မြေယာစီမံအုပ်ချုပ်မှုစနစ်-အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံအတွက် စဉ်းစားချက်များ (သုတေသနစာတမ်း မိတ်ဆက်)

Post By Zaw Htet Oo, On February 6, 2020

မြေယာစီမံအုပ်ချုပ်မှုစနစ်-အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံအတွက် စဉ်းစားချက်များ (သုတေသနစာတမ်း မိတ်ဆက်)

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ကိုင်တွယ်ဖြေရှင်းရမယ့် စိန်ခေါ်မှုများစွာအနက်မှ ထင်ရှားတဲ့ အရေးကိစ္စတခုက မြေယာစီမံအုပ်ချုပ်မှု စနစ်ဖြစ်ပါတယ်။ ကိုလိုနီခေတ်က အစပြုလို့  မျက်မှောက်ခေတ် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလအထိ မြေယာစီမံအုပ်ချုပ်မှုနဲ့ ပတ်သတ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရေးဆွဲခဲ့သလို၊ ခေတ်နဲ့အညီ ပြောင်းလဲမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ လုံလောက်မှုမရှိသေးဘဲ မြေယာကဏ္ဍအတွက် ပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ အခုဖော်ပြမယ့်စာစုမှာ  မြေယာစီမံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး အနာဂတ်ဖက်ဒရယ်နိုင်ငံအတွက် ရည်မျှော်တဲ့ စဉ်းစားချက်တွေကို ပြုစုဆွေးနွေးထားတဲ့ သုတေသနစာတမ်းတခုကို မိတ်ဆက်ရေးသားမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ပြည်ထောင်စုမြန်မာနိုင်ငံ) / Ethnic Nationalities Affairs Center (Union of Burma)က ထုတ်ဝေပြုစုတဲ့ “မြေယာစီမံအုပ်ချုပ်မှုစနစ် – အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံအတွက် စဉ်းစားချက်များ”  သုတေသနစာတမ်းမှာ လက်ရှိ ဖော်ဆောင်ကျင့်သုံးနေတဲ့ မြေယာစီမံ အုပ်ချုပ်မှု ပုံစံတွေအပေါ် သုံးသပ်ဆွေးနွေးချက်တွေအပြင် အနာဂတ်အတွက်၊ အထူးသဖြင့် ဖက်ဒရယ် ပြည်ထောင်စုအတွက် စဉ်းစားချက်တွေကို ဖတ်ရှုလေ့လာရမှာပါ။ သုတေသနစာတမ်းရဲ့ အဓိက တွေ့ရှိချက် တွေကို အပိုင်းသုံးပိုင်းဖြင့် ပိုင်းခြား ဆွေးနွေးပါမယ်။

၁။ စာတမ်းရဲ့ အဓိကဦးတည်ချက်က ဘာလဲ။

မြေယာပြဿနာကို အဖြေရှာဖို့ကြိုးပမ်းကြတဲ့ လေ့လာမှုများစွာအနက် ဒီစာတမ်းဟာ ဖက်ဒရယ်စနစ် ရှုထောင့်ကတဆင့် ချဉ်းကပ်အဖြေရှာထားတဲ့ သုတေသနတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ် မှာ မြေယာကဏ္ဍကို ဆွေးနွေးညှိနှိုင်းကြရာမှာ ဖက်ဒရယ်မြေယာအခြေခံမူများ ချမှတ်ဖို့အတွက် အထောက်အပံ့ဖြစ်ဖို့ ဒီစာတမ်းက ရည်ရွယ်ပါတယ်။ သုတေသနစာတမ်းက အဖြေရှာဖို့ ကြိုးပမ်းထားတဲ့ အဓိက သုတေသနမေးခွန်း ငါးခုရှိပါတယ်။ ဒါတွေက –

