အာရကန် (ရခိုင်ပြည်နယ်) မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှ ပဋိပက္ခမြေ (အစီရင်ခံစာမိတ်ဆက်)

Post By Su Yadanar Myint, On January 16, 2021

အာရကန် (ရခိုင်ပြည်နယ်) မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှ ပဋိပက္ခမြေ (အစီရင်ခံစာမိတ်ဆက်)

မြန်မာနိုင်ငံတွင် ရှိနေသော မြားမြောင်လှသည့် နိုင်ငံရေးပြဿနာများစွာအနက် ရခိုင်ပြည်နယ်အရေးမှာလည်း တခုအပါအဝင် ဖြစ်သည်။ ရခိုင်ပြည်နယ်သည် လူသားအရင်းအမြစ်နှင့် သဘာ၀သယံဇာတပေါများပြီး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများစွာရှိသည့်တိုင် လက်နက်ကိုင်ပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခများ၊ နိုင်ငံရေးဖိနှိပ်မှုများနှင့် စီးပွားရေးအမြတ်ထုတ်မှုများကြောင့် နာကျင်ဒဏ်ရာပေါင်းများစွာ ရရှိခဲ့ပြီး ယခုချိန်ထိ ဖွံ့ဖြိုးမှုအားနည်းခဲ့သည့်နည်းတူ ငြိမ်းချမ်းမှုလည်း ဖြစ်မလာသေးပေ။

ရိုဟင်ဂျာဒုက္ခသည်များကိစ္စ၊ ပထဝီနိုင်ငံရေးအားပြိုင်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ အကြားတွင် ရခိုင်ပြည်နယ်အရေးသည် ပြည်တွင်းရေးပြဿနာထက် ကျော်လွန်၍ ကမ္ဘာနိုင်ငံရေးဇာတ်ခုံပေါ်၌ အထူး အာရုံ စိုက်စရာ ဖြစ်လာသည်။ ထို့ကြောင့် အနာဂတ်ရခိုင်ပြည်နယ်၏ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာ၌ အမြော်အမြင်ကြီးသော၊ မဟာဗျူဟာမြောက်သော ချဉ်းကပ်နည်းများဖြင့် ဖြေရှင်းနိုင်မှသာ အောင်မြင်နိုင်မည် ဖြစ်သည်။ ထိုသို့ဖြေရှင်းရာတွင် သမိုင်းကြောင်းဆိုင်ရာ သာဓကများကို သိရှိနားလည်ရန် လိုအပ်သကဲ့သို့၊ ဘက်ပေါင်းစုံမှ ပြဿနာအရင်းအမြစ်များအကြောင်းကို ထည့်သွင်းစဉ်းစားရန်လည်း လိုအပ်ပါသည်။

ထို့ကြောင့် အလွန်ထိလွယ်ရှလွယ်ဖြစ်သော ရခိုင်ပြည်နယ်အရေး၏ သမိုင်းကြောင်းကို ရေးသား ဖော်ပြထားသည့် သုတေသနအစီရင်ခံစာ တစောင်ကို မိတ်ဆက်တင်ပြလိုပါသည်။ အဆိုပါ အစီရင်ခံစာမှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် Transnational Institute (TNI) က ထုတ်ဝေခဲ့ပြီး မာတင်စမစ် ရေးသားခဲ့သည့်  Arakan (Rakhine State): A Land in Conflict on Myanmar’s Western Frontier (အာရကန်(ရခိုင်ပြည်နယ်) – မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှ ပဋိပက္ခမြေ) ဆိုသော အစီရင်ခံစာ ဖြစ်ပါသည်။ အစီရင်ခံစာကို ဇာတ်ကြောင်းပြောသည့် ပုံစံဖြင့် ရေးသားထားပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့ပါသည်။ အစီရင်ခံစာ အခန်းတခုချင်းစီတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ ခေတ်များအလိုက် ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော နိုင်ငံရေး၊ လူမျိုးရေး ပဋိပက္ခများအကြောင်းကို ခေါင်းစဉ်ခွဲများဖြင့် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် အဓိကရင်ဆိုင်နေရသော ပဋိပက္ခများဖြစ်သည့် တပ်မတော်နှင့် အတိုက်အခံလူမျိုးစု လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများရှိနေခြင်း၊ ရိုဟင်ဂျာဒုက္ခသည်များ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရခြင်း၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်စရာများ မပြီးပြတ်သေးခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေရခြင်းနှင့် အိမ်နီးချင်းအင်အားကြီးနိုင်ငံများက စီးပွားရေးစီမံကိန်းကြီးများကို အကြောင်းပြု၍ ရခိုင်ဒေသအတွင်း ချဲ့ထွင်လာခြင်း စသဖြင့် ပဋိပက္ခများ၏ အရင်းခံအကြောင်းတရားများကို အစီရင်ခံစာထဲ၌ အသေးစိတ်ဖော်ပြထားပါသည်။

