လုံခြုံရေးကဏ္ဍ ပြောင်းလဲရေးအခြေခံမူများနှင့် နိုင်ငံတကာအတွေ့အကြုံများ (စာတမ်းမိတ်ဆက်)

Post By Htet Shein Lynn, On September 4, 2020

လုံခြုံရေးကဏ္ဍ ပြောင်းလဲရေးအခြေခံမူများနှင့် နိုင်ငံတကာအတွေ့အကြုံများ (စာတမ်းမိတ်ဆက်)

စစ်အာဏာရှင် (သို့မဟုတ်) တပါတီအာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းလာသော နိုင်ငံများအားလုံးတွင် အာဏာပိုင်အဖွဲ့အစည်းများနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဗျုရိုကရက်ယန္တရားများသည် ပြည်သူများအပေါ် တာဝန်ခံကြောင်း သေချာစေရန်အတွက် ပွင့်လင်းမြင်သာမှုရှိရန် အရေးကြီးလှသည်။ ထိုကဲ့ သို့သော အဖွဲ့အစည်းများတွင် လုံခြုံရေးကဏ္ဍကို တာဝန်ယူထမ်းဆောင်သော တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အခြားသော လက်နက်ကိုင်တပ်ဖွဲ့များလည်း ပါဝင်ပါသည်။ ၎င်းတို့က ပြည်သူလူထုကို အမှန်တကယ် တာဝန်ခံပြီး လုံခြုံသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ကြောင်းသေချာရန် ပြောင်းလဲလာသော နိုင်ငံရေးစနစ်နှင့်အတူ လုံခြုံရေးကဏ္ဍ၏ လည်ပတ်မှု စနစ်များကိုလည်း ဒီမိုကရေစီနည်းကျ လိုက်ပါပြောင်းလဲရန် လိုအပ်ပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပုံဖော်ရန် ကြိုးစားနေသော မြန်မာနိုင်ငံအတွက် လုံခြုံရေးကဏ္ဍကို ရွေးကောက်ခံအစိုးရ၏ ကွပ်ကဲမှုအောက်တွင်ထားရှိ၍ ဒီမိုကရေစီနည်းကျ ပြောင်းလဲနိုင်ရန် အရေးကြီးပါသည်။ သို့မှသာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို အာမခံသည့် နိုင်ငံရေး ပြောင်းလဲမှုကို ဒီမိုကရေစီ နည်းကျဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ လုံခြုံရေးကဏ္ဍပြုပြင် ပြောင်းလဲရေး (security sector reform-SSR)အတွက် လိုအပ်သော မူဝါဒများ၊ နည်းဗျူဟာများနှင့် လက်တွေ့အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သော နိုင်ငံအချို့၏ တွေ့ကြုံခဲ့ရသော စိန်ခေါ်မှုများ၊ ထိုစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားခဲ့ပုံများအား နမူနာအဖြစ် ထည့်သွင်း၍ ရေးသားဖော်ပြထားသော စာတမ်းတစောင်နှင့် မိတ်ဆက်ပေးလိုပါသည်။

“လုံခြုံရေးကဏ္ဍပြောင်းလဲရေး အခြေခံမူများနှင့် နိုင်ငံတကာအတွေ့အကြုံများ” သုတေသနစာတမ်းကို တိုင်းရင်းသားလူမျိုးများရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ)မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ထုတ်ဝေခဲ့ပါသည်။ အဆိုပါစာတမ်းကို အပိုင်းသုံးပိုင်းခွဲ၍ မိတ်ဆက်တင်ပြလိုပါသည်။

