နမ်ဆန်ယန် နေရပ်ပြန် စစ်ရှောင်ပြည်သူများ၏ အတွေ့အကြုံကို ဆန်းစစ်ကြည့်ခြင်း (သုတေသနစာတမ်း မိတ်ဆက်)

Post By Zaw Htet Oo, On December 24, 2019

နမ်ဆန်ယန် နေရပ်ပြန် စစ်ရှောင်ပြည်သူများ၏ အတွေ့အကြုံကို ဆန်းစစ်ကြည့်ခြင်း (သုတေသနစာတမ်း မိတ်ဆက်)

မြန်မာနိုင်ငံမှာ ကာလရှည် ဖြစ်နေဆဲ ပြည်တွင်းစစ်ကြောင့် ထင်သာမြင်သာရှိတဲ့ ဘေးထွက်ဆိုးကျိူးတခုက နေရပ် စွန့်ခွာ ထွက်ပြေးကြရတဲ့ စစ်ရှောင်ပြည်သူတွေ (IDP – Internally Displaced Persons) များပြားလာတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် လက်နက်ကိုင်ပဋိပက္ခရဲ့ ရေချိန် အတက်အကျဟာ စစ်ရှောင်ပြည်သူတွေရဲ့ ဘဝတွေအပေါ် တိုက်ရိုက် သက်ရောက်မှုရှိနေပါတယ်။ မတည်ငြိမ်တဲ့ အခြေအနေတရပ်မှာ ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခက အရင်းခံအကြောင်းတရား တခု ဖြစ်ပြီး ပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်ကြရင်း ဒုက္ခ ပင်လယ်ဝေနေတာက အကျိုးတရား တခု ဖြစ်တယ်ဆိုတာ သတိပြုဖို့ ဖြစ်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာ IDPs စခန်းတွေမှာ ခက်ခဲစွာနေထိုင်ကြရသလို မူလနေရပ်မှာ ပြန်လည်အခြေချကြတဲ့သူတွေမှာလည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ အကျိုးစီးပွားကို ကာကွယ် မြှင့်တင်ပေးခြင်းသည်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖော်ဆောင်ပေးခြင်း မျက်နှာစာတခု ဖြစ်ပါတယ်။ ဒီနေရာမှာ ဝိဝါဒကွဲစရာ အချက်က ပြည်တွင်းစစ်ကို လုံးဝ ချုပ်ငြိမ်းအောင် မလုပ်နိုင်သေးခင် စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ရေး အစီအစဉ်တွေ ဖော်ဆောင်နေမှုတွေက တကယ်ပဲ မှန်ကန်တဲ့ လုပ်ဆောင်မှု ဖြစ်သလား ဆိုတာ အကျယ်တဝင့် လေ့လာသင့်တဲ့ ကိစ္စတခု ဖြစ်ပါတယ်။

Kachinland Research Centre က ထုတ်ဝေတဲ့ “နမ်ဆန်ယန် နေရပ်ပြန် စစ်ရှောင်ပြည်သူများ၏ အတွေ့အကြုံကို ဆန်းစစ်ကြည့်ခြင်း” ဆိုတဲ့ သုတေသန စာတမ်းကို အခြေပြုပြီး စစ်ရှောင်ပြည်သူတွေရဲ့ နေရပ်ပြန်ရေး အစီအစဉ် ဘယ်လို အခြေအနေ ရှိတယ်ဆိုတာကို အခု သုတေသနစာတမ်း မိတ်ဆက်မှာ အကျဉ်း ဖော်ပြချင်ပါတယ်။

