Annual Peace & Security Review 2020 နှစ်စဉ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး သုံးသပ်ချက် - ၂၀၂၀ (အစီရင်ခံစာမိတ်ဆက်)

Post By Zaw Htet Oo, On August 13, 2020

Annual Peace & Security Review 2020 နှစ်စဉ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး သုံးသပ်ချက် - ၂၀၂၀ (အစီရင်ခံစာမိတ်ဆက်)

ယခုနှစ် ဩဂုတ်လအတွင်းမှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဆက်လက်ကျင်းပနိုင်ဖို့ စိုင်းပြင်းနေကြတာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ စားပွဲဝိုင်းပေါ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထပ်ဟပ်စေတဲ့ မြေပြင်အခြေအနေတွေကလည်း ခြုံငုံဆင်ခြင်နိုင်ဖို့ လိုအပ်တဲ့ ညွှန်းကိန်းတွေ ဖြစ်ပါတယ်။ ဥပမာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အားနည်းစေတဲ့ လက်နက်ကိုင်ပဋိပက္ခအခြေအနေတွေ၊ သဘောထားကွဲလွဲစရာ ဆွေးနွေးမှုအကျပ်အတည်းတွေ စတဲ့အချက်များ ဖြစ်ပါတယ်။

မကြာသေးမီအချိန်ကပဲ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အဖွဲ့က “နှစ်စဉ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး သုံးသပ်ချက် – ၂၀၂၀” အစီရင်ခံစာကို ထုတ်ဝေခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လုံခြုံရေးကဏ္ဍအတွင်းက အချက်အလက်တွေကို ပြုစုလေ့လာထားတာ ဖြစ်ပါတယ်။ ယခုစာစုမှာတော့ အဆိုပါအစီရင်ခံစာရဲ့ တွေ့ရှိချက်တွေကို ကောက်နုတ်အခြေပြုပြီး လက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တစိတ်တပိုင်းကို ဆွေးနွေးဖော်ပြလိုပါတယ်။

(၁) စကားပြောသော ကိန်းဂဏန်းများ

အစီရင်ခံစာရဲ့ ဖော်ပြချက်တွေအရ ၂၀၁၈ ခုနှစ် အတွင်း လက်နက်ကိုင်ထိစပ်မှုဖြစ်စဉ်အကြိမ်ရေက ၆၅၀ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာတော့ တနိုင်ငံလုံးအတိုင်းအတာအရ ၁၂၆၈ ခုထိ မြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်ထိစပ်မှုဖြစ်စဉ်ဆိုတာက လက်နက်ကိုင်တိုက်ပွဲတွေအပါအဝင် မြေမြုပ်မိုင်း အသုံးပြုတိုက်ခိုက်မှုတွေကို တပါတည်း ထည့်တွက်ထားတာ ဖြစ်ပါတယ်။ AA အဖွဲ့နဲ့ TNLA အဖွဲ့တို့က ၂၀၁၉ ခုနှစ်ရဲ့ လက်နက်ကိုင်ထိစပ်မှုဖြစ်စဉ်တွေအတွင်းမှာ ၈၁ ရာခိုင်နှုန်းအထိ အများဆုံး ပါဝင်နေကြပါတယ်။

တိုက်ပွဲအတွင်းကစစ်သည် ကျဆုံးမှုမှာတော့ ခန့်မှန်းခြေ ၉၃၄ဦး မှ ၁၇၁၁ဦးအထိ ရှိနိုင်တယ်လို့ ထုတ်ပြန်ထား ပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုအရေအတွက်က ၁၅၁ ဦးရှိပြီး အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုက ၃၈၄ ဦး ရှိတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသတွေက အရပ်သားသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုက ၂၀၁၉ ခုနှစ်အတွက် အများဆုံး ဖြစ်နေတာပါ။