လုံခြုံရေးကဏ္ဍပြောင်းလဲရေး၏ သွင်ပြင်လက္ခဏာများ

သုတေသနစာတမ်း ပထမပိုင်းတွင် လုံခြုံရေးကဏ္ဍပြောင်းလဲရေး၏ သွင်ပြင်လက္ခဏာများ၊ သဘောတရားများနှင့် လုံခြုံရေး ကဏ္ဍကို အရပ်ဘက်မှ ထိန်းကြောင်းခြင်းနှင့် သက်ဆိုင်သော မူဝါဒများ၊ နည်းဗျူဟာများအကြောင်း ရေးသား ဖော်ပြထားသည်။ လုံခြုံရေးကဏ္ဍကို အရပ်ဘက်အုပ်ချုပ်မှုအောက်ထားရှိရေးသည် လုံခြုံရေးကဏ္ဍ ပြောင်းလဲရေး လုပ်ငန်းစဉ်များ၏ အဓိက ဦးတည်ချက်ဖြစ်ကြောင်း ယခုစာတမ်းတွင် ထောက်ပြဆွေးနွေးထားသည်။ ထိုသို့ ပြောင်းလဲရာတွင် အစိုးရဗဟိုပြု သမာရိုးကျလုံခြုံရေး(traditional security)ကိုသာမက လူသားလုံခြုံရေး (human security)ကိုပါ ဗဟိုပြုစဉ်းစားမှသာ ရေရှည်တည်တံ့ပြီး အောင်မြင်သော အပြောင်းအလဲကို ဖော်ဆောင် နိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ပဋိပက္ခအလွန်ကာလတွင် လူသားလုံခြုံရေးကိုအာမခံပြီး ရေရှည်တည်တံ့သော အပြောင်းအလဲဖော်ဆောင်နိုင်ရန် ပဋိပက္ခတွင် အဓိကပါဝင်ခဲ့သူများဖြစ်သည့် စစ်တပ်နှင့် အစိုးရမဟုတ်သော လက်နက်ကိုင်တပ်ဖွဲ့တို့ နှစ်ဦး နှစ်ဖက်လုံး လက်ခံနိုင်မည့် တပ်မတော်တရပ်ထူထောင်ကာ ယင်းတပ်မတော်ကို အရပ်သားအစိုးရအုပ်ချုပ်မှု အောက်ထားရှိရေး ဦးစားပေးလုပ်ဆောင်ရန်လိုအပ်ကြောင်း တင်ပြဆွေးနွေးထားသည်။ ထို့အတွက်လည်း လုံခြုံရေးကဏ္ဍပြောင်းလဲရေးနှင့် ပတ်သက်သည့် နှစ်ဖက်သဘောတူညီချက်များကို ငြိမ်းချမ်းရေးသဘောတူစာချုပ်တွင် တပါတည်း ထည့်သွင်း ဆွေးနွေးသဘောတူ အတည်ပြုရန် လိုအပ်ကြောင်း စာတမ်းတွင် အလေးပေး ဖော်ပြထားသည်။

လုံခြုံရေးကဏ္ဍကို အရပ်ဘက်မှ ထိန်းချုပ်ရာတွင် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်တို့အပြင် အရပ်ဘက်အဖွဲ့အစည်းများမှ ထိန်းချုပ်ရေးအတွက် လိုအပ်သော မူဝါဒနှင့် နည်းဗျူဟာ များကိုလည်း အကြံပြုဖော်ပြထားသည်။ လုံခြုံရေးကဏ္ဍကို ထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် ကောင်းမွန်သော အုပ်ချုပ်မှု(Good governance)၊ ဒီမိုကရက်တစ် အုပ်ချုပ်မှု၊ ထိရောက်သော အုပ်ချုပ်မှုတို့ကို အကောင်အထည်ဖော်ကာ ဖွဲ့စည်းပုံနှင့် ပြဌာန်းဥပဒေတို့က အပ်နှင်းထားသည့် တိကျသော လုပ်ပိုင်ခွင့်အာဏာ ကို အသုးပြု၍ ပွင့်လင်းမြင်သာစွာ ထိန်းချုပ်စီမံရမည်ဟု စာတမ်းတွင် ထောက်ပြထားသည်။ ဥပဒေပြုရေး မဏ္ဍိုင်မှ ထိန်းချုပ်နိုင်ရန်အတွက် လွတ်တော်သည် ပွင့်လင်းမြင်သာ၍ တာဝန်ယူမှု တာဝန်ခံမှု ရှိရန် ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းကျင့်သုံးခြင်းဖြင့် ထိရောက်သော ဥပဒေပြုရေးအဖွဲ့ ဖြစ်လာစေရန် ပြင်ဆင်ရမည် ဖြစ်သည်။ ဥပဒေပြုလွတ်တော်က လုံခြုံရေးကဏ္ဍကို စောင့်ကြည့်ထိန်းချုပ်ရာတွင် လုံခြုံရေးကဏ္ဍ၏ အသုံးစရိတ်များ ပွင့်လင့်မြင်သာမှုရှိစေရန်နှင့် အလေအလွင့်မရှိစေရန် နှစ်စဉ် ရသုံးမှန်းခြေ ငွေစာရင်းများအား လွတ်တော်က စီစစ်အတည်ပြုပေးရန် လိုအပ်ကြောင်း စာတမ်းတွင် ထောက်ပြ အကြံပြုထားသည်။ လုံခြုံရေးကဏ္ဍကို ထိန်းကြောင်းရန်အတွက် လွတ်တော်ရေးရာကော်မတီများ ဖွဲ့စည်းရန် လိုအပ်ကြောင်းနှင့် ထိုကော်မတီများကို အရည်အသွေးပြည့်ဝ၍ ထိရောက်စွာ လည်ပတ်နိုင်ရန် မည်သို့ ဖွဲ့စည်း လုပ်ဆောင် သင့်ကြောင်း မူဝါဒအကြံပြုချက်များကိုလည်း စာတမ်းတွင် ဖတ်ရှုနိုင်မည်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများ၏ သဘောသဘာဝအရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များသည် တခုအပေါ်တခု လွမ်းမိုးချယ်လှယ်ခြင်းမရှိဘဲ အပြန်အလှန်ထိန်းကြောင်းကာ ပွင့်လင်းမြင်သာစွာ လည်ပတ်ရမည်ဖြစ်သည်။

