တိုက်ပွဲဖြစ်ပွားမှုများ (ဇူလိုင် ဒုတိယပတ်)

Post By Nyein Ko Ko Soe, On July 15, 2020

တိုက်ပွဲဖြစ်ပွားမှုများ (ဇူလိုင် ဒုတိယပတ်)

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိ (ဇူလိုင် ဒုတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲ နှစ်ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား လေးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင်လည်း မိုင်းပေါက်ကွဲ၍ အရပ်သားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်း ခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား ဇူလိုင် ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သကဲ့သို့ လက်နက်ကြီး၊ လက်နက်ငယ်ကျည် ထိမှန်မှုနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့ပါသည်။

ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် တပ်မတော်နှင့် AA အဖွဲ့တို့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နှင့် ချိန်ခါလီကျေးရွာအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွာသား နှစ်ဦး သေဆုံး၊ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း VOA သတင်းဌာနက ဇူလိုင် ၁၄ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။ အသက် ၇၀ နှစ်နှင့် ၆၀ နှစ်အရွယ် သက်ကြီးပိုင်း အမျိုးသားနှစ်ဦး ကျည် ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ပြီး အခြားရွာသားသုံးဦးလည်း လက်နက်ကြီးကျည် ထိမှန်၍ ဒဏ်ရာရခဲ့ကြောင်း ချိန်ခါလီကျေးရွာအုပ်ချုပ်ရေးမှူးက VOA ကို ပြောကြားခဲ့ပါသည်။

တိုက်ပွဲများကြောင့် ချိန်ခါလီကျေးရွာတရွာလုံး နေရပ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးခဲ့ရပြီး ရွာအတွင်း ပိတ်မိနေ သည့် သက်ကြီးရွယ်အိုများနှင့် ရောဂါသည်များကိုလည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အကူအညီဖြင့် ဇူလိုင် ၁၄ ရက် ညနေပိုင်းတွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း VOA သတင်းတွင် ဖော်ပြထားပါသည်။

ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်တို့ကလည်း မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်အတွင်း ပစ်ခတ်မှုများကြောင့် အရပ်သားတဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း RFA သတင်းဌာန၏ ဖော်ပြချက်အရ သိရပါသည်။

ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက မြေပုံမြို့နယ် ကဇူးကိုင်းလှေဆိပ်အနီးတွင် အရပ်သားစက်လှေတစင်း ပစ်ခတ်ခံရ၍ အရပ်သား နှစ်ဦး ထိမှန်ဒဏ်ရာရခဲ့သကဲ့သို့ ဇူလိုင် ၁၁ ရက် ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့ပေါ်ရွာ ဟောင်းပိုင်းရပ်ကွက်အတွင်း လက်နက်ငယ်ကျည်များ ကျရောက်ခဲ့၍ အမျိုးသားတဦး သေဆုံး၊ မိန်းကလေး ငယ်တဦး ဒဏ်ရာရခဲ့ကြောင်း သတင်းတွင် ဖော်ပြထားပါသည်။ အလားတူ ဇူလိုင် ၁၁ ရက် နေ့လယ်ပိုင်းကလည်း ရသေ့တောင်မြို့နယ် အောင်ဗလကျေးရွာအတွင်း ပစ်ခတ်ခံရ၍ အမျိုးသမီးတဦး ကျည်ထိမှန်ခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပါသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တပ်မတော်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြားခဲ့ကြောင်း RFA သတင်းတွင် ပါရှိခဲ့ပါသည်။

ထို့ပြင် ဇူလိုင် ၈ ရက်နေ့လယ်ပိုင်းက ရွာအနီး နွားကျောင်းသွားရင်း မိုင်းနင်းမိခဲ့သည့် ရသေ့တောင်မြို့နယ် ငတောက်တူချေရွာမှ ရွာသားမှာလည်း ဒဏ်ရာပြင်းထန်၍ သေဆုံးသွားခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက ဖော်ပြခဲ့ပါသည်။

မိုင်းနင်းမိခဲ့သည့် ကျေးရွာသားမှာ ခြေထောက်နှစ်ဖက်၊ ဆီးအိမ်နှင့် မျက်နှာတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ရသေ့တောင်ဆေးရုံမှတဆင့် စစ်တွေ ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူခဲ့သော်လည်း ဒဏ်ရာ ပြင်းထန်၍ ဇူလိုင် ၉ ရက် နံနက် ၄ နာရီ အချိန်၌ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဧရာ၀တီသတင်းတွင် ဖော်ပြထားပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းက ကွတ်ခိုင်မြို့နယ်တွင် လက်နက်ကြီးကျည် ပေါက်ကွဲမှုဖြစ်ခဲ့၍ ဒေသခံအရပ်သား ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဇူလိုင် ၁၀ ရက်ထုတ် 7 Day Daily သတင်းစာတွင် သတင်းဖော်ပြခဲ့ပါသည်။

အဆိုပါ ပေါက်ကွဲမှုမှာ ကွတ်ခိုင်မြို့နယ် နမ့်ခွမ်ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွာအနီး ပြောင်းခင်းထဲတွင် တွေ့ရှိ ခဲ့သည့် ၄၀ မမ ကျည်ကို ပစ်ချမိရာ ပေါက်ကွဲ၍ ဒေသခံလူငယ်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ကွတ်ခိုင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ကိုကျော်နိုင်က 7 Day ကို ပြောကြားခဲပါသည်။ အဆိုပါ နမ့်ခွမ်ရွာမှာ တပ်မတော်နှင့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့အချို့အကြား မကြာခဏတိုက်ပွဲ ဖြစ်ပွားလေ့ရှိကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇူလိုင် ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။