  • ကောင်းမွန်သော မြေယာစီမံအုပ်ချုပ်မှုစနစ်တခုတွင် မည်သည့် အခြေခံစံနှုန်းများ ရှိသနည်း။
  • မြန်မာနိုင်ငံ၏ မြေယာများကို မည်သည့်မြေယာဥပဒေနှင့် အင်စတီကျူးရှင်းမူဘောင်တို့ဖြင့် စီမံအုပ်ချုပ် သနည်း။ ယင်းမူဘောင်များ၏ အားသာချက်များနှင့် အားနည်းချက်များကား အဘယ်နည်း။
  • ကမ္ဘာ့နိုင်ငံအချို့တွင် ကျင့်သုံးနေသည့် မြေယာစီမံအုပ်ချုပ်မှုစနစ်များတွင် မြေယာစီမံအုပ်ချုပ်မှုစနစ် ဆိုင်ရာ လုပ်ပိုင်ခွင့်များကို အစိုးရအဖွဲ့များအကြား မည်သို့ ခွဲဝေကျင့်သုံးကြသနည်း။
  • ရိုးရာဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်ခွင့်နှင့် မြေအသုံးချမှုစနစ်ကို တရားဝင် အသိအမှတ် ပြုထား သည့် ကမ္ဘာ့နိုင်ငံအချို့၏ အတွေ့အကြုံများမှ မြန်မာနိုင်ငံ၏ မြေယာစီမံအုပ်ချုပ်မှုစနစ် ပြုပြင် ပြောင်းလဲမှုအတွက် မည်သည့် သင်ခန်းစာများ ရယူနိုင်သနည်း။
  • အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံ၏ မြေယာစီမံအုပ်ချူပ်မှုစနစ်အတွက် အခြေခံမူများ ချမှတ်ရာတွင် မည်သည့်ဖက်ဒရယ်အခြေခံမူများ ထည့်သွင်းစဉ်းစားသင့်သနည်း စတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

ဒီမေးခွန်းတွေကို အဖြေရှာနိုင်ဖို့ မြေယာကဏ္ဍမှာ တာဝန်ယူဆောင်ရွက်နေတဲ့ အစိုးရပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေအပြင် ကရင်ပြည်နယ် ၊ကယားပြည်နယ်၊ မွန်ပြည်နယ်တို့မှာရှိကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ပြည်သူလူထုတွေကို မေးမြန်းဆွေးနွေး ထားပါ တယ်။ မြေယာနဲ့ ပတ်သက်တဲ့ အခြေခံသဘောသဘာဝတွေ၊ နိုင်ငံတကာ သဘောတူစာချုပ်တွေနဲ့ မြေယာစီမံ အုပ်ချုပ်မှုစနစ်ပုံစံတွေကိုလည်း ဝေဝေဆာဆာ ထည့်သွင်းဆွေးနွေးထားပါတယ်။

၂။ အစိုးရ ဘယ်လဲ၊ တိုင်းရင်းသားတွေ ဘယ်လဲ။

အစိုးရအဆက်ဆက်နဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ မြေယာ စီမံအုပ်ချုပ်မှု အပေါ် ကိုင်တွယ် ချဉ်းကပ်ကြပုံနဲ့ ပတ်သက်ပြီး သုတေသနစာတမ်းက တွေ့ရှိချက်တွေကို ဒီအပိုင်းမှာ ဆွေးနွေးမိတ်ဆက်ပါမယ်။

အစိုးရအဆက်ဆက် မြေယာစီမံ အုပ်ချုပ်မှုပုံစံကို ဆွေးနွေးတဲ့အခါ လွတ်လပ်ရေးမတိုင်မီခေတ်၊ လွတ်လပ်ရေးရပြီးခေတ်၊ အရပ်သားတပိုင်း အစိုးရခေတ် စတဲ့ ခေတ်အဆက်ဆက်မှာ ပြဌာန်းခဲ့တဲ့ မြေယာဆိုင်ရာ ဥပဒေများစွာကို အချိန်အပိုင်းအခြား အလိုက် ဆွေးနွေးတင်ပြထားပါတယ်။ ကိုလိုနီခေတ် ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေအရ အစိုးရကို “အများပြည်သူအကျိုးစီးပွားအတွက်” ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဂ္ဂလိကမြေယာတွေ သိမ်းဆည်းခွင့် ပေးအပ်ထားတာ ဖြစ်ပါတယ်။ ဒီအချက်က အထူးသဖြင့် မြေပြန့်ဒေသတွေရဲ့ ဓလေ့ထုံးတမ်းမြေယာစီမံအုပ်ချုပ် မှုအပေါ် ထိခိုက်နစ်နာမှု များစွာ ရှိလာစေပါတယ်။