အစီရင်ခံစာ၏အဆိုအရ ရခိုင်ပြည်နယ်အရေးကို အရေးမကြီးဘဲ သီးခြားဖြစ်ပျက်နေသော နိုင်ငံရေးနှင့် လူမျိုးစုရေး အကွဲအပြဲတခုအဖြစ် သဘောထားရန် မဖြစ်နိုင်ကြောင်းကို အရေးကြီးသော အကြောင်းအရာတရပ်အနေဖြင့် တိုက်တွန်းထားသည်။  အစီရင်ခံစာတွင် ပါဝင်သောအကြောင်းအရာများအနက် အဓိကကျသော ဆိုလိုရင်း သဘောထားမှတ်ချက်များနှင့် အကြံပြုချက်များကို ထုတ်နုတ်တင်ပြသွားမည် ဖြစ်ပါသည်။

 

ခေတ်အဆက်ဆက် နိုင်ငံရေးပါဝင်မှုဘောင်မှ ဖယ်ကျဉ်ခံရပြီး စစ်ဘောင်ပိုကျယ်လာခြင်း

၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေးမရမီ စပ်ကြားကာလအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသော ပဋိပက္ခများကို ဗြိတိသျှအရာရှိများသာမက ဖဆပလ ခေါင်းဆောင်များကလည်း မသိကျိုးကျွံ ပြုခဲ့ကြသည်။ တနိုင်ငံလုံးအဆင့် အပြောင်းအလဲ ဖြစ်ကြတော့မည်အချိန်တွင် ရခိုင်ပြည်သူတို့၏ အနာဂတ်မှာ လျစ်လျူရှုခံလိုက်ရပြီး အကျိုး ဆက်အဖြစ် နောင်တွင် ကံဆိုးမိုးမှောင်ကျဖို့သာ ဖြစ်လာခဲ့သည်ဟု ထောက်ပြခဲ့သည်။ ထို့အပြင်  ဒုတိယ ကမ္ဘာစစ် အတွင်း ရခိုင်၊ ရိုဟင်ဂျာနှင့် အမည်သညာနိုင်ငံရေးဆိုသော ခေါင်းစဉ်ခွဲအောက်၌ လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားခဲ့သော်လည်း ရိုဟင်ဂျာတို့၏ ဖြစ်တည်မှုကို လွတ်လပ်ပြီးခေတ် ပါလီမန် အုပ်ချုပ်ရေး ကာလ တလျှောက်လုံး လက်ခံခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့ပါသည်။