“နမ်ဆန်ယန် နေရပ်ပြန် စစ်ရှောင်ပြည်သူများ၏ အတွေ့အကြုံကို ဆန်းစစ်ကြည့်ခြင်း” သုတေသန စာတမ်းမှာ ကချင်ပြည်နယ် နမ်ဆန်ယန်ဒေသက စစ်ရှောင်ပြည်သူတွေရဲ့ နေရပ်ပြန်ရေးအစီအစဉ်က လုံခြုံပြီး ဂုဏ်သိက္ခာရှိသော၊ သူတို့ သဘောဆန္ဒအရ ဖြစ်သော နေရပ်ပြန်ခြင်း ဖြစ်သလားဆိုတဲ့ ချဉ်းကပ်မှုကို အခြေခံပြီး လေ့လာမှုတွေ လုပ်ထားပါတယ်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ လုံးဝမချုပ်ငြိမ်းသေးခင် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ အကြား ငြိမ်းချမ်းရေးသဘောတူညီမှု မရသေးခင်စပ်ကြား ဖော်ဆောင်ခဲ့တဲ့ နေရပ်ပြန်ရေးအစီအစဉ်က ပြန်လည်ရောက်ရှိလာတဲ့ စစ်ရှောင်ပြည်သူများရဲ့ ပညာရေး၊ ကျန်းမာရေး၊ မြေယာပိုင်ဆိုင်မှု၊ မိုင်းရှင်းလင်းရေး စတဲ့ လူမှုဘဝဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍများအပေါ်မှာ သက်ရောက်မှုရှိနေတဲ့ အခွင့်အလမ်း၊ စိန်ခေါ်မှုတွေ အပြင် ဖြစ်သင့် ဖြစ်ထိုက်တဲ့ အကြံပြုချက်များကိုလည်း သုတေသန စာတမ်းမှာ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က စပြီး တပ်မတော်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA )တို့ အကြား လက်နက်ကိုင် ပဋိပက္ခတွေ တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း ရှစ်နှစ်တာကာလအတွင်း တပ်မတော်က ဦးဆောင်ပါဝင်ပြီး လုပ်ဆောင်ခဲ့တဲ့ နမ်ဆန်ယန်ဒေသခံ စစ်ရှောင်ပြည်သူတွေရဲ့ နေရပ်ပြန်ရေးအစီအစဉ်ကို လုံခြုံပြီး ဂုဏ်သိက္ခာရှိသော နေရပ်ပြန်ခြင်းဟု ဆိုနိုင်မည်လား ဆိုတဲ့ ချဉ်းကပ်မှုနဲ့ လေ့လာခဲ့တဲ့ ဒီသုတေသနစာတမ်းမှာ အဓိက အဖြေရှာဖို့ ကြိုးစားထားတဲ့ သုတေသနမေးခွန်းကြီး လေးခု ရှိပါတယ်။

၁။ နေရပ်ပြန်လာရန် စောနေသေးသည်ဟူသော လူအများ၏ယူဆချက်ကို ဆန့်ကျင်ကာ နမ်ဆန်ယန်ဒေသခံ IDPs များသည် မည်သည့်တွန်းအားများကြောင့် နေရပ်ပြန်ရန် ဆုံးဖြတ်ခဲ့ကြပါသနည်း။

၂။ နေရပ်ပြန် နမ်ဆန်ယန် ဒေသခံများသည် မည်သည့်နိုင်ငံရေး၊ လူမှုရေး၊ စားဝတ်နေရေးနှင့် လုံခြုံရေးဆိုင်ရာ အခက်အခဲများကို တွေ့ကြုံခဲ့ရသနည်း။

၃။ ပြန်လည် ရောက်ရှိလာသော IDPsများသည် ၎င်းတို့၏ တပိုင်တနိုင်လုပ်နိုင်စွမ်း(Agency)ကို မည်သို့အသုံးချကြသနည်း။ နှီးနွယ် သက်ဆိုင်သူများ (လူထုနှင့် ဘာသာရေးခေါင်းဆောင်များ၊ ရပ်ရွာအုပ်ချုပ်ရေးဥက္ကဋ္ဌများ၊ တပ်မတော်၊ INGOs၊ NGOs များ) ကလည်း နေရပ်ပြန်ဖြစ်စဉ်တွင် မည်သည့် အခန်းကဏ္ဍများမှ ပါဝင်ခဲ့ကြသနည်း။

