တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On December 2, 2020

တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ (နိုဝင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိသကဲ့သို့ အရပ်သားထိခိုက်သေဆုံးမှုလည်း မရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အဖွဲ့အကြား ရက်သတ္တပတ် ငါးပတ်ဆက် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း စစ်ရှောင်များမှာ လုံခြုံရေးအာမခံချက် မရှိ၍ နေရပ်သို့ မပြန်ရဲကြကြောင်း သိရပါသည်။ မန္တလေးတိုင်း မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ်စပ်တွင်မူ တပ်မတော်နှင့် PSLF/TNLA အဖွဲ့တို့ တိုက်ပွဲ မဖြစ်ပွားတော့၍ တိုက်ပွဲရှောင်လာသူ ဒေသခံအများစု နေရပ်ပြန်နိုင်ခဲ့ကြသည်။

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း တိုက်ပွဲဖြစ်ပွားမှု

မန္တလေးတိုင်း မိုးကုတ်နှင့် ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် TNLA အဖွဲ့တို့အကြား တိုက်ပွဲများကြောင့် မိုးကုတ်မြို့ပေါ်သို့ တိမ်းရှောင်လာသူ အများစုမှာ ယခုအခါ တိုက်ပွဲမရှိတော့ခြင်းကြောင့် နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့သည်။

တပ်မတော်နှင့် TNLA အဖွဲ့တို့သည် မိုးကုတ်မြို့နယ်နှင့် မိုးမိတ်မြို့နယ်စပ်ဒေသရှိ ကျေးရွာအချို့ ပတ်ဝန်းကျင်တွင် နိုဝင်ဘာ ၂၄ ရက်ညပိုင်းက စ၍ တိုက်ပွဲများ ဖြစ်ခဲ့ရာ အရပ်သား ၁,၅၀ဝ ခန့်မှာ မိုးကုတ်မြို့ပေါ်သို့ တိမ်းရှောင်လာခဲ့ကြခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ စစ်ရှောင်ဒေသခံ တစ်ထောင်ကျော် ပြန်သွားပြီး လေးရာ ခန့်မှာ နယ်မြေအခြေအနေကို သံသယရှိ၍ စောင့်ကြည့်နေဆဲ ဖြစ်ကြောင်းလည်း 7 Day သတင်းတွင် ဖော်ပြမှု အရ သိရပါသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် နိုဝင်ဘာ ၂၅ ရက်ညပိုင်းက ပြင်းထန်သောပေါက်ကွဲမှု တခု ဖြစ်ခဲ့ကြောင်း 7 Day Daily သတင်းစာကပင် သတင်းဖော်ပြခဲ့ပါသည်။ မူဆယ်မြို့ စွမ်စော်ရပ်ကွက် ရှိ ရဲကင်းရုံးအနီးလမ်းဘေးတွင် ပေါက်ကွဲခဲ့ရာ ပေါက်ကွဲသံ ပြင်းထန်လွန်း၍ အနီးဝန်းကျင်ရှိ အိမ်အချို့ တုန်ခါသွားခဲ့ပြီး အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သတင်းတွင် ပါရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အောက်တိုဘာ နောက်ဆုံးပတ်မှစ၍ လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အဖွဲ့တို့ တလကျော်ကြာ တိုက်ပွဲမဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံအချို့ နေရပ်ပြန်သွားကြသော်လည်း အများစုကမူ လုံခြုံရေး အာမခံချက်မရှိ၍ နေရပ်မပြန်ရဲဘဲ ဖြစ်နေကြောင်း DVB သတင်းဌာနက နိုဝင်ဘာ ၂၉ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိတော့သည့်အတွက် နေရပ်ပြန်လိုသူများ ပြန်နိုင်ရန် ပြည်နယ် အစိုးရက နိုဝင်ဘာ ၂၇ ရက်က ကယ်ဆယ်ရေးစခန်းများကို အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း လုံခြုံရေး စိုးရိမ်ရ၍ စစ်ရှောင်များက နေရပ်မပြန်ရဲကြကြောင်း အဆိုပါသတင်းတွင် ဖော်ပြထား ပါသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကလည်း စစ်ရှောင်များ နေရပ်ပြန်နိုင်ရန် အစိုးရအဖွဲ့က ကူညီဆောင်ရွက်နေသော်လည်း လုံခြုံရေးနှင့် ပတ်သက်၍မူ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများအပေါ်တွင်သာ မူတည်ကြောင်း DVB ကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းများက ရခိုင်ပြည်နယ် ရသေ့တောင်၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များနှင့် တခြားမြို့နယ်များမှ စစ်ဘေးဒုက္ခသည်သုံးသောင်းခန့်မှာ တိုက်ပွဲ မဖြစ်ပွားတော့ခြင်းကြောင့် နေရပ်ကို ပြန်သွားခဲ့ကြကြောင်း သတင်းများတွင် ဖော်ပြခဲ့ကြပါသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။