သို့သော် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင်မူ ရိုဟင်ဂျာဟူသော ရပ်တည်ချက်ကို လက်မခံတော့ကြောင်း၊ မွတ်စလင်များနှင့် အိန္ဒိယအနွယ်များဟု ယူဆရသောသူ အားလုံးကိုလည်း နိုင်ငံသား ခံယူခွင့်နှင့်ပတ်သက်၍  တင်းကျပ်မှုများ ပြုလုပ်ခဲ့သည်။ ထိုသမိုင်းအချက်အလက် ဖြစ်ရပ်များကို အခြေပြု၍ ပဋိပက္ခများကြောင့် နယ်စပ် ဖြတ်ကျော်ထွက်ပြေးမှုများ၊ ရိုဟင်ဂျာဟူသော အမည်နှင့်ပတ်သက်၍ အငြင်းအခုံများ ဖြစ်ပေါ်လာခြင်း စသဖြင့် ရခိုင်ပြည်နယ်၏ အရေးကိစ္စများကိုလည်း အစီရင်ခံစာ၌ ဆွေးနွေးတင်ပြထားသည်။ ထို့နောက် ၂၀၁၁-၁၂ ခုနှစ်ကာလ မြန်မာ့နိုင်ငံရေးအသွင်ပြောင်းလဲမှုများ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ ဦးတည် ရည်မှန်းချက်များ ပေါ်ပေါက်လာချိန်တွင် ရခိုင်‌ပြည်နယ်၏ ငြိမ်းချမ်းရေးလမ်းစမှာ (အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အသစ်များ ရရှိရန် အားထုတ်နေသော အခြေအနေများနှင့်) ဆန့်ကျင်ဘက်သို့ မျက်နှာမူနေခဲ့ ပါသည်။ ရခိုင်ပြည်နယ်မှ ပဋိပက္ခများကို အစိုးရက ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ရုံမက ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း သက်ဆိုင်ရာ အဖွဲ့အားလုံးကိုလည်း တန်းတူညီမျှစွာ ပါဝင်ခွင့် မပေးထားသဖြင့် နိုင်ငံရေး ဘောင်ကျဉ်းပြီး စစ်ဘောင်ပိုကျယ်လာ ရသည်ဟု စာတမ်းတွင် သုံးသပ်ခဲ့ပါသည်။

 

ပထဝီနိုင်ငံရေး စိန်ခေါ်မှုများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားအားပြိုင်မှုများ

ရခိုင်ပြည်နယ်၏ ပထဝီနိုင်ငံရေး အနေအထားအရ ယနေ့ခေတ်တွင် ဖြစ်ပျက်နေသော အချင်းအရာများက မြန်မာနိုင်ငံကိုသာမက အိမ်နီးချင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ်တွင်ပါ သက်ရောက်မှုများ ရှိနေသည်ဟု စာတမ်းက သုံးသပ်ထားပါသည်။ ရခိုင်အရေးကို နိုင်ငံတကာအသိုင်းအဝိုင်းက မူအမျိုးမျိုးနှင့် ကိုင်တွယ်နေကြသည်။ အနောက်နိုင်ငံများမှာ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို ဒဏ်ပေးသင့်သည်ဆိုသော အယူအဆရှိကြသည်။ တရုတ်နိုင်ငံကမူ ရခိုင်ပြည်နယ်ကို ရပ်ဝန်းလမ်းကြောင်း အစီအမံ(BRI)အတွက် အချက်အချာကျသော နေရာတခု အဖြစ်သဘောထားသည်။ အိန္ဒိယကမူ “အရှေ့နှင့် ချိတ်ဆက်” ဟူသော မူဝါဒအရ မီဇိုရမ်၊ အာသံနှင့် အခြားအရှေ့မြောက် ပြည်နယ်များ ချစ်ကြည်ရေးအတွက် ကုလားတန် စီမံကိန်းကို ဦးစားပေးလိုသည်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာ ဒုက္ခသည် တသန်းကျော်၏ ဝန်ထုပ်ကို လက်ခံထားရပြီး အနာဂတ်တွင်လည်း ၎င်း၏ နယ်စပ်ဒေသများ၌ မတည်ငြိမ်နိုင်သည့် အလားအလာတို့ကို တွေ့မြင်နေရသည်။