၄။ တပ်မတော်၊ INGOs၊ NGOs များနှင့် ဘာသာရေး အဖွဲ့အစည်းများက မြေမြုပ်မိုင်းရှင်း လင်းခြင်း၊ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ခြင်း၊ အသက်မွေး လုပ်ငန်းများနှင့် ပညာရေး၊ကျန်းမာရေးစသော ပြည်သူ့ ဝန်ဆောင်မှုများ ပြန်လည်ထူထောင် အသက်ဝင်လာစေရန် မည်သည့်အနေအထားအထိ ချိတ်ဆက်လုပ်ဆောင်ခဲ့သနည်း၊ လုပ်ငန်းဆောင်ရွက်ခဲ့မှုများ မည်မျှထိရောက်မှုရှိခဲ့သနည်း ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။

ဒီသုတေသနစာတမ်းရဲ့ အဓိကတွေ့ရှိချက်တွေမှာ လူသားလုံခြုံမှုရေး(Human Security) ကို ဆွေးနွေးခဲ့ပါတယ်။ ပြန်လည်တည်ဆောက်ရေးကဏ္ဍမှာ နေရပ်ပြန်လာသူတွေအတွက် ပျက်စီးသွားတဲ့ နေအိမ်အဆောက်အအုံတွေ ပြုပြင်ဆောက်လုပ်ဖို့ ပစ္စည်းကိရိယာတွေ၊ ကျွမ်းကျင် ဆောက်လုပ်ရေး လုပ်သားတွေ မရှိတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ စားနပ်ရိက္ခာရရှိဖို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန အပါအဝင် တပ်မတော်ရဲ့ ထောက်ပံ့မှုအပေါ် လုံးဝမှီခိုနေရပါတယ်။

သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိဖို့အတွက်က တရွာလုံး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုဖြစ်လာ ပါတယ်။ သန်ရှင်းတဲ့ ရေမရရှိတဲ့ အကျိုးဆက်အဖြစ် ဝမ်းလျှောရောဂါ၊ ခြေလက်ယောင်ရမ်းခြင်း၊ အရေပြားယားယံခြင်း၊ တုတ်ကွေး စတဲ့ ရောဂါတွေ ဆက်လက် ဖြစ်ပွားစေပါတယ်။ နမ်ဆန်ယန်ဒေသမှာ ကျမ်းမာရေး စောင့်ရှောက်မှုအတွက် တပ်မတော်ဆေးပေးခန်း နဲ့ ကျေးလက်ဆေးပေးခန်း နှစ်ခုပဲရှိနေပါတယ်။အများစုသော လူနာများက ဝန်ဆောင်မှု ပိုကောင်းမွန်တဲ့ တပ်မတော် ဆေးပေးခန်းကိုသာ အသွားအလာများကြတယ်လို့ ဆွေးနွေးထားတာပါတယ်။

နေရပ်ပြန်သူများရဲ့ ပညာရေး ကဏ္ဍအတွက် သုတေသနစာတမ်းက ဆွေးနွေးထားတဲ့ အချက်တွေက စိတ်ဝင်စားစရာပါပဲ။ IDP စခန်းမှာ ရှစ်နှစ်ကြာ နေခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ပုံမှန်စာသင်ကြားမှုစနစ်နဲ့ အချိန် အတော်ကြာကြာဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ စစ်ပွဲက ရရှိခဲ့တဲ့ စိတ်ဒါဏ်ရာတွေ ရှိနေနိုင်မှာ ဖြစ်တာကြောင့် အထူးစီမံပြုလုပ်ထားတဲ့ သင်ရိုးညွှန်တမ်းတွေ၊ စာသင်ကြားမှု နည်းစနစ်တွေ ပြုလုပ်နိုင်ဖို့ အရေးကြီးတယ်လို့ ဆွေးနွေးထားတာ ဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ကြတဲ့အခါ လူမှုဘဝဖွံ့ဖြိုးရေး နဲ့ လုံခြုံရေးအတွက် ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်နှစ်ခုဖြစ်တဲ့ မြေယာအခွင့်အရေးလုံခြုံမှု နဲ့ မြေမြုပ်မိုင်း အန္တရာယ်တို့အပေါ် ဆွေးနွေးထားချက်တွေက ဂရုပြုသင့်တဲ့ကဏ္ဍတွေဖြစ်ပါတယ်။  သူတို့ ရပ်ရွာမှာ မရှိကြတဲ့နောက် အစိုးရက မြေယာတွေကို ပြန်လည်သိမ်းဆည်းလိုက်မယ့်အပေါ် စိုးရိမ်မှုတွေ ပိုခဲ့တာ ဖြစ်ပါတယ်။ ဒါကလည်း မြေလွတ်မြေရိုင်းဥပဒေကြောင့် ဖြစ်ပါတယ်။မှတ်ပုံတင်ထားခြင်းမရှိတဲ့ လယ်ယာမြေတွေကို မြေလွတ်မြေရိုင်းအဖြစ် သတ်မှတ်မယ်ဆိုတဲ့ အချက်ကြောင့်ဖြစ်သလို၊ရွာသားအများစုမှာလည်း မြေအသိမ်းခံရမှာကို စိုးရိမ်ခဲ့ကြတာ ဖြစ်ပါတယ်။

