တိုက်ပွဲဖြစ်ပွားမှုများ (စက်တင်ဘာ နောက်ဆုံးပတ်)

Post By Nyein Ko Ko Soe, On September 30, 2020

တိုက်ပွဲဖြစ်ပွားမှုများ (စက်တင်ဘာ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ (စက်တင်ဘာ တတိယပတ်) ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသော်လည်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တိုက်ပွဲများ၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံထောင်နှင့်ချီ၍ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်(မြောက်ပိုင်း) ရသေ့တောင်နှင့် မြောက်ဦးမြို့နယ်များတွင် တပ်မတော်နှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့အကြား တိုက်ပွဲများအတွင်း အရပ်သား တဦး သေဆုံးပြီး ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ အလားတူ ချင်းပြည်နယ် ပလက်၀ဒေသတွင်လည်း တိုက်ပွဲများအတွင်း သွားလာရန် ခက်ခဲမှုကြောင့် ကျေးရွာ နှစ်ရာခန့် ရိက္ခာ ပြတ်တောက်နေပါသည်။ ထို့အပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ်တွင် တပ်မတော်နှင့် မြောက်ပိုင်းအဖွဲ့များအကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

စက်တင်ဘာနောက်ဆုံးပတ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကြူကုတ်(ပန်ဆိုင်း) မြို့နယ်ခွဲတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ လေးရက်ဆက်တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံ ရာနှင့်ချီ၍ တိမ်းရှောင်နေရကြောင်း 7 Day Daily သတင်းစာက စက်တင်ဘာ ၂၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့သည် ကြူကုတ်(ပန်ဆိုင်း)မြို့နယ်ခွဲ မန်တောင်ရွာတွင် စက်တင်ဘာ ၂၄ ရက်ကစ၍ လေးရက်ဆက် တိုက်ပွဲဖြစ်နေ၍ ဘုရားကျောင်းသို့ တရွာလုံး တိမ်းရှောင်နေရသည်ဟု ကျေးရွာသင်းအုပ်ဆရာ ဦးလရှီဘောက်နော်က 7 Day ကို ပြောကြားခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်တားဆီးနိုင်ရေး လုပ်ဆောင်နေရစဉ် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေခြင်းမှာ လက်နက်ကိုင်အဖွဲ့များ၏ ဦးနှောက်မဲ့သည့်လုပ်ရပ်ဟု ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများက ပြစ်တင် ရှုတ်ချနေကြောင်းလည်း အဆိုပါသတင်းတွင် ပါရှိခဲ့သည်။

အဆိုပါ ကြူကုတ်(ပန်ဆိုင်း) မြို့နယ်ခွဲတွင် တပ်မတော်နှင့် KIO/KIA အဖွဲ့အကြား စက်တင်ဘာ ၂၅ ရက်က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေကြောင်း 7 Day သတင်းဌာနကပင် စက်တင်ဘာ ၂၇ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

အခြေအနေတင်းမာနေဆဲဖြစ်၍ တိုက်ပွဲများ ဆက်ဖြစ်နိုင်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက 7 Day ကို ပြောကြားခဲ့ပြီး အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွားရခြင်းမှာ KIA က နယ်မြေကျော်လွန်ဆောင်ရွက်ခြင်းကြောင့်ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေဆဲဖြစ်သည့် ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် ယခုရက်သတ္တပတ်အတွင်း တပ်မတော်နှင့် ULA/AA အဖွဲ့အကြား တိုက်ပွဲ ဖြစ်ပွားမှု နည်းပါးခဲ့သော်လည်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရသေ့တောင်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ ဒေသခံ ထောင်နှင့်ချီ၍ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ဧရာ၀တီနှင့် 7 Day သတင်းဌာနများက သတင်းဖော်ပြခဲ့သည်။

ဧရာ၀တီသတင်းဌာန၏ စက်တင်ဘာ ၂၄ ရက်တွင် သတင်းဖော်ပြမှုအရ ရသေ့တောင်မြို့နယ်ရှိ ရွာများမှ ဒေသခံ သုံးထောင်ခန့်မှာ တိုက်ပွဲများအတွင်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အန္တရာယ်စိုးရိမ်၍ ဘေးလွတ်ရာ ကျေးရွာများတွင် ဝင်ရောက် ခိုလှုံနေရကြောင်း သိရပါသည်။ စက်တင်ဘာလ ၂၃ ရက်က ရသေ့တောင်မြို့နယ်၊ မေယုမြစ်ကြောင်းတလျှောက် မောင်းနှင်နေသည့် တပ်မတော်စစ်ရေယာဉ်မှ လက်နက်ကြီးများ ပစ်ခတ်နေသကဲ့သို့ တပ်မတော်စစ်ကြောင်းများလည်း နယ်မြေ ရှင်းလင်းရန် ကျေးရွာအတွင်းသို့ လာရောက်လာမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးကြခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားမှုကို ကိုးကား၍ သတင်းတွင် ဖော်ပြထားပါသည်။

တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ စက်တင်ဘာ ၂၄ ညနေပိုင်းက စစ်ရေယာဉ်ကို ရသေ့တောင်မြို့နယ် ထီးစွဲရွာအနီးတွင် AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဧရာ၀တီသို့ ပြောကြားခဲ့သည်။