(၂) ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်းများ

အချိန်ကာလကြာမြင့်စွာ တစ်ဆို့ခဲ့ရတဲ့ ၂၀၁၉ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွေအတွင်းမှာ အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် ဦးတည်ချက်တွေက ဖော်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ပထမဦးတည်ချက်ကတော့ ၂၀၁၈၊ အောက်တိုဘာလကတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ KNU နဲ့ RCSS အဖွဲ့တွေနှုတ်ထွက်ပြီးနောက် ရပ်တန့်သွားခဲ့တဲ့ တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၈ ရက်မှသာ KNU နဲ့ RCSS အဖွဲ့တွေ ပြန်လည်ပါဝင်တဲ့ JICM အစည်းအဝေးကို ပြန်လည်ကျင်းပနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒုတိယဦးတည်ချက်ဖြစ်တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထအကြိမ် ကျင်းပနိုင်ဖို့ ရည်ရွယ်ချက်ကလည်း ယခုအချိန်မှသာ ကျင်းပဖို့ ပြင်ဆင်နိုင်တာပဲ ဖြစ်ပါတယ်။ တတိယအချက်ကတော့ NCA စာချုပ်လက်မှတ်မထိုးထားရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီနိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ KIA၊ TNLA ၊ MNDAA နဲ့ AA အဖွဲ့တို့အကြား ညီနောင်မဟာမိတ်ဖွဲ့စည်းမှုကလည်း အစိုးရရဲ့ ကြိုးပမ်းမှုအပေါ် စိန်ခေါ်ချက်အသွင်နဲ့ ရှိခဲ့ပါတယ်။ တကယ်တမ်းအခြေအနေမှာလည်း KIA အဖွဲ့ကလွဲရင် ကျန်တဲ့အဖွဲ့တွေက နှစ်ဖက်အပစ်ရပ်ရေးကြိုးပမ်းမှုအပေါ်မှာ စိတ်ဝင်စားမှု နည်းပါးခဲ့တာပဲ ဖြစ်ပါတယ်။

(၃) ငြိမ်းချမ်းရေးဆွေးနွေးမှုယန္တရားအခင်းအကျင်းများ

အစီရင်ခံစာရဲ့ အဆိုအရ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု မူဘောင်ယန္တရားတွေအတွင်းမှာ ဖွဲ့စည်းပုံနဲ့ နည်းပညာပိုင်းဆိုင်ရာ ယိုယွင်းမှုတွေရှိတယ်လို့ ဆိုပါတယ်။ ပထမဆုံးအချက်ကတော့ တင်းမာနေတဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကြောင့် ဖြစ်တယ်လို့ ဆွေးနွေးပါတယ်။ NLD အစိုးရရဲ့ လွှတ်တော်လမ်းကြောင်းအတွင်းက ဖွဲ့စည်းပုံပြင်ဖို့ ကြိုးပမ်းခဲ့တာ မအောင်မြင်ခဲ့တဲ့နောက် အရပ်ဘက်-စစ်ဘက် ဆက်ဆံ ရေးက ဆက်လက်တိုးတက်မှုမရှိဘဲ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေ သက်ရောက်မှု တွေ ရှိလာခဲ့တာပဲဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုယန္တရားအတွင်းမှာ အစိုးရနဲ့ တပ်မတော်တို့အကြား ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့ အခင်းအကျင်းမျိုး ရှိမနေတာကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာက ဆွေးနွေးပါတယ်။ ဆိုလိုတာက အရပ်ဘက် ကိုယ်စားပြု၊ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က NRPC မှာ ပါဝင်ပေမယ့် တပ်မတော်ဘက်က ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လို ပုဂ္ဂိုလ်မျိုး မပါဝင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

တတိယအချက်ကတော့ NRPC ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဆောင်နေရတဲ့ ငြိမ်းချမ်းရေးကော်မရှင်က မူဝါဒလမ်းညွှန်ချက်တွေနဲ့အညီ လုပ်ပိုင်ခွင့် အပ်နှင်းခံထားရတာမဟုတ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါ တယ်။ နောက်ဆုံးအချက်ကတော့ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွင်းမှာ ပညာရှင်တွေရဲ့ ပံ့ပိုးပါဝင်နိုင်မှု အားကောင်းစွာ ရှိမနေခြင်းကြောင့်လို့ ဆွေးနွေးထားပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ၂၀၁၉ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခအခြေအနေက ပိုမိုတင်းမာလာခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်တွေအတွင်းမှာလည်း အကျပ်အတည်းတွေများစွာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ နှစ်စပိုင်းကစလို့ ကိုဗစ်-၁၉ ရဲ့ စိန်ခေါ်ချက်အသစ်တွေနဲ့ ရင်ဆိုင်နေရပေမယ့် တဖက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့ စိုင်းပြင်းနေချိန်လည်းဖြစ်ပါတယ်။ ကိုဗစ်ကပ်ဘေး၊ တင်းမာဆဲ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးတွေအကြား အကျေအလည် ဆွေးနွေးအဖြေရှာစရာ အကြောင်းအရာတွေရှိနေတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ် အရှိန်အဟုန် ကျမသွားအောင် သက်ဆိုင်ရာ အစုအဖွဲ့တွေအကြား ဂရုပြုဖို့လိုအပ်နေပါတယ်။

 

“နှစ်စဉ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး သုံးသပ်ချက် – ၂၀၂၀” အစီရင်ခံစာကို ရယူလိုပါက ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အဖွဲ့ ဝက်ဘ်ဆိုက်စာမျက်နှာတွင် Download ရယူနိုင်ပါသည်။