သုတေသနစာတမ်းမှာ ပါတဲ့ ကိန်းဂဏန်းတွေကို ကြည့်ရင်လည်း ဒီအချက်ကို မြင်နိုင်ပါတယ်။ “ယခင်က စိုက်ပျိုးခဲ့သော မြေများအတွက် မြေငှားရမ်းခွင့် စာချုပ်များ ရှိပါသလား” ဆိုတဲ့ မေးခွန်းမှာ ရှိတယ်လို့ ဖြေဆိုသူက ၁၈ ဒသမ ၅၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။ မရှိဘူးလို့ ဖြေဆိုသူက ၇၅ ဒသမ ၇၁ ရာခိုင်နှုန်းအထိ ရှိနေပြီး၊ တိုက်ပွဲတိမ်းရှောင်နေစဉ် ပျောက်ဆုံးသွားတယ်လို့ ဖြေဆိုသူက ၅ ဒသမ ၇၁ ရာခိုင်နှုန်း ရှိပါတယ်။ တခါ “ယခင်က စိုက်ပျိုးခဲ့တဲ့ စပါးစိုက်ခင်းအတွက် တရားဝင် မြေငှားရမ်းခွင့် စာချုပ်များ ရှိပါသလား” ဆိုတဲ့ မေးခွန်းကို ဖြေကြတဲ့အခါမှာလည်း ရှိတယ်လို့ ဖြေဆိုသူက ၂၅ ဒသမ ၇၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ မရှိဘူးလို့ ဖြေသူက ၆၇ ဒသမ ၁၄ ရာခိုင်နှုန်း၊ စစ်အတွင်း ပျောက်ဆုံးသွားတယ်လို့ ဖြေသူက ၇ ဒသမ ၁၄ ရာခိုင်နှုန်းရှိပါတယ်။

ဥပဒေကြောင်းအရ ခိုင်မာမှုရှိတဲ့ မြေယာပိုင်ဆိုင်မှု အထောက်အထားတွေ အားနည်းနေခြင်း၊ လုံးဝ မရှိခြင်းဆိုတဲ့  အချက်တွေက စစ်ရှောင်ပြည်သူတွေအတွက် သူတို့ လယ်ယာမြေတွေ ဆုံးရှုံးမှာကို စိတ်ပူစရာ ဖြစ်ခဲ့ပေမဲ့ သူတို့ စိုးရိမ်သလောက် အခြေအနေ မဆိုးခဲ့ဘူး ဆိုတဲ့ ကိန်းဂဏန်းတွေကိုလည်း တွေ့ရပါတယ်။ ဥပမာ – “နေရပ်ပြန်လာပြီးနောက် မြေယာဆိုင်ရာ အငြင်းပွားမှု တစုံတရာ တွေ့ကြုံရပါသလား” ဆိုတဲ့ မေးခွန်းကို ဖြေကြတဲ့အခါ မကြုံရဘူးလို့ ဖြေဆိုသူက ၉၂ ဒသမ ၈၆ ရာခိုင်နှုန်း ရှိပါတယ်။ ၇ ဒသမ ၁၄ ရာခိုင်နှုန်းက ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ နေရပ်ပြန်လာပြီးနောက် မြေယာအငြင်းပွားမှုကို သိပ်မကြုံကြရပေမဲ့ သူတို့ လယ်ယာလုပ်ငန်း မလုပ်နိုင်အောင် အဓိက အတားအဆီး ဖြစ်စေခဲ့တဲ့ အရာက မြေမြှပ်မိုင်းပဲ ဖြစ်ပါတယ်။

