၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ Myanmar: Ethnic Politics and the 2020 General Election (သုတေသနစာတမ်းမိတ်ဆက်)
Post By Linn Htet Aung, On October 12, 2020
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရချိန်မှစ၍ မျက်မှောက်ကာလအထိ ဖြေရှင်းနိုင်မှုမရှိ သေးသော ပြဿနာများစွာအနက် တိုင်းရင်းသားတန်းတူညီမျှရေး စိန်ခေါ်ချက်သည် အကြီးမားဆုံးတခု ဖြစ်နေသည် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်များ စတင်ခဲ့ကြပုံနှင့် ယနေ့အထိ အားကောင်းလျက် ရှိခြင်းတို့၏ အခြေခံကျသော အကြောင်းတရားတရပ်မှာ တိုင်းရင်းသားများ တန်းတူညီမျှမှု မရရှိ ခြင်းကြောင့် ဖြစ်သည်။ တချိန်က မြန်မာနိုင်ငံသည် တပါတီအာဏာရှင်၊ စစ်အာဏာရှင်စနစ်များကြောင့် တိုင်းရင်းသားတန်းတူညီမျှမှုနှင့် ငြိမ်းချမ်းရေးတို့ ဆိတ်သုဉ်းခဲ့ရသည်။ လွတ်လပ်ရေးခေတ်မှ ယနေ့ ခေတ်အထိ ငြိမ်းချမ်းရေးဆွေးနွေးမှု အမြောက်အများ လုပ်ဆောင်ခဲ့ကြသော်လည်း တန်းတူညီမျှမှု အတွက် တိုင်းရင်းသားများ လိုလားသည့် အဖြေထွက်မလာသေးသည်မှာလည်း အထင်အရှား ဖြစ်ပါသည်။
ယနေ့ခေတ် မြန်မာနိုင်ငံသည် ပြင်ဆင်ရန်လိုအပ်နေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေ ပြု၍ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေသည်။ တချိန်တည်းမှာပင် တိုင်းရင်းသားတန်းတူညီမျှမှုကို ဆွေးနွေးအဖြေရှာနိုင်မည့် လမ်းကြောင်းဖြစ်သော တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) ကို အားပြုထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အရှိန်တင် လုပ်ဆောင် နေကြပြီဖြစ်သည်။ မကြာမီအချိန်တွင်လည်း ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်မှာပင် တတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။ အဆို ပါ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်မှ အရပ်သားဦးဆောင်သော ဒီမိုကရေစီစနစ် ရှင်သန် အား ကောင်းစေရေးအတွက် အလွန်အရေးကြီးသော မှတ်တိုင်တခု ဖြစ်နိုင်ပါသည်။ သို့ရာတွင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းမှ ကျင်းပနေသော အထွေထွေရွေးကောက်ပွဲများသည်လည်း တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့် အစရှိသည့် တိုင်းရင်းသားနိုင်ငံရေးအတွက် အခက်အခဲများစွာဖြင့် ကန့်သတ်မှုများ၊ စိန်ခေါ်မှုများ ရှိနေဆဲပင်ဖြစ်သည်။ တပူပေါ် နှစ်ပူဆင့်ဆိုသကဲ့သို့ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် မဲဆွယ်စည်းရုံးခွင့်များ၊ လူစုဝေးခြင်းများ မပြုလုပ်နိုင်ကြပေ။
