင်လာပြီး စုစုပေါင်း ၃၄၈ ဦး ရှိတယ်လို့ ဆိုပါတယ်။

တဖန် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ရွေးကောက်ပွဲကျင်းပခွင့်မရတဲ့ နယ်မြေတွေက ကိုယ်စားလှယ်လောင်းတွေ မပါဝင်ရင်တော့ အသက် ၃၅ နှစ်အောက်  ကိုယ်စားလှယ်လောင်း  ၆၀၀ ဦး၊ အသက် ၃၅ နှစ်မှ ၆၀ ကြား ကိုယ်စားလှယ်လောင်း ၃,၄၇၈ ဦး၊ အသက် ၆၀ နှစ် အထက် ကိုယ်စားလှယ်လောင်း ၁,၅၈၅ ဦး သာ ပါဝင်နိုင် တော့မှာ ဖြစ်ပါတယ်။

 

ကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်း

ကိုယ်စားလှယ်လောင်း စုစုပေါင်းအနက် ၆၆ ရာခိုင်နှုန်း (၃,၈၄၅ ဦး) က ဘွဲ့ရရှိထားသူများ ဖြစ်ပြီး၊ ၃၀ ရာခိုင်နှုန်း (၁,၇၃၆ ဦး) ကတော့ ဘွဲ့မရရှိသေးသူနဲ့ အခြေခံပညာအထက်တန်းအဆင့်ရှိသူတွေ ဖြစ်ကြပါတယ်။ ကိုယ်စားလှယ်လောင်းဦးရေ စုစုပေါင်းရဲ့  သုံး ရာခိုင်နှုန်း (၁၆၆ ဦး) ကတော့ မဟာဘွဲ့ ရရှိထားသူ ဖြစ်ပြီး၊ တစ် ရာခိုင်နှုန်း ( ၆၄ ဦး) က တော့ ပါရဂူဘွဲ့ရရှိထားသူတွေ ဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ရခိုင်နဲ့ ရှမ်းပြည်နယ် မြို့နယ်တွေက ကိုယ်စားလှယ်လောင်းတွေမပါရင်တော့ ဘွဲ့ရရှိထားသူအရေအတွက်က ၃,၇၆၀ ဦး၊ မဟာဘွဲ့ရထားသူအရေအတွက် ၁၆၅ ဦး၊ ပါရဂူဘွဲ့ရထားသူ ၆၃ ဦး နဲ့ အခြား (ဘွဲ့မရရှိသေးသူနဲ့ အခြေခံပညာအထက်တန်းအဆင့်ရှိသူ) အရေအတွက် ၁,၇၀၅ ဦး သာ ပါဝင်တော့မှာ ဖြစ်ပါတယ်။

အချုပ်ဆိုရရင် Demography အချက်အလက်တွေကနေတဆင့် ရွေးကောက်ပွဲဖြစ်စဉ် ကာလသုံးပါး စလုံးရဲ့ ဆက်စပ်အခြေအနေတွေကို စောင့်ကြည့်လေ့လာဖို့ အမှန်တကယ် လိုအပ်ပါတယ်။ ဒီအချက်အလက်တွေကို အခြေခံပြီး အထွေထွေရွေးကောက်ပွဲတွေလို နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲ ဖြစ်စဉ်တွေ အတွင်းမှာ လူငယ်တွေ ဘယ်လောက်အထိ ပါဝင်နေကြပြီ၊ အမျိုးသမီးတွေ ဘယ်လောက်အထိ ပါဝင်နေကြပြီ၊ လွှတ်တော်အတွင်း ဖော်ဆောင်ရမယ့် မူဝါဒအပြောင်းအလဲတွေအတွက် ကိုယ်စားလှယ်လောင်း တွေမှာ ဘယ်လောက်အထိ အဆင်သင့် ဖြစ်နေကြပြီ စတဲ့ ကောက်ချက်ချ သုံးသပ်မှုများစွာကို လေ့လာသူတွေအဖို့ ဆက်လက် ဆန်းစစ်နိုင်မှာပဲ ဖြစ်ပါတယ်။

မှတ်ချက် – ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၇ ရက်စွဲဖြင့် ညီညွတ် သော ဒီမိုကရက်တစ်ပါတီ ( UDP) ကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ UDP ပါတီမှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဦးရေ ဒုတိယအများဆုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ဖြစ်သည်။

ယခုဖော်ပြပါ  “၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပါတီကိုယ်စားလှယ်လောင်းဆိုင်ရာ အချက်အလက်များ” အစီရင်ခံစာအပြည့်အစုံကို Download ရယူနိုင်ပါသည်။