တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သူတို့၏ လောကအမြင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၏ မမြင်သာသော စိန်ခေါ်မှုများ (သုတေသနစာတမ်းမိတ်ဆက်)

Post By Zaw Htet Oo, On March 5, 2020

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သူတို့၏ လောကအမြင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၏ မမြင်သာသော စိန်ခေါ်မှုများ (သုတေသနစာတမ်းမိတ်ဆက်)

မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း(၇၀)ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ပြည်တွင်းစစ်ပဋိပက္ခကို ဖြေရှင်းဖို့ကြိုးပမ်းကြတဲ့ အခါမှာ ထည်သွင်းစဉ်းစားရမယ့် အရာများစွာရှိပါတယ်။ ဥပမာ-ပဋိပက္ခရဲ့သဘောသဘာဝ၊ ဖြစ်စဉ်၊ ပါဝင် ပတ်သက်နေတဲ့ အစုအဖွဲ့တွေရဲ့ ရပ်တည်ချက်တွေကို ကွဲကွဲပြားပြားသိရှိထားဖို့အချက်က အရေးပါလှပါတယ်။ နိုင်ငံရေးစနစ်အလှည့်အပြောင်းတွေအကြားမှာ ပြည်တွင်းစစ်ရဲ့ သက်ဆိုးရှည်မှုက သတိပြုစရာပါ။ ငြိမ်းချမ်းရေး တည်ဆောက်ရေးဖြစ်စဉ်မှာ လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးဆွေးနွေးပွဲအသွင် ပြောင်းလဲနိုင်ဖို့က အဓိကကျတဲ့ ကနဦး ခြေလှမ်းဖြစ်ပါတယ်။ ဒီနေရာမှာ ပဋိပက္ခအတွင်းပါဝင်နေတဲ့ အစုအဖွဲ့တွေရဲ့ ရပ်တည်ချက်၊ သဘောထား တွေကို အပြန်အလှန် သိရှိနားလည်ဖို့လိုအပ်ပါတယ်။ ယခုဖော်ပြမယ့် စာစုမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့  ခံယူချက်၊ ယူဆချက်တွေနဲ့ ၎င်းတို့ရဲ့ နိုင်ငံရေးစနစ်အပေါ် အမြင်သဘောထား တွေကို ချဉ်းကပ်ရေးသားထားတဲ့ သုတေသနစာတမ်းကို မိတ်ဆက်ရေးသားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအင်စတီကျူ့(Pyidaungsu Institute)က ရေးသားပြုစုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သူတို့၏ လောကအမြင်-မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၏ မမြင်သာသော စိန်ခေါ်မှုများ သုတေသနစာတမ်းမှာ ပြည်တွင်းစစ်အပေါ်သက်ရောက်မှုရှိနေတဲ့ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်များရဲ့ အမြင်သဘောထားကို လေ့လာထားတာ ဖြစ်ပါတယ်။ စာတမ်းရဲ့ အဓိကချဉ်းကပ်တဲ့ လားရာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေရဲ့ လူမှုဆက်ဆံရေးရှုထောင့်ကနေတဆင့် နိုင်ငံရေးစနစ်အပေါ် သက်ရောက်နိုင်မှုတွေကို လေ့လာထားတာ ဖြစ်ပါတယ်။

ယခုသုတေသနစာတမ်းမှာ အဓိကထား အဖြေရှာဖို့ကြိုးပမ်းထားတဲ့ အရာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့  လောကအမြင်ဖြစ်ပါတယ်။ လောကအမြင်လို့ဆိုရာမှာ တိုင်းရင်းသားတွေအနေနဲ့ ၎င်းတို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ ဘာတွေလက်ခံနားလည်ထားကြသလဲ၊ ဘာတွေ လက်ခံကျင့်သုံးနေကြသလဲစတဲ့ အချက် တွေ ပါဝင်ပါတယ်။ အဆိုပါအချက်တွေကတဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ လုပ်ငန်းစဉ်ဖြစ်တဲ့ လုံခြုံရေးကဏ္ဍအပြောင်းအလဲဖြစ်စဉ်အပေါ်  တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ခံယူချက်တွေကို မှန်းဆအဖြေရှာ နိုင်မှာဖြစ်ပါတယ်။