ထို့အပြင် NLD အစိုးရလက်ထက်အတွင်း ငြိမ်းချမ်းရေးဖြစ်စဥ် အရှိန် လျော့ကျမှု၊ အခြေခံ ဥပဒေ ပြင်ဆင်ရေးကြိုးပမ်းမှု မအောင်မြင်ခြင်း၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှု ထိခိုက်ခံရခြင်း၊ ပြည်နယ် များတွင် တိုင်းရင်းသားများ၏ ဝိသေသ လက္ခဏာဆိုင်ရာ ပွတ်တိုက်မှုများ (Identity Crisis) ရှိနေပါသည်။ ထို့ကြောင့်ပင် တိုင်းရင်းသားများ၏ ကိုယ်စားပြုခွင့်နှင့် တန်းတူညီမျှမှုများသည် ခြိမ်း ခြောက်ခံနေရသောအဆင့်သို့ ရောက်ရှိနေသည်။ တိုင်းရင်းသားနိုင်ငံရေးပါတီများ အနေဖြင့်လည်း အဆိုပါ အခင်းအကျင်းကို ပြောင်းလဲနိုင်ရန်အတွက် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် မိမိတို့ဒေသအလိုက် လွှတ်တော်တွင်း ကိုယ်စားပြုမှု အားကောင်းလာစေရေး အတွက် အားပြုလုပ်ဆောင်လာကြသည်ကို တွေ့ရသည်။ ယခုဖော်ပြမည့် စာစုတွင် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲနှင့် ဆက်စပ်လျက်ရှိသော တိုင်းရင်းသား နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များအား ရေးသားထားသည့် စိတ်ဝင်စားဖွယ် သုတေသန အစီရင်ခံစာ တစောင်အား မိတ်ဆက်တင်ပြလိုပါသည်။
အဆိုပါအစီရင်ခံစာမှာ Transnational Institute (TNI) မှ ၂ဝ၂ဝ၊ စက်တင်ဘာလတွင် ထုတ်ဝေခဲ့သည့် “Myanmar: Ethnic Politics and the 2020 General Election” ဟူသော စာတမ်း ဖြစ်ပါသည်။ အစီရင်ခံစာ၏ တွေ့ရှိချက်များအနက် အဓိကကျသည့် အပိုင်းကဏ္ဍနှစ်ခုကို တင်ပြ ဆွေးနွေးလိုပါသည်။
(၁) ရွေးကောက်ပွဲအခင်းအကျင်းများအပေါ် ခြုံငုံသုံးသပ်ခြင်း
ရွေးကောက်ပွဲအခင်းအကျင်းများအပေါ် ခြုံငုံသုံးသပ်ရာတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အဆက်ဆက်တွင် ဗမာ မဟုတ်သော တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ အနိုင်ရရှိမှုရာခိုင်နှုန်းကို တွက်ချက်ဖော်ပြထားသည်ကို တွေ့ရသည်။ တိုင်းရင်းသား နိုင်ငံရေးပါတီများသည် ပြည်သူ့လွှတ်တော် တွင် ၁၉၆ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ ၈ ဒသမ ၄ရာခိုင်နှုန်း၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ ၁၄ ဒသမ ၄ ရာခိုင်နှုန်း၊ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ ၁၄ ဒသမ ၂ရာခိုင်နှုန်း၊ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ၁၁ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ကြသည်ဟု ဖော်ပြထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ စာရင်းဇယားများအရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ပေါင်း ၃၃ဝရှိပြီး ထို၃၃ဝအနက် ပြည်နယ်ခုနစ်ခု၌ ၁၂၃ မဲဆန္ဒနယ်ရှိပြီး တိုင်းဒေသကြီး ခုနစ််ခု၌မူ ၂ဝ၇ မဲဆန္ဒနယ်ရှိသည်ဟု ဖော်ပြထားသည်။ ပြည်နယ်လွှတ်တော်ခုနစ်ခု၌ ပြည်နယ်ဆိုင်ရာ မဲဆန္ဒနယ် ၂၆၅ ရှိပြီး တိုင်းလွှတ်တော်ခုနစ်ခု၌မူ တိုင်းဒေသကြီးဆိုင်ရာ မဲဆန္ဒနယ် ၄ဝ၈ ခုရှိနေရာ ထို ၄ဝ၈ခုအနက် လူနည်းစု တိုင်းရင်းသားပါတီများ အနိုင်ရရှိမှုမှာ ဟုမ္မလင်းမြို့၌ တိုင်းလိုင် (ရှမ်းနီ) အမျိုးသား တိုးတက်ရေးပါတီတခုသာ ရှိသည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် တနိုင်ငံလုံး လွှမ်းခြုံနိုင်သော ပါတီကြီးများ၏ လွှမ်းမိုးမှုများသည် ပြည်ထောင်စုသာမက ပြည်နယ်အဆင့် လွှတ် တော်များ၌ပါ အထင်အရှား ကြီးမားလျက်ရှိပြီး လူနည်းစုတိုင်းရင်းသားများ၏ ကိုယ်စားပြုမှုသည် သိသိ သာသာပင် အားနည်းလျက်ရှိသည်ဟု သုံးသပ်ထားသည်ကို တွေ့ရသည်။
