၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူထုသဘောထားအမြင်စစ်တမ်း (အစီရင်ခံစာမိတ်ဆက်)

Post By Zaw Htet Oo, On November 6, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူထုသဘောထားအမြင်စစ်တမ်း (အစီရင်ခံစာမိတ်ဆက်)

မြန်မာနိုင်ငံက ယခုလက်ရှိအချိန်မှာ လက်နက်ကိုင်ပဋိပက္ခနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ် နှစ်ခု ဆုံချက်ကျနေတဲ့ အချိန်ဖြစ်ပါတယ်။ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ဆွေးနွေးမှုတွေ ဆက်လက်ဖော်ဆောင်နိုင်ခဲ့သလို၊ တစ်ဆို့မှုတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် အတွင်းမှာလည်း လက်နက်ကိုင်ပဋိပက္ခအရှိန်တွေ ပိုမိုပြင်းထန်လာပါတယ်။ ရွေးကောက်ပွဲကနေတက်လာမယ့် အစိုးရအစုအဖွဲ့တွေအတွက် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်မှာ အရွေ့တခု ဖော်ဆောင်နိုင်ဖို့က အမှန်တကယ် လိုအပ်ပါတယ်။ ဒီလိုအခြေအနေမှာ ပြည်သူတွေအတွက် ရွေးကောက်ပွဲကနေတဆင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်မှာပါ ပါဝင်နိုင်တဲ့၊အကျိုးသက်ရောက်မှုရှိအောင် ပြုလုပ်နိုင်တဲ့ အခွင့်အရေးလည်း ရှိနေပါတယ်။ ယခု စာစုမှာတော့ မကြာမီကျင်းပတော့မယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင်ပြည်သူတွေရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် မျှော်မှန်းချက်သဘောထားစစ်တမ်းကို ပြုစုထားတဲ့ အစီရင်ခံစာ တစောင် ကို မိတ်ဆက်တင်ပြလိုပါတယ်။

Centre for Development and Ethnic Studies (CDES) အဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်းမှာ “၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူထုသဘောထားအမြင်စစ်တမ်း” ဆိုတဲ့ အစီရင်ခံစာတစောင်ကို ထုတ်ဝေခဲ့ပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ်ကနေတဆင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်  ပြည်သူတွေရဲ့ မျှော်ရည်မှန်းချက် သဘောထားအမြင်တွေက လေ့လာသူတွေအဖို့ စိတ်ဝင်စားစရာ ပါ။ စစ်တမ်းတွေ့ရှိချက်တွေအနက် သတိပြုဖွယ်ရာ အချက်တွေကို ဆက်လက်ဖော်ပြလိုပါတယ်။

 

သဘောထားစစ်တမ်းဖြေဆိုသူများ

၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၁ ရက်မှ စက်တင်ဘာ ၁၁ ရက် အထိ CDES အဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ တဆင့် သဘောထားအမြင်စစ်တမ်းကို ကောက်ယူထားတာ ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးမှ စစ်တမ်းဝင်ရောက်ဖြေဆိုသူပေါင်း ၁,၁၄၄ ဦး ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက ဝင်ရောက်ဖြေဆိုသူဦးရေ စုစုပေါင်းရဲ့  ၂၅ ဒသမ ၂ ရာခိုင်နှုန်း  ရှိပြီး အများဆုံးဖြစ်ပါတယ်။ ဖြေဆိုသူဦးရေစုစုပေါင်းရဲ့ ၈၀ ဒသမ ၂ ရာခိုင်နှုန်းက အမျိုးသားတွေ ဖြစ်ပါတယ်။ ဖြေဆိုသူတွေရဲ့ အသက်အပိုင်းအခြားအနက် ၃၆ နှစ် မှ ၄၆ နှစ်  အရွယ် အပိုင်းအခြားက အများဆုံးဖြစ်ပြီး အသက် ၆၅ အထက် ဖြေဆိုသူများကတော့ အနည်းဆုံး ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဖြစ်စဉ်အပေါ် အမြင်သဘောထားများ