စာတမ်းမှာ အဓိကပါဝင်တဲ့ အပိုင်းနှစ်ပိုင်းက

၁။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ လောကအမြင်

၂။ အဖွဲ့အစည်းများ ပြောင်းလဲခြင်း၊ အဖွဲ့အစည်းတစ်ရပ်၏ နောက်ကွယ်တွင် ကိန်းအောင်းတည်ရှိနေသော တန်ဖိုးစနစ်များ ဖြစ်ပါတယ်။

စာတမ်းရဲ့ တွေ့ရှိချက်တွေက ပြည်တွင်းစစ်ရဲ့ စရိုက်လက္ခဏာကို ခြုံငုံတင်ပြနိုင်မှုပေးပါတယ်။ ဥပမာ – စာတမ်းရဲ့ အခန်း(၁)မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အဖွဲ့အစည်း ဖြစ်ပေါ်ပြောင်းလဲမှု ပုံစံ(၃)မျိုးကို ဆွေးနွေးထားပါတယ်။

  • အဖွဲ့မပြောင်း၊ တော်လှန်ရေးမပြောင်းပုံစံ ဥပမာ – KNU၊ KIO၊ KNPP
  • အဖွဲ့အစည်းပြောင်း၊ တော်လှန်ရေးမပြောင်းပုံစံ ဥပမာ – RCSS
  • အဖွဲ့ဟောင်းထဲမှ အဖွဲ့အစည်းအသစ်များ ဥပမာ – မိုင်းလားအဖွဲ့၊ ကိုးကန့်အဖွဲ့  စတာတွေ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်တဦးချင်းရဲ့ ရပ်တည်ချက်တွေကို ချဉ်းကပ်လေ့လာရာမှ တဆင့် လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်လာကြခြင်းရဲ့ အကြောင်းတရားများကို ထည့်သွင်းဆွေးနွေး ထားပါတယ်။ ပထမအချက်က နိုင်ငံရေးအယူဝါဒကြောင့် လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ ကွန်မြူနစ်ဝါဒကို လက်ခံကြခြင်း၊ ဒီမိုကရေစီအရေး၊ လူမျိုးစု အမျိုးသားရေး ကို ရှေးရှုကြခြင်း စတဲ့ အချက်တွေက နိုင်ငံရေးအယူဝါဒနီးစပ်မှုကြောင့် ဖြစ်ကြောင်း စာတမ်းက ဆွေးနွေးထားတာ ဖြစ်ပါတယ်။ ဒုတိယအချက်က ဒေသနီးစပ်မှုကြောင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဥပမာ – လက်နက်ကိုင်ပဋိပက္ခနယ်မြေမှာ ကြီးပြင်းလာခြင်းမျိုး ဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ လူမှုနီးစပ်မှု ကြောင့် ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအတွင်းမှာ မိဘ ညီအကို မောင်နှမများ ပါဝင်နေခြင်းကဲ့သို့ ဖြစ်ပါတယ်။