ထို့အပြင် တိုင်းရင်းသားပါတီများ၏ ပါတီပေါင်းစည်းမှုများနှင့် ဗျူဟာမြောက်မဲပေးမှု (Tactical Voting) အကြောင်း ဆွေးနွေးထားချက်မှာလည်း သတိပြုဖွယ်ရာ ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ အနိုင်ရရှိမှု နည်းခဲ့ခြင်းအတွက် အဓိက အကြောင်း အရင်းတခုက မဲပြန့်ကျဲခြင်း ဖြစ်သည်ဟု သုံးသပ်ထားသည်။ တဆက်တည်းမှာပင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မြန်မာတနိုင်ငံလုံးတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ ပါတီ ပေါင်းစည်းမှု ခြောက်ခု ရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ကရင် အမျိုးသားဒီမိုကရေစီပါတီ၊ ကယားပြည်နယ်ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ၊ ဝ အမျိုးသားပါတီ တို့သည် မဲမပြန့်ကျဲစေရေးအတွက် ပူးပေါင်းထားကြသော မဟာမိတ်ပါတီများအဖြစ် ဝင်ရောက် ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး ၂ဝ၁၅ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အများဆုံးအနိုင်ရရှိခဲ့သော ရခိုင်အမျိုးသားပါတီ (ANP)၏ ပေါင်းစည်းမှုကို ထူးခြားချက်အနေဖြင့် သင်ခန်းစာ ယူလာကြခြင်း ဖြစ်သည်ဟု သုံးသပ်ထားသည်။
ဆက်လက်ပြီး ပါတီငယ်များ၏ မဟာမိတ်ပေါင်းစည်းမှုသာမက တိုင်းရင်းသားပါတီများ၏ အဆင့်မြှင့် ပြင်ဆင်ထားမှုအပိုင်းကိုလည်း ဖော်ပြထားသည်။ ကချင်ပြည်နယ်ပြည်သူ့ပါတီ၏ လူမျိုးအခြေခံမူမှာ လူမျိုးထက် ပြည်နယ်အခြေခံမူသို့ ပြောင်းလဲလာခဲ့သည်။ လူမျိုးတရပ်တည်းသာမက ပြည်နယ် အတွင်းရှိ လူမျိုးစုအားလုံးအပေါ် တန်းတူအလေးထားမှု၊ ပြည်နယ်ပြင်ပရှိ ကချင်တိုင်းရင်းသား အများစုနေထိုင်ရာ ဒေသများတွင် ဝင်ရောက် ယှဥ်ပြိုင်မှု မပြုခြင်း တို့ကို တွေ့ရှိရသည်။ ထို့အပြင် ကယားပြည်နယ်ဒီမိုကရေစီပါတီနှင့် ကယန်းအမျိုးသားပါတီတို့အကြား တိုက်ရိုက် ယှဥ်ပြိုင်ခြင်းမပြုဘဲ နယ်မြေပိုင်းခြားယှဥ်ပြိုင်ရန် သဘောတူညီခဲ့ကြသကဲ့သို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ လူမျိုးစုအခြေခံမှ ပြည်နယ်အတွက်အခြေခံသော မူဝါဒများနှင့် အခြေခံမူများအား ပြောင်းလဲကျင့်သုံးလာမှုစသည့် အကြောင်းအချက်များသည် ပြည်နယ်များတွင် ယခင်က ပြည်မပါတီများကို ထောက်ခံခဲ့ကြသူများကို ရွေးချယ်မှု ပြောင်းလဲလာနိုင် စေသည့် အကြောင်းအရင်းများဖြစ်ပေသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်နယ်များမှ မဲဆန္ဒရှင် ပြည်သူများအတွက်၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ အဆိုပါမဟာမိတ်ပါတီများနှင့် ANP ၊ SNLD ကဲ့သို့ တိုင်းရင်းသားပါတီများအပေါ် ပြည်မပါတီများမှနေ၍ ပြောင်းလဲထောက်ခံလာမှုများ ရှိနိုင်သည်ဟု ဆိုသည်။ သို့ရာတွင် လက်ရှိရွေးကောက်ပွဲစနစ်ကြောင့် တိုင်းရင်းသားလူမျိုးစုနိုင်ငံရေး၏ အခင်း အကျင်း အပြောင်းအလဲများ တွေ့မြင်နိုင်ရန် အခွင့်အရေး နည်းပါးသည်ဟု၍လည်း ဆက်စပ်သုံးသပ် ထားသည်။