ဤစာတမ်းတွင် တရားစီရင်ရေးမဏ္ဍိုင်က လုံခြုံရေးကဏ္ဍကို စောင့်ကြည့်ထိန်းချုပ်ရာတွင် ချမှတ်ထားသင့်သည့် မူဝါဒများနှင့် လုပ်ပိုင်ခွင့်များအကြောင်းကိုလည်း အသေးစိတ်ရှင်းလင်းဖော်ပြထားသည်။ တရားစီရင်ရေးမဏ္ဍိုင်၏ အခြေခံကျသော လုပ်ငန်းတာဝန်မှာ လုံခြုံရေးဝန်ထမ်း(စစ်တပ်၊ ရဲ စသည်)တို့၏ လုပ်ဆောင်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြဌာန်းဥပဒေများကို ဆန့်ကျင်လုပ်ဆောင်ခြင်း၊ ပြည်သူလူထုကို အကြောင်းမဲ့ဖမ်းစီး၊ နှိပ်စက်ခြင်းများပြုလုပ်လာလျှင် အရေးယူ၊ ပြစ်ဒဏ်ချမှတ်ရမှတ်ရခြင်းဖြစ်သည်ဟု စာတမ်းရှင်က ထောက်ပြထားသည်။ လုံခြုံရေးကဏ္ဍကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူသော မဏ္ဍိုင်ကြီးသုံးခုမှ စောင့်ကြည့် ထိန်းကွပ်ရုံသာမက အစိုးရယန္တရားများ၏ လွမ်းမိုးမှု ကင်းသော လွတ်လပ်သည့် အရပ်ဘက် အဖွဲ့အစည်းများ ကလည်း ပါဝင်စောင့်ကြည့်ထိန်းကွပ်ရန် အရေးကြီးသည်။ ယခုစာတမ်းတွင် လုံခြုံရေးကဏ္ဍကို စောင့်ကြည့် ထိန်းကွပ်ရန် လွတ်လပ်၍ အမှီအခိုကင်းသော အရပ်ဘက်အဖွဲ့အစည်းများ မည်သို့ဖွဲ့စည်းသင့်ကြောင်း မူဝါဒ အကြံပြုချက်များ ပါဝင်သည်။ အရပ်ဘက်အဖွဲ့အစည်းများသည် ပြည်သူလူထုက အစိုးရအပေါ် မကျေနပ်ချက်များကို တိုင်ကြားနိုင်သည့် နောက်ဆုံးအားကိုးရာ အဖြေရှာစရာနေရာ ဖြစ်သည့်အတွက် အစိုးရအုပ်ချုပ်ရေး ယန္တရားများ၏ လွှမ်းမိုးမှုကင်း၍ ဘဏ္ဍာရေးအရသော်လည်းကောင်း လုပ်ငန်းလည်ပတ်မှုအရသော်လည်းကောင်း လွတ်လပ်စွာ ရပ်တည်နိုင်ရန်အရေးကြီးသည်ဟု စာတမ်းက ထောက်ပြထားသည်။