စာတမ်းရဲ့နောက်ဆက်တွဲ ဆွေးနွေးချက်က အဖွဲ့အစည်းပိုင်ဆိုင်ရာ ပုံသဏ္ဍာန်ပြောင်းလဲခြင်းရဲ့ အလားအလာနဲ့ စိန်ခေါ်ချက်တွေပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေစိုက်ရာနယ်မြေဒေသအချို့ မှာ ဒေသခံတိုင်းရင်းသားတွေရဲ့ လူမှုဘဝလုံခြုံရေးအတွက် အစိုးရရဲ့ အုပ်ချုပ်ရေးအာဏာ လုံးဝဥဿုံ လက်လှမ်းမှီနိုင်စွမ်း မရှိနေတာဖြစ်ပါတယ်။ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပညာရေး၊ ကျန်းမာရေး နဲ့ တရားစီရင်ရေးအစီအစဉ်တွေသာ ကိုယ်စီကျင့်သုံးနေကြတာ တွေ့နိုင်ပါတယ်။ အထင်ရှားဆုံးဥပမာများအဖြစ် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မိုင်းလားဒေသ စတဲ့ နေရာတွေမှာ ကိုယ်ပိုင် ပညာရေးယန္တရားတွေ တည်ရှိနေတာ ဖြစ်ပါတယ်။ ဒီအချက်တွေက မြန်မာနိုင်ငံရဲ့ အနာဂတ် လုံခြုံရေးကဏ္ဍအပြောင်းအလဲအတွက် အဓိက ကျတဲ့ စိန်ခေါ်မှုတွေအဖြစ် ထည့်သွင်းဆွေးနွေး ထားပါတယ်။ အဖွဲ့အစည်းတရပ်ပြောင်းလဲခြင်းမှာ အဓိကကျဆုံး အခက်အခဲက အပြောင်းအလဲကို အသားကျရန် ခက်ခဲတတ်တဲ့ လူသဘာဝကြောင့် ဖြစ်ပါတယ်။ ရှိရင်းစွဲ အခွင့်အရေးတွေကို အဆုံးသတ်ရမယ့် အနေအထားရှိနေခြင်းအချက်ကလည်း အပြောင်းအလဲတခု ဖော်ဆောင်ဖို့ တွန့်ဆုတ်စေကြောင်း ဆွေးနွေးထားပါတယ်။ အထူးသဖြင့် မြန်မာ့တပ်မတော် နှင့် EAOs အဖွဲ့များရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရသော်လည်းကောင်း၊ မူဝါဒအရသော်လည်းကောင်း ကွဲပြားခြားနားမှု ရှိနေခြင်းက တခုတည်းသော တပ်မတော် ဖော်ဆောင်ရေးကဲ့သို့သော ကိစ္စရပ်တွေမှာ အကျေအလည် ဆွေးနွေးရမယ့် အချက် ဖြစ်လာပါတယ်။

သုတေသနစာတမ်းရဲ့ နောက်ဆုံးသုံးသပ်ချက်အပိုင်းမှာ ဒေသခံတိုင်းရင်းသားလူမျိုးစုတို့ရဲ့ လူမှုဘဝလုံခြုံရေး၊ တရားမျှတရေးတို့နဲ့ ပတ်သက်ပြီး အာမခံချက်မဖော်ဆောင်နိုင်သရွေ့ လုံခြုံရေးကဏ္ဍအပြောင်းအလဲ ဖော်ဆောင်ရာမှာ တွန့်ဆုတ်မှုများ ရှိနေနိုင်ကြောင်း ဆွေးနွေးပါတယ်။ ဒေသခံတိုင်းရင်းသားတို့ရဲ့ လောကအမြင် အရ ၎င်းတို့ဒေသမှာ အခြေစိုက်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုသာ အစိုးရတရပ်အသွင် ရှုမြင်မှတ်ယူနေကြတာပါ။ ဒီအချက်က ပြည်မက လူမျိုးစုများနဲ့ တိုင်းရင်းသားတွေအကြား အဓိက ကွာခြားတဲ့ လောကအမြင် ဖြစ်ပါတယ်။ ဒီအယူအဆနှစ်ခု ယှက်နွယ်ပေါင်းစည်းနိုင်ကြဖို့ ဖြစ်တန်ချေများ၊ လောကအမြင် ဆုံချက်များ နဲ့ စိန်ခေါ်ချက်များ ကို ယခုစာတမ်းမှ တဆင့် ဖတ်ရှုလေ့လာကြရမှာပဲ ဖြစ်ပါတယ်။

အချုပ်အားဖြင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်ဆောင်ရွက်ဖို့ ကြိုးပမ်းကြတဲ့အခါမှာ ယခုသုတေသန စာတမ်းမှတဆင့် လုံခြုံရေးကဏ္ဍအပြောင်းအလဲဖြစ်စဉ်အတွက် ထည့်သွင်းစဉ်းစားသင့်တဲ့ ဆွေးနွေးချက်တွေကို သတိပြုဖွယ် ဖတ်ရှုလေ့လာရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ရပ်တည်ချက်များ နဲ့ သက်ဆိုင်ရာ လောကအမြင်များကလည်း အကျယ်တဝင့် ဆက်လက်လေ့လာသင့်တဲ့ သုတေသနနယ်ပယ် တစ်ခု ဖြစ်လာပါတယ်။