(၂) ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အဓိကကိစ္စရပ်များ
၂ဝ၂ဝအထွေထွေရွေးကောက်ပွဲဆိုင်ရာ အဓိကကိစ္စရပ်များဟု ဆိုရာတွင် တိုက်ပွဲများကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်း၊ ဘက်လိုက်မှုရှိသော ရွေးကောက်ပွဲကော်မရှင်၊ နေရပ် ရွှေ့ပြောင်း အခြေချမှု (သို့မဟုတ်) ပြည်တွင်းရွှေ့ပြောင်းအခြေချမှု၊ ရိုဟင်ဂျာများ၏ မဲပေးခွင့်ကန့်သတ်ခံရမှု ၊ ကိုဗစ်ရောဂါနှင့် မဲဆွယ်စည်းရုံးမှုအရေး၊ ကျား/မ မညီမျှမှုနှင့် လူငယ်ပါဝင်မှု၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ မျှော်လင့်ချက်များ အစရှိသည့် အကြောင်းအရာများဖြင့် တင်ပြဆွေးနွေး ထားသည်။
ရွေးကောက်ပွဲကော်မရှင်၏ အခန်းကဏ္ဍ
အစီရင်ခံစာ၏ ဆွေးနွေးချက်အရ ရွေးကောက်ပွဲကော်မရှင်အပေါ် အစိုးရ၏ သြဇာသက်ရောက်မှု ရှိနိုင်သည်ဟု ဆိုပါသည်။ အကြောင်းမှာ ကော်မရှင်သည် ရွေးကောက်ပွဲအနိုင်ရ အစိုးရ၏ အာဏာဖြင့် ဖွဲ့စည်းထားခြင်းကြောင့် သော်လည်းကောင်း၊ လက်ရှိကော်မရှင်အဖွဲ့ဝင်များသည် အာဏာရပါတီနှင့် မူလကပင် ဆက်နွယ်မှုများ ရှိထားခြင်းကြောင့်လည်းကောင်း သိနိုင်သည်ဟု ဆိုပါသည်။ ထို့အပြင် လက်ရှိကော်မရှင်အဖွဲ့ဝင် ၁၅ ဦးလုံးသည် အမျိုးသားများသာ ဖြစ်ကြပြီး အသက်အရွယ် အားဖြင့်လည်း ကြီးရင့်ကြကာ အများစုမှာ ၇ဝ-၈ဝခန့် ရှိကြသည်။ ထို့အပြင် အဖွဲ့ဝင် ၁၄ ဦးသည် ဗုဒ္ဓဘာသာဝင် ဗမာတိုင်းရင်းသားများသာ ဖြစ်ကြပြီး တိုင်းရင်းသား တဦးသာ ပါဝင်ပါသည်။
လက်နက်ကိုင်ပဋိပက္ခများ၊ရွှေ့ပြောင်းအခြေချနေထိုင်သူများနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း အခင်းအကျင်းများ ၏ သက်ရောက်မှုများ
မြန်မာနိုင်ငံအရပ်ရပ်၌ လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာပြီး ဒုက္ခသည်စခန်းများ၌ နေထိုင် ရသူများသည် (တနည်း-စစ်ရှောင်ဒုက္ခသည်) စုစုပေါင်း ၆၅၀,၀၀၀ ခန့် ရှိနေပြီး အဆိုပါ စစ်ရှောင် ဒုက္ခသည်များ၏ မဲပေးခွင့်ရရေးနှင့် ပက်သက်၍လည်း အငြင်းပွားစရာ ကိစ္စရပ်များရှိနေသည်ဟု ဆိုသည်။ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာတွင် ပြင်ဆင်လိုက်သော ဥပဒေအရ ရက်ပေါင်း ၉ဝ ခန့် ဆက်တိုက် နေထိုင်ခဲ့လျှင် အဆိုပါအရပ်၌ မဲပေးနိုင်သည်ဆိုခြင်းကြောင့် ပါတီကြီးများအနေဖြင့် ၎င်းတို့ အား မကောင်းသော ဒေသများတွင် ပါတီထောက်ခံသူများအား ကာလတို ရွှေ့ပြောင်း နေထိုင်စေကာ မဲ အနိုင်ရရှိစေရန် အားထုတ်မှုမျိုးသည် အဆိုးဆုံးအခြေအနေ၌ ပေါ်ပေါက်လာမည်ကို စိုးရိမ်စရာ ရှိသည်ဟုလည်း ဆိုသည်။ ရခိုင်မြောက်ပိုင်းရှိ ရိုဟင်ဂျာဒုက္ခသည်အများစု မဲပေးခွင့် မရရှိသေးခြင်း နှင့်အတူ အခြားသော အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဥ်ပြိုင်မှုသည် လည်း အလွန်ပင် နည်းပါးလျက်ရှိသည်ဟု ဆိုသည်။