လွတ်လပ်ရေးခေတ်ရပြီးနောက်ပိုင်း ထွက်ရှိခဲ့တဲ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေနဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွေမှာ မြေယာကဏ္ဍအတွက် ဖွင့်ဆိုချက်တွေကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၈ တည်ဆဲ အခြေခံဥပဒေအရ “နိုင်ငံ အတွင်းရှိ မြေများနှင့် သယံဇာတများအားလုံး၏ မူရင်းပိုင်ရှင်သည် နိုင်ငံတော်ဖြစ်သည်” လို့ ဖွင့်ဆိုပါတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့  ပုဒ်မ ၄၇ အရ နိုင်ငံတော်ဆိုတာ လွှတ်တော်နဲ့ အစိုးရကို ရည်ညွှန်းထားတာပါ။ ဒီအခြေအနေမှာ လူထုရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်နေခြင်းက အငြင်းပွားစရာ ဖြစ်တယ်လို့ စာတမ်းကထောက်ပြဆွေးနွေးပါတယ်။အဲဒီနောက် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလမှာ ပြဋ္ဌာန်းခဲ့တဲ့၊ ဖျက်သိမ်းခဲ့တဲ့ မြေယာဥပဒေတွေ၊ ဖွဲ့စည်းခဲ့တဲ့ အစိုးရမြေယာကော်မတီ တွေရဲ့ လုပ်ငန်းယန္တရားတွေကိုပါ ဖတ်ရှုလေ့လာရမှာပါ။ တဆက်တည်းမှာပဲ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ထံ ပေးပို့တိုင်တန်းချက်များထဲမှာ မြေအငြင်းပွား မှုက စုစုပေါင်း ၂၂၃၅မှု နဲ့ အများဆုံး ဖြစ်နေပါတာကို ဖော်ပြခဲ့ပါတယ်။ ဒီအချက်က နိုင်ငံရဲ့ မြေယာကဏ္ဍအတွက် ပြုပြင်ပြောင်းလဲမှု တွေ ပိုမိုဖော်ဆောင်ဖို့လိုအပ်နေကြောင်း ဆင်ခြင်သုံးသပ်စရာပါ။