နိုင်ငံတကာ သတ်မှတ်ချက်စံနှုန်းများနှင့် ဥပမာများ

သုတေသနစာတမ်း ဒုတိယပိုင်းတွင် ပဋိပက္ခလွန်ကာလ၌ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ နိုင်ငံတကာစံနှုန်းများ နှင့် အခြားသောနိုင်ငံများတွင် အမှန်တကယ်တွေ့ကြုံခဲ့ရသော ပဋိပက္ခလွန် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး အတွေ့အကြုံများကို ဖော်ပြထားသည်။ ပဋိပက္ခတွင် ပါဝင်ပတ်သက်သော အစိုးရနှင့် အတိုက်အခံ လက်နက်ကိုင်အုပ်စုများကြား နှစ်ဦးနှစ်ဖက်လက်ခံသည့် နှစ်ဦးနှစ်ဖက် ဆွေးနွေးသဘောတူထားသည့် နိုင်ငံရေး သဘောတူစာချုပ်တွင် လုံခြုံရေးကဏ္ဍပြောင်းလဲရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို အသေးစိတ် ထည့်သွင်းရေးဆွဲရန် လိုအပ်ကြောင်း အလေးပေး ဖော်ပြထားသည်။ နိုင်ငံရေးရှုထောင့်၊ လုံခြုံရေး ရှုထောင့်၊ လူမှုရေးရှုထောင့်တို့မှ ချိန်ဆ၍ လက်နက်ဖြုတ်သိမ်းခြင်း၊ တပ်ဖျက်သိမ်းခြင်း၊ တပ်များ ပြန်လည် ပေါင်းစည်းခြင်း (DDR)ကို လုံခြုံရေးကဏ္ဍပြောင်းလဲရေး(SSR)ကို တပြိုင်နက်လုပ်ဆောင်သင့်သည်။ DDR ကိုသာ ဦးစားပေး လုပ်ဆောင်၍ SSR ကို တပြိုင်နက်လုပ်ဆောင်ရန် ပျက်ကွက်ပါက ပဋိပက္ခအခြေအနေကို ပို၍ပင် ဆိုးဝါးစေနိုင်ကြောင်း နိုင်ငံတကာဥပမာများဖြင့် ထောက်ပြထားသည်။ ထို့ပြင် ပဋိပက္ခလွန်ကာလတွင် SSR ကို ဖော်ဆောင်ရာ၌ ကြုံတွေ့ရတတ်သောအခက်အခဲခြောက်မျိုးကိုလည်း သတိပြုဖွယ်ထည့်သွင်းရေးသားထားသည်။

နိုင်ငံတနိုင်ငံ၏ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရာတွင် ကုလသမဂ္ဂက မည်သည့် အခန်းကဏ္ဍမှ ပါဝင်လေ့ရှိသည် ကိုလည်း စာတမ်းတွင် ရှင်းလင်းပြထားသည်။ ကုလသမဂ္ဂက မိမိဆန္ဒအလျောက် ဝင်ရောက်စွက်ဖက်ခြင်းမပြုရဘဲ အိမ်ရှင်နိုင်ငံက ဖိတ်ခေါ်မှသာ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဝင်ရောက်ကူညီရမည်ဖြစ်သည်။ လုံခြုံရေးကဏ္ဍကို အရပ်ဖက်အုပ်ချုပ်မှုအောက် ထားရှိနိုင်ရန် သေချာစေရေးသည် ကုလသမဂ္ဂမှ ဝင်ရောက်ကူညီရသည့် အဓိက ရည်ရွယ်ချက်ဖြစ်ရမည်ဟု စာတမ်းတွင် ဖော်ပြထားသည်။ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းရေး(SSR)၊ လက်နက် ဖြုတ်သိမ်းခြင်း၊ တပ်ဖျက်သိမ်းခြင်းနှင့် ပြန်လည်ပေါင်းစည်းခြင်း(DDR) တို့နှင့် သက်ဆိုင်သည့် ကုလသမဂ္ဂ၏ အခြေခံမူများ၊ လုပ်ငန်းစဉ်များကို စာတမ်းတွင် လေ့လာနိုင်မည်ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့အစည်းများအကြား SSR ဆိုင်ရာ အလုပ်အဖွဲ့ (The United Nation Inter-agencies SSR Task Force) ၏ ဖွဲ့စည်းလည်ပတ်ပုံနှင့် လုပ်ငန်းတာဝန်များအကြောင်းကိုလည်း ဖော်ပြထားသည်။

လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ နိုင်ငံတကာဥပမာများအနေဖြင့် နီပေါနိုင်ငံနှင့် ဘူရွန်ဒီနိုင်ငံတို့တွင် ပြည်တွင်းပဋိပက္ခအလွန်ကာလ၌ လုံခြုံရေးနှင့်ဆိုင်သော ညှိနှိုင်းပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည့် ဥပမာများကို ဖော်ပြထားသည်။ နီပေါနိုင်ငံတွင် အစိုးရနှင့် အတိုက်အခံ မောင်းဝစ်(မော်စီတုန်း ဝါဒီ)တို့အကြား ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်သည် ၂၀၀၆ ခုနှစ်တွင် ပြီးပြည့်စုံသော ငြိမ်းချမ်းရေးသဘောတူညီမှု (CPA)ကို ချုပ်ဆို နိုင်ခဲ့ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိပြီးသည်နှင့် အစိုးရနှင့် မော်ဝါဒီတို့အကြား DDR/SSR လုပ်ငန်းစဉ်များ စတင်လုပ်ဆောင်ရန် နှစ်ဖက်လုံးက ဆန္ဒရှိခဲ့ကြသည်။ သို့သော် SSR နှင့် ပတ်သက်၍ ငြိမ်းချမ်းရေးသဘောတူညီချက်တွင် တိကျရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိခဲ့သည့်အတွက် နှစ်ဖက်တပ်များ အကြား အဓိပ္ပါယ်ဖွင့်ဆိုမှုများကွဲလွဲကာ လုပ်ငန်းနှောင့်နှေးခဲ့ရကြောင်း စာတမ်းတွင် ထောက်ပြထားသည်။ သမိုင်းတလျောက် တော်ဝင်မိသားစုနှင့် နီးကပ်စွာရှိခဲ့သော နီပေါတပ်မတော်၌ အရာရှိနေရာများကို ချစ်တီး(Chetris)နှင့် တာကူလီ(Thakuris) တို့ကသာ ရယူထားခဲ့ပြီး အားလုံးပါဝင်နိုင်မှု အားနည်းခဲ့သည်။ ပဋိပက္ခလွန်ကာလတွင် တပ်မတော်တွင်း အားလုံးပါဝင်နိုင်ရေးနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာ ၂၀၀၇တွင် နီပေါတပ်၏ ကျား-မကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်နှင့် ၂၀၁၄ တွင် အမျိုးသမီးဆိုင်ရာ စစ်ဘက်ဆိုင်ရာ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ခဲ့ပြီး အမျိုးသမီးများနှင့် လူနည်းစုတိုင်းရင်းသားများ ပါဝင်နိုင်ရေးကို ဆောင်ရွက် နိုင်ခဲ့သည်။ လုံခြုံရေးကဏ္ဍကို ဖက်ဒရယ်မှု ပြုသည့်အနေဖြင့် ပြည်နယ်ရဲတပ်ဖွဲ့များ ဖွဲ့စည်းခဲ့သည်။ ထိုဖက်ဒရယ် ရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ကို ဗဟိုချုပ်ကိုင်မှု လျော့ချရာ၌ ကြုံတွေ့ရသည့် အခက်အခဲများ၊ ဖြေရှင်းပုံများနှင့် ဖက်ဒရယ်ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံနှင့် အခြေခံမူများကိုလည်း ယခုစာတမ်းတွင် လေ့လာနိုင်မည် ဖြစ်သည်။ နီပေါနိုင်ငံ၏ ပဋိပက္ခအလွန် လုံခြုံရေးကဏ္ဍပြောင်းလဲရန် ကြိုးပမ်းခဲ့မှုများနှင့် ပတ်သက်၍ ဆင်ခြင် ဆန်းစစ်သင့်သော သင်ခန်းစာများကိုလည်း ဖော်ပြထားသည်။