ကိုဗစ်-၁၉ ရောဂါနှင့် ရွေးကောက်ပွဲအခင်းအကျင်း
၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ အထူးခြားဆုံး အချက်မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကြောင့် ရွေးကောက်ပွဲ မဲဆွယ်ကမ်ပိန်းများ လှုပ်ရှားရာတွင် လူစုဝေးခွင့်များ များစွာ ကန့်သတ် ခံကြရခြင်း ဖြစ်သည်။ အဆိုပါကန့်သတ်ခံရမှုများကြောင့် ပါတီအများစုသည် လူမှုကွန်ယက်စာမျက်နှာ တနည်း Facebook ကို အခြေပြုသော မဲဆွယ်မှုများကို အဓိက အားထားလာကြရသည်။ ထိုကဲ့သို့ အနေအထားတွင် တိုင်းရင်းသား ပါတီငယ်များအနေဖြင့် လူမှုကွန်ရက်တွင် ပျံ့နှံ့ရောက်ရှိမှု တိုးတက် စေရန် ငွေကြေးအသုံးပြုရာတွင် အင်အားကြီး ပါတီကြီးများကဲ့သို့ ငွေကြေးအသုံးမပြုနိုင်ခြင်း၊ ၎င်းတို့၏ အဓိက မဲဆန္ဒနယ်မြေများတွင် နည်းပညာဖွံ့ဖြိုးမှု အားနည်းခြင်းနှင့် စမတ်ဖုန်းကိုင်ဆောင်သူ နည်းပါးကြခြင်း၊ NLD ပါတီအနေဖြင့်လည်း လက်ရှိအစိုးရ၏ ရောဂါထိန်းချုပ်ရေးဆောင်ရွက် ချက်များကို ပုံရိပ်အသုံးချကာ မဟာဗျူဟာတရပ်အနေဖြင့် မဲဆွယ်မှုပြုခြင်းကြောင့် ပါတီငယ်များ အနေဖြင့် စိုးရိမ်မှုများရှိကြသည်ဟုလည်း အစီရင်ခံစာမှ ဖော်ပြထားသည်။
ခြုံငုံရလျှင် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကြောင့် ရှုပ်ထွေးမှုများ ပိုမိုများပြားလာသကဲ့သို့ လူနည်းစု တိုင်းရင်းသားများ၏ တန်းတူညီမျှမှုရရှိရေးနှင့် ကိုယ်စားပြုမှု အတွက် (ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်းဖြင့်) ကြိုးပမ်းမှုတို့အပေါ် များစွာသက်ရောက်မှု ရှိမည် ဖြစ်သည်။ ရွေးကောက်ပွဲသည် ဒီမိုကရေစီခရီးလမ်းအတွက် အရေးကြီးသကဲ့သို့ တန်းတူညီမျှမှု အတွက်မူ လိုအပ်ချက်များစွာ ရှိနေသည်ဖြစ်သည်။ ကိုဗစ်ရောဂါဖြစ်ပွားမှုသည်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေးတို့ကို ပိုမိုရှုပ်ထွေးစေဦးမည်ဖြစ်သဖြင့် လူနည်းစု တိုင်းရင်း သားများ၏ လျှောက်လှမ်းရမည့် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးတို့သည် များစွာ ရှည် ကြာ နေဦးမည်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲအလွန် တက်ရောက်လာမည့် အစိုးရသည် ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ပြည်ထောင်စုစနစ် မဖော်ဆောင်နိုင်သရွေ့ လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်စဥ်သည် အရွေ့ကင်းမဲ့သော အခင်းအကျင်းမျိုးအသွင်ဖြင့် မျိုးဆက်တဆက်စာပင် ကြာရှည်နိုင်သည်ဟု ယူဆရပေသည်။
မှတ်ချက် – ယခုစာတမ်းတွင် ရိုဟင်ဂျာ ဟု သုံးစွဲပါသည်။ မြန်မာနိုင်ငံတွင် တည်ဆဲအစိုးရအဖွဲ့နှင့် မီဒီယာများက ဘင်္ဂါလီဟု သုံးစွဲပါသည်။
ယခုဖော်ပြပါ “Myanmar: Ethnic Politics and the 2020 General Election” သုတေသနစာတမ်းအပြည့်အစုံကို Download ရယူနိုင်ပါသည်။