အလားတူ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာအချို့မှ ဒေသခံထောင်ဂဏန်းမှာ လုံခြုံရေးအခြေအနေများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း အကူအညီပေးရေး အရပ်ဘက်အဖွဲ့အစည်းများက ပြောကြားခဲ့သည်ဟု 7 Day Daily သတင်းစာကလည်း စက်တင်ဘာ ၂၈ ရက်တွင် သတင်းဖော်ပြခဲ့ပါ သည်။

ကျောက်တော်မြို့နယ် ကျောက်ဂူစုကျေးရွာကို စက်တင်ဘာ ၂၇ ရက် နံနက် အစောပိုင်းက တပ်မတော်စစ်ကြောင်းတခု ရောက်လာပြီး ရွာသားများအား ခေါ်ယူစစ်ဆေးခဲ့ခြင်းကြောင့် အဆိုပါကျေးရွာနှင့် အနီးရှိ ကျေးရွာများမှ ဒေသခံအများစုမှာ စိုးရိမ်မှုကြောင့် နီးစပ်ရာကျေးရွာများ သို့ တိမ်းရှောင်နေကြခြင်းဖြစ် ကြောင်း 7 Day သတင်းတွင် ပါရှိခဲ့သည်။ ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ နတ်ဆိပ်၊ မင်းကံ စသည့် ကျေးရွာများမှ ဒေသခံ တထောင်ကျော်မှာလည်း တပ်မတော်စစ်ကြောင်း ၀င်ရောက်လာခဲ့၍ လုံခြုံရေးအခြေအနေ စိုးရိမ်မှုများကြောင့် နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေရကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

ထို့အပြင် ရခိုင်(မြောက်ပိုင်း)တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေပါသည်။

7 Day သတင်းဌာန၏ စက်တင်ဘာ ၂၇ ရက်တွင် သတင်းဖော်ပြမှုအရ ရသေ့တောင်မြို့နယ် အနောက်ပြင် (မွတ်စလင်)ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၁၀) နှစ် အရွယ် မိန်းကလေးငယ်တဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းက မေယုမြစ်ဘက်မှ ပစ်ခတ်ခဲ့ခြင်းကြောင့် ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ဒဏ်ရာရခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအချို့နှင့် စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများက 7 Day ကို ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၇ ရက်ကလည်း မြောက်ဦးမြို့ခံ သုံးဘီးဆိုင်ကယ် မောင်းနှင်သူတဦးမှာ တပ်မတော်၏ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ကြောင်း BBC သတင်းဌာနက စက်တင်ဘာ ၂၉ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က သတင်းထုတ်ပြန်ရာ သေဆုံးသူမှာ AA အဖွဲ့၏ တပ်ကြပ်ကြီး အဆင့်ရှိသူ ဖြစ်ပြီး ဖမ်းဆီးစစ်ဆေးနေစဉ် သေနတ်လု၍ သတ်သေသွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါ သည်။ သေဆုံးသူ၏ မိသားစုဝင်များနှင့် မြောက်ဦးမြို့ခံများကမူ သေဆုံးသူမှာ မိသားစုနှင့် လုပ်ကိုင်စား သောက်နေသူ ဖြစ်ပြီး AA အဖွဲ့ဝင်လည်း မဟုတ်ကြောင်းနှင့် တပ်မတော်၏ ဖမ်းဆီးနှိပ်စက်ခံရခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု BBC ကိုပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု မြင့်မားနေသည့် ရခိုင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခ ပြင်းထန်နေ၍ ဒေသခံများ နေ့စဉ် ထွက်ပြေးနေရသည့်အတွက် ကပ်ရောဂါထိန်းချုပ်ရန် မဖြစ်နိုင်ကြောင်း ရခိုင်တွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများက ထောက်ပြခဲ့ကြသည်ဟု RFA သတင်းဌာနက စက်တင်ဘာ ၂၈ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ များပြားနေခြင်းကြောင့် Stay at Home နေထိုင်ကြရန် အမိန့်ထုတ်ပြန်ထားသော်လည်း တိုက်ပွဲများနှင့် ပစ်ခတ်မှုများမှာ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံ ထောင်နှင့်ချီ၍ နေ့စဉ် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း RFA သတင်းတွင် ဖော်ပြထားပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ပလက်၀ဒေသတွင်လည်း တိုက်ပွဲနယ်မြေဖြစ်ခြင်းကြောင့် ဒေသခံများ ကူးသန်းသွားလာရန် ခက်ခဲနေ၍ ကျေးရွာ နှစ်ရာခန့်မှာ ရိက္ခာပြတ်တောက်နေကြောင်း RFA သတင်းဌာနက စက်တင်ဘာ ၂၄ ရက်တွင် သတင်း ဖော်ပြခဲ့သည်။

ကုန်စျေးနှုန်း ကြီးမြင့်နေသည့်အပြင် ဆန်အပါအဝင် ရိက္ခာများ ဝယ်ယူရန် သွားရောက်သည့် ဒေသခံများကို ပစ်ခတ်မှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ ရိက္ခာပြတ်တောက်နေခြင်းဖြစ်ကြောင်း RFA သတင်းတွင် ဖော်ပြ ထားပါသည်။ ယခုပြဿနာကို ဖြေရှင်းရန် ပြည်ထောင်စုအစိုးရနှင့် တပ်မတော်တို့က ကူညီပေးရမည် ဖြစ်၍ ပြည်ထောင်စုအစိုးရထံ တင်ပြထားကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှစ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်က RFA ကို ပြောကြားခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ နောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။