နမ်ဆန်ယန်ရွာကို ပြန်လာကြတဲ့ စစ်ရှောင်ပြည်သူတွေအတွက် မြေမြုပ်မိုင်းအန္တရာယ်က အဓိက အန္တရာယ်ကြီးတခု ဖြစ်နေပါတယ်။ “နေရပ် ပြန်လာပြီးနောကိ လယ်ယာလုပ်ငန်း မလုပ်ကိုင်နိုင်သူများ၊ အဓိက အတားအဆီးများ” ဆိုတဲ့ မေးခွန်းမှာ မြေမြှုပ်မိုင်းကြောင့် ဖြစ်တာက ၄၄ ဒသမ ၂၉ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်ခဲ့ပြီး၊ ဖော်ပြလိုစိတ် မရှိတာက ၂၇ ဒသမ ၁၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ကန့်သတ်နယ်မြေ ဖြစ်နေတာနဲ့ ကိုယ်တတ်နိုင်တဲ့ ပစ္စည်းတွေနဲ့ မြေယာကို ပြန်သုံးနိုင်တဲ့အထိ မပြုပြင်နိုင်တဲ့ ကိစ္စတွေကလည်း သူတို့အတွက် အတားအဆီး ဖြစ်စေခဲ့ပါတယ်။

မြေမြှုပ်မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး အချက်တခုကလည်း သတိပြုစရာပါ။  မိုင်းရှင်းလင်းရေး လုပ်ဆောင်ကြတဲ့အခါ ပြန်ရောက်လာတဲ့ အိမ်ထောင်စုတွေထဲက အိမ်ထောင်စု စာရင်းရှိတဲ့ အိမ်အချို့ရဲ့ ပတ်ဝန်းကျင်ကိုသာ တပ်မတော်က မိုင်းရှင်းပေးပြီး၊ အိမ်ထောင်စု အများစုဟာ မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး အသိပေးမှု မရတာ၊ ဘယ်လို လုပ်ရမလဲ မသိတာတွေ ရှိနေတဲ့ အချက် ဖြစ်ပါတယ်။ အခုချိန်ထိ မြေမြှုပ်မိုင်း ပေါက်ကွဲတာမျိုး မရှိသေးပေမဲ့ တနေ့ ကြုံလာမယ့်ဘေးကို ဒေသခံတွေ စိုးရိမ်နေရတယ်လို့လည်း သုတေသန စစ်တမ်းမှာ ဆိုထားပါတယ်။

အခု သုတေသနစာတမ်းမှာ နေရပ်ပြန်ပြည်သူတွေ ကြုံတွေနေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေအပြင် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြုံပြုချက်တွေကိုလည်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။ သုတေသနစာတမ်းရဲ့ တွေ့ရှိချက်တွေကို အခြေခံပြီး ကချင်ပြည်နယ်မှာသာမက ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နဲ့ ရခိုင်ပြည်နယ်စတဲ့ ဒေသတွေမှာ ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့  လူမှုဘဝဖွံ့ဖြိုးရေးအတွက် ဘာတွေလုပ်ဆောင်သင့်သလဲ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ လုံးဝမချုပ်ငြိမ်းသေးဘဲ စစ်ရှောင်ပြည်သူတွေအတွက် နေရပ်ပြန်နိုင်ရေး အစီအစဉ်က တကယ်ပဲ မှန်ကန်မှုရှိလား စတဲ့ မေးခွန်းတွေက ဆက်စပ်လေ့လာစရာ နယ်ပယ်တွေ ဖြစ်ပါတယ်။

“နမ်ဆန်ယန် နေရပ်ပြန် စစ်ရှောင်ပြည်သူများ၏ အတွေ့အကြုံကို ဆန်းစစ်ကြည့်ခြင်း” သုတေသနစာတမ်းကို ရယူလိုပါက Kachinland Research Centre ဝက်ဘ်ဆိုက်စာမျက်နှာတွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် Download ရယူနိုင်ပါသည်။