နောက်ထပ် နိုင်ငံတကာဥပမာတခုအနေဖြင့် ဟူတူ-တူစီ လူမျိုးရေးပဋိပက္ခကြောင့် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရသော ဘူရွန်ဒီနိုင်ငံ၏ ပဋိပက္ခလွန်ကာလ လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပက်သက်သော အတွေ့အကြုံများကို ဖော်ပြထားသည်။ ၂၀၀၀ခုနစ်တွင် တောင်အာဖရိကသမ္မတဟောင်း၏ အကျိုးဆောင်ပေးမှုဖြင့် ရေးထိုးနိုင်ခဲ့သော အာရူရှာသဘောတူညီချက်များ (Arusha Accords)သည် စစ်ပွဲကို ချက်ခြင်းအဆုံးသတ်ပေးနိုင်ခြင်း မရှိခဲ့သော် လည်း စစ်ဘက်ဆိုင်ရာပေါင်းစည်းမှုများအတွက် အသေးစိတ်ထည့်သွင်းစဉ်းစားထားခဲ့သည့်အတွက် အတုယူဖွယ် ဖြစ်ကြောင်း စာတမ်းက ထောက်ပြထားသည်။ ထိုသဘောတူညီချက်တွင် ဘူရွန်ဒီနိုင်ငံ၏ တပ်မတော်ကို တူစီလူမျိုးစုသာ ကြီးစိုးထားခြင်းမရှိစေဘဲ တိုင်းရင်းသားမျှခြေ (ethnic balance)ကို အာမခံနိုင်ရန်အတွက် တူစီလူမျိုးစုတို့ကြားတွင် ရာထူးတာဝန်များကို ၅၀ ရာခိုင်နှုန်းစီခွဲဝေယူရမည်ဟု ပါရှိသည်။ ထို့အပြင် တပ်မတော်နှင့် ရဲတပ်ဖွဲ့သည် နိုင်ငံရေးတွင် မပါဝင်သည့်ကြောင်းနှင့် ရဲတပ်ဖွဲ့သည် လူထုကို ဦးတည်(community-oriented) သင့်ကြောင်းနှင့် အတိတ်က ရာဇဝတ်မှုများ၊ အာဏာသိမ်းမှုများတွင် ပါဝင်ခဲ့သူများကို လုံခြုံရေးတပ်များမှ ထုတ်ပယ်သင့်ကြောင်းစသည့် SSR လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့်အသေးစိတ်အချက်အလက်များ ထည့်သွင်းရေးသားထားသည်မှာ ဘူရွန်ဒီနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်ကို များစွာအထောက်အကူပြုခဲ့ကြောင်း ယခုစာတမ်းက ထောက်ပြဆွေးနွေးထားသည်။