“ညှပ်ပူးညှပ်ပိတ်နိုင်ငံရေးနှင့် တရုတ်ဝင်ရောက်လာပုံ” ဆိုသော ခေါင်းစဉ်ခွဲအောက်တွင် NLD အစိုးရလက်ထက် တရုတ်နိုင်ငံသည် မြန်မာအစိုးရအား အလွန်အကူအညီပေးတတ်သော မိတ်ဆွေကြီး ဖြစ်လာပုံနှင့် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ကန့်လန့်ကာနောက်ကွယ်၌ ရှိနေသော တရုတ်ဩဇာအကြောင်းကို ဖော်ပြထားသည်။ ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ ထိရောက်သော လုပ်ပိုင်ခွင့်များ ထိန်းထားနိုင်ရန် တရုတ်သည် မြန်မာနှင့် နှစ်နိုင်ငံဆက်ဆံရေးကို တတ်နိုင်သလောက်အသုံးချခဲ့သည်။ BRI အစီအစဉ် ကြေညာပြီးနောက်ပိုင်း တရုတ်သည် မြန်မာနှင့်ပတ်သက်သော အကြောင်းအရာသုံးခုကို တိုက်တိုက်တွန်းတွန်း ရပ်တည်ပြောဆိုလာ သည်။ ရိုဟင်ဂျာအရေးတွင် မြန်မာနိုင်ငံကို နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုများ မပြုလုပ်ရန် မြန်မာအစိုးရဘက်မှ ခုခံ ရပ်တည်ပေးခြင်း၊ ကျောက်ဖြူကို ဘင်္ဂလားပင်လယ်အော်ရှိ BRI ၏ ထွက်ပေါက်အဖြစ် သတ်မှတ်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရကို ကူညီခြင်းတို့ဖြစ်သည်။ တဖက်တွင်လည်း အိန္ဒိယအစိုးရအနေဖြင့် တရုတ်၏ စီးပွားရေးနှင့် နိုင်ငံရေးဩဇာသည် မြန်မာအပေါ်တွင် အိန္ဒိယထက် များစွာ ရှေ့ရောက်နေခြင်းအပေါ် စိုးရိမ်မှု ရှိနေသည်။ ယခုအစီရင်ခံစာတွင် ထိုကဲ့သို့ အင်အားကြီးမားသော အိမ်နီးချင်း နိုင်ငံများ၏ ပထဝီနိုင်ငံရေးကစားကွက်နှင့် အကျိုးစီးပွားအားပြိုင်နေမှုများအကြား ရခိုင်ပြည်နယ်သည် ပဋိပက္ခ ပေါင်းစုံနှင့် ရုန်းကန်နေရဆဲဖြစ်သည်ဟု သုံးသပ်ဆွေးနွေးထားပါသည်။

 

ရခိုင်အမျိုးသားရေးဝါဒ ပြန်လည်ဦးမော့လာခြင်း

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအပြီးတွင် သမ္မတ ဦးသိန်းစိန်အစိုးရသည် မွတ်ဆလင်များအပေါ် ခွဲခြားဆက်ဆံခြင်းအား အစီစဉ်တကျပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့ပါသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟူသော အမည်ကို ၁၃၅ မျိုးသော လူမျိုးစု စာရင်းထဲ မထည့်ဘဲ ရခိုင်ပြည်နယ်တွင်း နေထိုင်သော မွတ်ဆလင်အများစုကို ဘင်္ဂါလီလူမျိုးစုစာရင်းထဲထည့်လိုက်ခြင်း၊ မွတ်ဆလင် များ၏ ယာယီမှတ်ပုံတင်(White Card) ကိုပြန်လည်ရုပ်သိမ်းခြင်း၊ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဥပဒေလေးခုကို ပြဋ္ဌာန်းလိုက်ခြင်းနှင့် နယ်စပ်လုံခြုံရေးတပ်များကို ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် ပြင်ဆင် နေရာချထားပြီး တပ်မတော်၏ စစ်ရေးပြင်ဆင်မှုများရှိလာခြင်း စသည်တို့ကြောင့် USDP အစိုးရသက်တမ်း လေးနှစ်ခန့်အကြာတွင် ပဋိပက္ခသို့ ဦးတည်မည့် လူမျိုးရေး စိတ်ဝမ်းကွဲမှုများနှင့် လူမျိုးစု နိုင်ငံရေး ပြိုပျက်ခြင်းလမ်း သို့ ဦးတည်သွားသည်ဟု အစီရင်ခံစာက သုံးသပ်ဖော်ပြခဲ့ပါသည်။

