ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ ဒုတိယပတ်)

Post By Nyein Ko Ko Soe, On September 11, 2020

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ (စက်တင်ဘာ ဒုတိယပတ်) ကာလအတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ကိုယ်စားလှယ်တို့ တွေ့ဆုံမှုတွင် နှစ်နိုင်ငံနယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ထိုးရေး ထည့်သွင်းဆွေးနွေးခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်ခြင်းများ မလုပ်ရန် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်းတို့မှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အာရုံစိုက်စရာသတင်းများ ဖြစ်ခဲ့ပါသည်။

ထို့အပြင် MNTJP/MNDAA အဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဆောင်ရွက်ရန် လိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ခြင်း၊ ကော့ကရိတ်- မြဝတီလမ်းဟောင်းတဝိုက်ရှိ ၎င်းတို့အဖွဲ့၏ စခန်းတခုကို တပ်မတော်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ပူးပေါင်းအဖွဲ့က မီးရှို့ရှင်းလင်းခဲ့ခြင်းကို KNU/KNLA-PC က JMC လမ်းကြောင်းမှ ဖြေရှင်းမည်ဟု သိရခြင်းစသည့် သတင်းများလည်း ရှိခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ယခုရက်သတ္တပတ်အတွင်း NCA လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် ပတ်သက်သည့် ငြိမ်းချမ်းရေး ဖြစ်စဉ်သတင်းများအနက် နှစ်နိုင်ငံ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ထိုးရေး အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ကိုယ်စားလှယ်တို့ ဆွေးနွေးခဲ့သည့်သတင်းကို မြန်မာတိုင်းမ်သတင်းဌာနက စက်တင်ဘာ ၅ ရက်တွင် ဖော်ပြခဲ့ပါသည်။

အဆိုပါ မြန်မာတိုင်းမ်သတင်းတွင် ဖော်ပြမှုအရ စက်တင်ဘာ ၂ ရက်က နေပြည်တော်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် Mr. Yang Jiechi တို့ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လက်မှတ်ရေးထိုးရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြည့်ပြည့်၀၀ ပူးပေါင်းဆောင်ရွက်နိုင်ရေး အဓိကထားဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရပါသည်။

ထို့အပြင် MNTJP/MNDAA အဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဆောင်ရွက်ရန် လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောကြားမှုကို 7 Day Daily သတင်းစာက စက်တင်ဘာ ၉ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိုင်းလားအဖွဲ့(NDAA) အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းကို စက်တင်ဘာ ၇ ရက်က ရှမ်းပြည်နယ် ကျိုင်းတုံအခြေစိုက် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၌ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းသည်ဟု 7 Day သတင်းတွင် ပါရှိခဲ့ပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသည့် AA အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် နိုင်ငံရေး၊ စစ်ရေး အမြတ်ထုတ်ခြင်းများ မလုပ်ရန် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်ဆိုသော သတင်းကို စက်တင်ဘာ ၅ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့ပါ သည်။

ဦးဇော်ဌေးက AA စစ်ဦးစီးချုပ်အနေဖြင့် ဒေသခံပြည်သူများကို အထင်အမြင်လွဲမှားရန် ကိုဗစ်-၁၉ ကာလ အတွင်း နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်နေခြင်းမှာ မလုပ်သင့်ကြောင်း ပြောကြားခဲ့သည်ဟု 7 Day သတင်းတွင် ပါရှိခဲ့ပါသည်။

AA စစ်ဦးစီးချုပ်က ရခိုင်ပြည်နယ်တွင် အစိုးရနှင့် တပ်မတော်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ အကြောင်းပြ၍ အမြစ်ပြတ်ချေမှုန်းရန် အသုံးချနေကြောင်း စွပ်စွဲပြောကြားခဲ့မှုအပေါ် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း 7 Day သတင်းတွင် ဖော်ပြမှုအရ သိရပါသည်။

ထို့အပြင် 7 Day Daily သတင်းစာကပင် စက်တင်ဘာ ၈ ရက်တွင် ကော့ကရိတ်- မြဝတီ လမ်းဟောင်းအနီးတဝိုက်ရှိ KNU/KNLA-PC အဖွဲ့၏ စခန်းတခုကို တပ်မတော်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ပူးပေါင်း အဖွဲ့က မီးရှို့ရှင်းလင်းခဲ့ခြင်းနှင့် ပတ်သက်၍ JMC လမ်းကြောင်းမှ ဖြေရှင်းမည်ဟု သတင်းကို ဖော်ပြခဲ့ပါသည်။

ဩဂုတ်လကုန်ပိုင်းက အဆိုပါလမ်းရှိ ဆက်သွယ်ရေးတာဝါတိုင်ကို လုံခြုံရေးတာဝန်ယူထားသည့် တပ်မတော်သားအချို့ တိုက်ခိုက်ခံရပြီး အရာရှိစစ်သည်အချို့ ထိခိုက်သေဆုံးခဲ့ပြီးနောက် တပ်မတော်နှင့် BGF တို့ ပူးပေါင်း၍ နယ်မြေရှင်းလင်းနေခြင်း ဖြစ်ကြောင်း 7 Day သတင်းတွင် ပါရှိခဲ့သည်။

ထိုသို့ နယ်မြေရှင်းလင်းရာတွင် KNU/KNLA-PC အဖွဲ့၏ စခန်းတခုကို စက်တင်ဘာ ၆ ရက်က မီးရှို့ဖျက်ဆီးခံခဲ့ ရသည့်အတွက် အဆိုပါဖြစ်စဉ်ကို JMC လမ်းကြောင်းမှ ဖြေရှင်းသွားမည်ဖြစ်ကြောင်း KNU/KNLA-PC အဖွဲ့မှ တာဝန်ရှိသူတဦးက 7 Day ကို ပြောကြားခဲ့ပါသည်။ BGF အဖွဲ့မှ ဗိုလ်မှူးကြီး စောချစ်သူကမူ ယင်းစခန်း မှာ KNU/KNLA-PC အဖွဲ့၏ ယာယီစခန်းသာ ဖြစ်ပြီး ကြိုတင်အကြောင်းကြား ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်ဟု 7 Day သတင်းကို ပြောကြားခဲ့ကြောင်း သိရပါသည်။

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ဒုတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။