စစ်တမ်းရဲ့ ဆက်လက်ဖော်ပြချက်တွေမှာ မကြာခင် ကျင်းပတော့မယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဖြစ်စဉ် အပေါ် ဖြေဆိုသူတွေရဲ့  ဘဘောထားအမြင်တွေကို တင်ပြထားပါတယ်။ ဖြေဆိုသူဦးရေ စုစုပေါင်းရဲ့ ၇၉ ဒသမ ၅ ရာခိုင်နှုန်းက ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးခဲ့ကြသူများ ဖြစ်ပါတယ်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာတော့ ဖြေဆိုသူဦးရေရဲ့ အများစုဖြစ်တဲ့ ၉၄ ဒသမ ၄ ရာခိုင်နှုန်းက မဲပေးဖို့ ရည်ရွယ် ထားပါတယ်။ “၂၀၂၀ အထွေထွေရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မည်လို့ ထင်မြင်ယူဆသလား” ဆိုတဲ့ စစ်တမ်းမေးခွန်းကို မေးတဲ့အခါမှာတော့ ဖြေဆိုသူဦးရေ စုစုပေါင်းရဲ့ ၇၅ ဒသမ ၂ ရာခိုင်နှုန်းက ယူဆတယ်လို့ သဘောထားမှတ်ချက် ပြုခဲ့ကြပါတယ်။

“အရည်အချင်းတူညီတဲ့ ကိုယ်စားလှယ်လောင်းတွေ မဲဆန္ဒနယ်မြေတခုထဲက အတူတူဝင်ပြိုင်ရင် ဘယ်သူ့ကို မဲပေးမလဲ” ဆိုတဲ့ စစ်တမ်းမေးခွန်းကို မေးမြန်းရာမှာတော့ ဖြေဆိုသူဦးရေစုစုပေါင်းရဲ့ ၇၆ ဒသမ ၄ ရာခိုင်နှုန်းက ကျား၊မ ရေးရာ ခွဲခြားမှုမရှိဘဲ မဲပေးမယ်လို့ တုံ့ပြန်ထားပါတယ်။ “၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန် ဘယ်ပါတီက အစိုးရဖွဲ့နိုင်မယ်လို့ ထင်သလဲ” ဆိုတဲ့ စစ်တမ်းမေးခွန်းမှာတော့ ဖြေဆိုသူဦးရေစုစုပေါင်းရဲ့ ၆၂ ဒသမ ၁ ရာခိုင်နှုန်းက NLD က ဖွဲ့နိုင်မယ်လို့ ဖြေဆိုခဲ့ကြပြီး၊ ၃၄ ဒသမ ၄ ရာခိုင်နှုန်းက ပါတီတခုတည်းမှ အစိုးရ ဖွဲ့နိုင်မယ် မထင်ကြောင်း ဖြေဆိုထားပါတယ်။ “နိုင်ငံရေးပါတီ တခုတည်းက သောင်ပြိုကမ်းပြို မနိုင်ခဲ့ရင် ဘယ်ပါတီ အစုအဖွဲ့တွေက ညွန့်ပေါင်းအစိုးရဖွဲ့နိုင်မလဲ” ဆိုတဲ့ စစ်တမ်းမေးခွန်းမှာတော့ ဖြေဆိုသူဦးရေ စုစုပေါင်းရဲ့ ၄၀ ဒသမ ၅ ရာခိုင်နှုန်းက NLD နဲ့ တိုင်းရင်းသားပါတီများ အစုအဖွဲ့၊၁၉ ဒသမ ၄ ရာခိုင်နှုန်းကတော့ NLD၊ တပ်မတော်နဲ့ တိုင်းရင်းသားပါတီများ အစုအဖွဲ့က ညွန့်ပေါင်းဖွဲ့နိုင်တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ “ရွေးကောက်ပွဲအလွန်မှာ ဘယ်အစုအဖွဲ့က အဆိုတင်သွင်းတဲ့ ဒုတိယသမ္မလောင်းက ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာမယ်လို့ ထင်သလဲ” ဆိုတဲ့ စစ်တမ်းမေးခွန်းမှာတော့ ဖြေဆိုသူဦးရေစုစုပေါင်းရဲ့ ၄၉ ရာခိုင်နှုန်းက ရွေးကောက်ခံ ပြည်သူ့လွှတ်တော်အစုအဖွဲ့ လို့ သဘောထားမှတ်ချက် ပြုခဲ့ကြပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အမြင်သဘောထားများ