တိုင်းရင်းသားလူမျိုးစုတွေရဲ့  မြေယာစီမံအုပ်ချုပ်ပုံကို ဆန်းစစ်တဲ့အခါ ကရင်ပြည်နယ်၊ ကယားပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ စီမံခန့်ခွဲပုံကို ချဉ်းကပ်လေ့လာထားပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) မှာ သီးခြားမြေယာမူဝါဒကို ၂၀၁၅ ခုနှစ်မှာ ရေးဆွဲထားပြီး “မြေယာသည် ပြည်သူလူထုက ပိုင်သည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတည်ပြုခဲ့ပါတယ်။ အစိုးရအုပ်ချုပ်ရေးယန္တရား မရောက်တဲ့ ကရင်ပြည်နယ်ဒေသတွေမှာ ကရင်အမျိုးသားအစည်းအရုံးရဲ့  စီမံအုပ်ချုပ်မှုရှိနေပါတယ်။ စာတမ်းရဲ့ အဆိုအရ ကရင်အမျိုးသားအစည်းအရုံးရဲ့ မြေယာမူဝါဒမှာ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်း၊ ဒီမိုကရေစီစံနှုန်းနှင့် ကောင်းမွန်သော အုပ်ချုပ်မှုပုံစံများ ပါရှိနေတာကြောင့် ပြည်သူလူထုရဲ့ အကျိုးစီးပွားကို‌ ရှေးရှုနိုင်တယ်လို့ ထောက်ပြဆွေးနွေးထားပါတယ်။ မွန်ပြည်သစ်ပါတီ(NMSP) ကလည်း ၁၉၇၂ ခုနှစ်မှာ “လယ်လုပ်သူ လယ်ပိုင်ခွင့်ရှိရမည်” ဆိုတဲ့ အခြေခံမူနဲ့ မြေယာလမ်းစဉ်ကို ချမှတ်ခဲ့ပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ကလည်း “လယ်လုပ်သူ လယ်ပိုင်ခွင့်ရှိရမည်” ဆိုတဲ့ တူညီတဲ့ အခြေခံမူကိုပဲ ချမှတ်ထားပါတယ်။ ဒေသတခုချင်းစီအလိုက် နိုင်ငံရေးအခြေအနေတွေ၊ သီးခြားရပ်တည်ချက်တွေကြောင့် အဆိုပါ မြေယာဥပဒေတွေကို ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းရာမှာ ရလာဒ်တွေ ကွဲပြားတာကို ဖတ်ရှုလေ့လာရမှာပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း သုံးခုရဲ့ မြေယာမူဝါဒအသီးသီးမှ အားနည်းချက်၊ အားသာချက်တွေ အပြင် အုပ်ချုပ်မှု ကော်မတီအသီးသီးရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ပြည့်ပြည့်စုံစုံ ဖတ်ရှုရမှာပါ။

အစိုးရက ဗဟိုချုပ်ကိုင်မှုဖြေလျော့ဖို့ ကြိုးပမ်းလာတာကို တွေ့ရပေမယ့် ပြည်နယ်တွေ၊ တိုင်းရင်းသား ဒေသတွေမှာ လုပ်ပိုင်ခွင့်အကန့်အသတ်နဲ့ ရှိနေသေးတဲ့ အချက်က မြေယာအုပ်ချုပ်မှုပုံစံ ပြောင်းလဲမှု လုပ်နေရာမှာ နှောင့်နှေးမှုတွေ ရှိစေကြောင်း ဆွေးနွေးထားပါတယ်။ ဒါ့အပြင် ဖက်ဒရယ်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ အိန္ဒိယ၊ မလေးရှားနဲ့ နိုင်ဂျီးရီးယားတို့ရဲ့ မြေယာစီမံအုပ်ချုပ်မှုပုံစံတွေ သာမက မြန်မာနိုင်ငံလို ဓလေ့ထုံးတမ်းယှက်နွယ်မှုတွေရှိတဲ့ အာဖရိကနိုင်ငံအချို့ရဲ့ မြေယာစီမံအုပ်ချုပ်ပုံတွေကိုလည်း ဖတ်ရှုကြရမှာပါ။

၃။ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဘာတွေပြင်ဆင်ကြမလဲ။

သုတေသနစာတမ်းမှာ အစိုးရအဆက်ဆက်ရဲ့ မြေယာစီမံအုပ်ချုပ်ပုံ အားနည်ချက်၊ အားသာချက်များ၊ တိုင်းရင်းသားဒေသသုံးခုရဲ့ မြေယာမူဝါဒ အသီးသီးရဲ့ အားနည်းချက်၊ အားသာချက်တွေအပြင် ၎င်းတို့ကြား ခြားနားချက်တွေကို ဆွေးနွေးထားပါတယ်။ တဆက်တည်းမှာပဲ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု မြေယာစီမံ အုပ်ချုပ်မှုဆိုင်ရာ အခန်းကဏ္ဍအတွက် ရည်မျှော်ချက်တွေကိုလည်း ဆွေးနွေးပါတယ်။