မူဝါဒဆိုင်ရာ အကြံပြုချက်များ

သုတေသန စာတမ်း၏ တတိယပိုင်းတွင် နိုင်ငံတကာ ဥပမာများနှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ်လေ့လာ၍ ၂၀၁၀ခုနစ် နောက်ပိုင်း အစိုးရအဆက်ဆက်၏ လုံခြုံရေး ကဏ္ဍပြုပြင်ပြောင်းလဲရန်ကြိုးပမ်းမှုများကို သုံးသပ်တင်ပြထားသည်။ ထို့နောက် စာတမ်း၏ နောက်ဆုံးအခန်းတွင် မြန်မာနိုင်ငံ၏ ပဋိပက္ခလွန်ကာလ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးနှင့် ပက်သက်၍ မူဝါဒအကြံပြုချက်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။ သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော USDP အစိုးရနှင့် NLD ပါတီ ဦးဆောင်သော အစိုးရလက်ထက်တို့တွင် လုံခြုံရေးကဏ္ဍကို ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးပမ်းချက်အချို့ ရှိခဲ့သော် လည်း တိုးတက်ပြောင်းလဲမှုအနည်းငယ်ကိုသာ တွေ့ရပြီး လုံခြုံရေးကဏ္ဍသည် ယခုအချိန်အထိ တပ်မတော်၏ လွမ်းမိုးကြီးစိုးမှုအောက်တွင်သာ ရှိနေဆဲဖြစ်ကြောင်း စာတမ်းတွင် ထောက်ပြထားသည်။ NCA လမ်းကြောင်းဖြင့် သွားနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်လည်း “တခုတည်းသောတပ်မတော်” အကြောင်း ဆွေးနွေးခြင်းနှင့် ပတ်သက်ပြီး တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တင်းမာမှုရှိခဲ့ရာမှစ၍ ယခုအချိန်အထိ လုံခြုံရေးကဏ္ဍနှင့် ပက်သက်၍ ဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း ထောက်ပြရေးသားထားသည်။ မူဝါဒ အကြံပြုချက်များအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်ထောင်စုသဘောတူစာချုပ်တွင် SSR ဆိုင်ရာ အခြေခံမူများ ထည့်သွင်းချုပ်ဆိုသွားရန်၊ တပ်ပိုင်းဆိုင်ရာ ပေါင်းစည်းမှုအပြင် ကျယ်ပြန့်သော လုံခြုံရေးဆိုင်ရာ ပေါင်းစည်းမှုနှင့် SSR ကို ချမှတ်ရေးဆွဲ အကောင်အထည်ဖော်ရန်၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် လူနည်းစုများ၏ လွတ်လပ်ခွင့်နှင့် ရပိုင်ခွင့်များကို အကာအကွယ်ပေးနိုင်ရန်အတွက် လုံခြုံရေးကဏ္ဍများတွင် အားလုံးပါဝင်မှု ရရှိရေးကို မြှင့်တင်သွားရန် စသည့် အကြံပြုချက်များ ထည့်သွင်းရေးသားထားပါသည်။

ကာလရှည်ကြာ ပဋိပက္ခဒဏ်ကို ခံစားနေရသော မြန်မာနိုင်ငံအနေဖြင့် အနာဂတ် ဖက်ဒရယ်နိုင်ငံတွင် ပွင့်လင်းမြင်သာ၍ နိုင်ငံသားများအပေါ်တာဝန်ခံမှုရှိသော လုံခြုံရေးစနစ်ကို ဖော်ဆောင်နိုင်ရန် လိုအပ်ပါသည်။ ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် ပါဝင်ဆွေးနွေးသူများအနေဖြင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲနိုင်ရေးကို အကဲဆတ်သည့် ကိစ္စ အဖြစ်သတ်မှတ်ကာ ချပ်လှပ်ထားခဲ့ခြင်းမျိုးမရှိစေဘဲ ပြုပြင်ပြောင်းလဲရေးအတွက် ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့် အကျိုးဆက်များကို ရှုထောင့်စုံမှ ထည့်သွင်းစဉ်းစားကာ ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ မူဝါဒများကို အသေးစိတ်ဆွေးနွေးပြီး သဘောတူချက်ရယူထားရမည်ဖြစ်သည်။ သို့မှသာ အနာဂတ်ဖက်ဒရယ်နိုင်ငံတော်တွင် လုံခြုံရေးကဏ္ဍသည် ဒီမိုကရေစီနည်းကျတင်မြောက်ထားသော အရပ်သား အစိုးရ၏ ကွပ်ကဲမှုအောက်တွင် အားလုံးတန်းတူပါဝင်ခွင့်ရှိ၍ ပွင့်လင်းမြင်သာစွာ လည်ပတ်နိုင်မည် ဖြစ်သည်။

 

ယခုဖော်ပြပါ “လုံခြုံရေးကဏ္ဍပြောင်းလဲရေး အခြေမူခံများနှင့် နိုင်ငံတကာအတွေ့အကြုံများ” သုတေသနစာတမ်းကို Download ရယူနိုင်ပါသည်။