“ရွေးကောက်ပွဲအပြီး ပြည်ထောင်စုအစိုးရအနေဖြင့် အဓိက ဦးစားပေး ဆောင်ရွက်သင့်တဲ့ အရာနှစ်ခုကို ဖော်ပြပါ” ဆိုတဲ့ စစ်တမ်းမေးခွန်းကို မေးမြန်းရာမှာတော့ ဖြေဆိုသူတွေက  ငြိမ်းချမ်းရေး နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စနှစ်ရပ်ကို ဆောင်ရွက်သင့်တယ်လို့ အများဆုံး သဘောထားပြုခဲ့ကြပါတယ်။ “လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထောက်ခံသလား” ဆိုတဲ့ စစ်တမ်းမေးခွန်းမှာတော့ ဖြေဆိုသူဦးရေစုစုပေါင်းရဲ့ ၇၄ ဒသမ ၆ ရာခိုင်နှုန်းက ထောက်ခံကြောင်း သဘောထားမှတ်ချက်ပြုခဲ့ပါတယ်။ ဆက်လက်ပြီး “၂၀၂၀ အထွေထွေ ရွေးကောက် ပွဲက မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် အကျိုးသက်ရောက်မှု မည်မျှ ရှိမလဲ” ဆိုတဲ့ စစ်တမ်း မေးခွန်းမှာတော့ ဖြေဆိုသူဦးရေစုစုပေါင်းရဲ့ ၄၇ ဒသမ ၄ ရာခိုင်နှုန်းက အများကြီး သက်ရောက်မှု ရှိနိုင်တယ်လို့ ဖြေဆိုထားပါတယ်။ “၂၀၂၀ – ၂၀၂၅ ကာလအတွင်း မြန်မာပြည်အတွင်း ငြိမ်းချမ်းရေးပိုမိုရှိမယ်လို့ ထင်သလား” ဆိုတဲ့ စစ်တမ်းမေးခွန်းကို မေးမြန်းရာမှာတော့ ဖြေဆိုသူဦးရေစုစုပေါင်းရဲ့ ၇၂ ဒသမ ၆ ရာခိုင်နှုန်း က ထင်ပါတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကိုယ် မဲပေးခဲ့တဲ့ ပါတီကို ပါဝင်စေချင်သလား” ဆိုတဲ့ စစ်တမ်းမေးခွန်းမှာတော့ ဖြေဆိုသူဦးရေ အများစုဖြစ်တဲ့ ၉၈ ဒသမ ၄ ရာခိုင်နှုန်းက ပါဝင်စေချင်ကြောင်း ဖြေဆိုခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အမြင်သဘောထားစစ်တမ်းမေးခွန်းတွေ မေးမြန်းရာမှာ သတိပြုဖွယ် မေးခွန်းတခုလည်း ရှိပါတယ်။ “၂၀၂၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်လာနိုင်ရေးအတွက် ဘယ်လို လုပ်ဆောင်သင့်သလဲ” ဆိုတဲ့ စစ်တမ်းမေးခွန်း ဖြစ်ပါတယ်။ စစ်တမ်းဖြေဆိုသူဦးရေ စုစုပေါင်းရဲ့ ၆၂ ဒသမ ၈ ရာခိုင်နှုန်း က နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နဲ့ နိုင်ငံရေးပါတီများရဲ့ သဘောတူညီမှုယူပြီးမှ ဆက်လုပ်သင့်တယ် ဆိုတဲ့ သဘောထားမှတ်ချက်ကို ပေးခဲ့ကြပါ တယ်။ ဒ့ါအပြင် ဖြေဆိုသူဦးရေရဲ့  ၂၃ ဒသမ ၂ ရာခိုင်နှုန်း က ယခု NCA လမ်းကြောင်းအတိုင်းပဲ ဆက်လုပ်သင့် တယ် လို့ ဖြေဆိုထားကြပြီး၊ ၁၄ ဒသမ ၉ ရာခိုင်နှုန်း ကတော့ အစိုးရနဲ့ တပ်မတော်က ကြိုတင်ညှိနှိုင်းပြီး တသံတည်းဖြစ်အောင် လုပ်သင့်တယ်လို့ ဖြေဆိုထားကြပါတယ်။

သဘောထားအမြင်စစ်တမ်းတွေ့ရှိချက်များအရ  ၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန် ဖြစ်လာနိုင်တဲ့ အစိုးရ အစုအဖွဲ့ အခင်းအကျင်းနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်အပေါ် ဖြေဆိုသူများ သဘောထားအမြင်နဲ့ မျှော်မှန်းချက်တွေက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း နိုင်ငံရေး ပါတီတွေရဲ့ အခန်းကဏ္ဍပိုမိုချဲ့ထွင်နိုင်ဖို့ လိုတယ်ဆိုတဲ့ ပြည်သူတွေရဲ့ သဘောထားအမြင်နဲ့ တကယ့် လက်တွေ့အခြေအနေတွေက ဆက်လက်ဆန်းစစ်လေ့လာသင့်တဲ့ နယ်ပယ်တခု ဖြစ်ပါတယ်။

ယခုဖော်ပြပါ  “၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူထုသဘောထားအမြင်စစ်တမ်း ” အစီရင်ခံစာအပြည့်အစုံကို Download ရယူနိုင်ပါသည်။