အာဏာရအစိုးရအနေနဲ့ နိုင်ငံရဲ့ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အရ လွှတ်တော် လမ်းကြောင်းမှ တဆင့် မြေယာဆိုင်ရာဥပဒေများပြင်ဆင်ရေးဆွဲပြီး ဗဟိုချုပ်ကိုင်မှုလျော့ချအောင် ကြိုးပမ်း နေခြင်းရှိသော်လည်း နှေးကွေးတဲ့ အုပ်ချုပ်မှုစနစ် အပြောင်းအလဲဖြစ်တယ်လို့ ဆွေးနွေးထားပါတယ်။ တဘက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက လွှတ်တော်ပြင်ပလမ်းကြောင်းဖြစ်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်က တဆင့် ပြင်ဆင်ဖို့ကြိုးပမ်းနေကြပြီး ၎င်းတို့မျှော်မှန်းတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကို ကြိုးပမ်းလာတာ ဖြစ်ပါတယ်။  တိုင်းရင်းသားပြည်သူတွေရဲ့ ဓလေ့ထုံးတမ်း တွေနဲ့ နီးစပ်မှုပိုရှိတဲ့ ပြည်နယ်အစိုးရရဲ့ လက်ထဲမှာသာ မြေယာနဲ့ပတ်သက်တဲ့ အခွင့်အာဏာကို ထားရှိလိုတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေအတွက် ဖြစ်တန်ချေရှိတဲ့ စဉ်းစားချက်များစွာကို ဖတ်ရှုရမှာပါ။ အထက်က ဖော်ပြခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသားတွေရဲ့ မြေယာပြုပြင်ရေး လမ်းကြောင်းနှစ်ခုကို ပေါင်းစည်းပြုလုပ်နိုင်ဖို့ လိုအပ်တယ်လို့ ထောက်ပြဆွေးနွေးပါတယ်။ လက်တွေ့ကျတဲ့ မြေယာဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကို အစောဆုံးစတင်နိုင်ဖို့အတွက် နိုင်ငံအတွင်း နှစ်ပေါင်း ၇၀ နီးပါးဖြစ်ပွား နေတဲ့ ‌ပြည်တွင်းစစ်နဲ့ လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းအောင်ဖော်ဆောင်နိုင်ဖို့ဆိုရာမှာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစံနှုန်း တွေကို အခြေခံတဲ့ မြေယာစီမံ အုပ်ချုပ်မှုစနစ်တခု အကောင်အထည်ဖော်သွားဖို့ လိုအပ်ကြောင်း ဆွေးနွေး ထားချက်တွေကို ဖတ်ရှုရ မှာပါ။

အချုပ်အားဖြင့်ဆိုရရင် ဒီသုတေသနစာတမ်းမှာ အချက်နှစ်ချက်ကို တွေ့ရှိရမှာပါ။ ပထမအချက်က မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ကျင့်သုံးပြဋ္ဌာန်းခဲ့တဲ့ မြေယာ ဥပဒေများ၊ အုပ်ချုပ်ရေးကော်မတီများ၊ တိုင်းရင်းသားဒေသများရဲ့ အခြေအနေများကို ရှာဖွေဖော်ထုတ်ထားပါတယ်။ ဒုတိယအချက်ကတော့ အဆိုပါ တွေ့ရှိချက်ကို အခြေခံပြီး အနာဂတ် ဖက်ဒရယ်စနစ် အကူးအပြောင်းကာလမှာ သင့်လျော်မယ့် မြေယာမူဝါဒ တရပ် ပေါ်ပေါက်လာအောင် ကြိုးပမ်းတဲ့အခါ အထောက်အပံ့ဖြစ်စေနိုင်တဲ့ စဉ်းစားချက် များစွာကိုလည်း ဆွေးနွေးတင်ပြထားတာ ဖြစ်ပါတယ်။

ယခုဖော်ပြပါ “မြေယာစီမံအုပ်ချူပ်မှုစနစ်- အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံအတွက် စဉ်းစား ချက်များ” သုတေသနစာတမ်းအပြည့်အစုံကို Download ရယူနိုင်ပါသည်။