ယင်းနောက် ခွဲခြားဆက်ဆံမှုနှင့် နေထိုင်ခဲ့ရသည်ဟူသော နာကျင်သည့်စိတ်အခံကြောင့်ပင် လူမျိုးစုလွတ်မြောက် ရေးကို ဖော်ညွှန်းသောလှုပ်ရှားမှုများမှာ သမ္မတ ဦးသိန်းစိန် တက်လာပြီး မကြာမီတွင် ရခိုင်လူထုကြား၌ လျင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်ဟု ထောက်ပြခဲ့ပါသည်။ ထိုနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းရှိ တက်ကြွ လှုပ်ရှားသူများ ဖြစ်စေ၊ မြန်မာနိုင်ငံနေရာအနှံ့တွင် နေထိုင်သော ရခိုင်လူမျိုးများဖြစ်စေ၊ ပြည်ပတွင် အခြေချနေထိုင်သူ ရခိုင် အသိုင်းအဝိုင်းများမှဖြစ်စေ ဒစ်ဂျစ်တယ်ခေတ်၏ ဆိုရှယ်မီဒီယာကြောင့် အမျိုးသားရေးစိတ်ဓာတ်များ ပိုမို တက်ကြွ လာကြသည်။ အစိုးရ၏ အင်တာနက်ဖြတ်တောက်ခြင်းသည်လည်းကောင်း၊ ULA/AA ၏ Facebook လူမှုကွန်ရက်စာမျက်နှာများကို ပိတ်ပစ်ခြင်းသည်လည်းကောင်း ULA/AA ကို ထောက်ခံမှုများအား ရပ်တန့်နိုင်စွမ်းမရှိခဲ့ကြောင်း ဆိုပါသည်။

အစီရင်ခံစာ၏ နောက်ဆုံးအပိုင်း၌ ရခိုင်ပြည်နယ်တွင်း ရင်ဆိုင်နေရသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများနှင့် အကြံပြုချက်များကို ဖော်ပြထားပါသည်။ ရခိုင်ပြည်နယ်၏ အနာဂတ်အတွက် အရေးကြီးသော အဓိကစိန်ခေါ်မှုများဖြစ်သည့် ဒုက္ခသည်များအရေး၊ လူမျိုးစုငြိမ်းချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စသည့် ပြဿနာတို့ကို ရင်ဆိုင်ဖြေရှင်းရန်  အဘက်ဘက်က သက်ဆိုင်သူများအားလုံး စစ်ဘောင်မချဲ့တော့ဘဲ မဟာဗျူဟာအတွက် လက်နက်အားကိုးခြင်းကို လျှော့ရပါမည်။ ထို့နောက် ရခိုင်ပြည်နယ်အတွင်း နေထိုင်သော ပြည်သူလူထုတရပ်လုံး၏ ရုန်းကန်နေရမှုများနှင့် ဒုက္ခများ၏ ဇာစ်မြစ်ကို နားထောင်ပြီး ကျေလည်စွာ သဘောပေါက်ရန် လိုအပ်သည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆောင်ကြဉ်းနိုင်ရန်အတွက် ပဋိပက္ခများကို တည့်တည့်ရင်ဆိုင်၍ ဖြေရှင်းကြရမည်ဖြစ်ပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဒေသခံပြည်သူများ၏ အားဖြင့် တည်ဆောက်မှသာ အောင်မြင်မည်ဟု အစီရင်ခံစာက ထောက်ပြထားပါသည်။

ယခုဖော်ပြပါ  “အာရကန် (ရခိုင်ပြည်နယ်) မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှ ပဋိပက္ခမြေ” အစီရင်ခံစာ အပြည့်အစုံကို Download ရယူနိုင်ပါသည်။

အယ်ဒီတာမှတ်ချက်

ယခုအစီရင်ခံစာတွင် သုတေသနအစီရင်ခံစာရေးသားသူက “ရိုဟင်ဂျာ” ဟု သုံးစွဲပါသည်။ မြန်မာနိုင်ငံတွင် တည်ဆဲ အစိုးရအဖွဲ့နှင့် မီဒီယာများက “ဘင်္ဂါလီ” ဟု သုံးစွဲပါသည်။