တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ တတိယပတ်)

Post By Nyein Ko Ko Soe, On March 18, 2020

တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ တတိယပတ်)

၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်မှ မတ် ၁၇ ရက်အထိ (မတ်လ တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

မတ်လ တတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများကြောင့် အရပ်သား ၂၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၆၅ ဦးအထိ ရှိခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ပန်ဆန်းဒေသတွင် TNLA အဖွဲ့ က ပြည်သူ့စစ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့၍ တပ်မတော်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသရှိ ပြည်သူ့စစ်စခန်းကုန်းငါးခုကို TNLA အဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု မတ် ၁၅ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။ TNLA အဖွဲ့များကို တပ်မတော်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်။

ဘိန်းခင်းများ ဖျက်ဆီးရန် ဝင်ရောက်တိုက်ခိုက်ရခြင်းဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့ဝင်အချို့နှင့် လက်နက်များ သိမ်းဆည်းရမိကြောင်း TNLA အဖွဲ့က ပြောကြားခဲ့သည်။ ယင်းတိုက်ပွဲများအတွင်း အရပ်သားထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း ဒေသခံရာနှင့် ချီ၍ ပိတ်မိနေခဲ့ကြောင်း သိရပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

မတ်လ တတိယပတ်တွင်လည်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု၊ လက်နက်ငယ် ကျည်ထိမှန်မှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု အလွန်များပြားခဲ့ပါသည်။

အရပ်သား ထိခိုက်သေဆုံးမှုများခဲ့သည့် ဖြစ်စဉ်မှာ မတ် ၁၃ ရက် နံနက်ပိုင်းက မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်အတွင်း ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့၍ အရပ်သား သုံးဦး သေဆုံး၊ ၃၀ ဦးခန့်အထိ ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်ပါသည်။ ယင်းပစ်ခတ်မှုများအတွင်း မြောက်ဦး မြို့နယ် တိမ်ညိုကျေးရွာရှိ တိုက်နယ်ဆေးရုံနှင့် စစ်ဘေးရှောင်စခန်းများကိုလည်း ကျည်ထိမှန်မှုများ ရှိခဲ့ပါသည်။ လူနာစောင့်များနှင့် စစ်ဘေးရှောင်စခန်းမှ လူအချို့ ဒဏ်ရာရရှိခဲ့၍ ဆေးရုံကို ယာယီပိတ်ခဲ့ပြီး လူနာများနှင့် ဆေးရုံဝန်ထမ်းများကို မြောက်ဦးဆေးရုံသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရပါသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်မှာ တပ်မတော်ယာဉ်တန်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့ပြီး ဒဏ်ရာရရှိသူများအနက် အမျိုးသမီး သုံးဦးမှာ စစ်တွေဆေးရုံတွင် ကုသမှု ခံယူနေစဉ် ထပ်မံသေဆုံးခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးဆောင်ရွက်နေသည့်တပ်မတော်ယာဉ်တန်းများကို AA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ မလွှဲမရှောင်သာ ပြန်လည်ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ် ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

ထို့ပြင် မတ် ၁၆ ရက် နံနက်ပိုင်းကလည်း ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကြောင်းအနီးရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ် ကျည်များ ကျရောက်ခဲ့၍ ရွာသား ကိုးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယင်းဖြစ်စဉ်မှာ တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ တပ်မတော်ရေယာဉ်များက ကုလားတန်မြစ်ကြောင်းတလျှောက် အကြောင်းမဲ့ပစ်ခတ်လာခြင်းဖြစ်သည်ဟု ဒေသခံများက စွပ်စွဲခဲ့ပါသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဖေဖော်ဝါရီလဆန်းကတည်းက တိုက်ပွဲစတင်ဖြစ်ပွားနေခဲ့သည့် ပလက်ဝမြို့နယ် မီးချောင်းတံထားအနီးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး အနီးရှိ ကျေးရွာများကို တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ အရပ်သား ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

မတ် ၁၄ ရက်နှင့် ၁၅ ရက် နှစ်ရက်အတွင်း ပလက်ဝမြို့နယ်ရှိ ပြိုင်တိန်၊ ဝက်မနှင့် မိတ်စာကျေးရွာများတွင် တပ်မတော်က လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံအရပ်သား ၂၁ ဦး သေဆုံးပြီး ၂၈ ဦး အထိ ဒဏ်ရာရခဲ့ကြောင်း သိရပါသည်။ အဆိုပါလေကြောင်းမှ တိုက်ခိုက်မှုများမှာ ပလက်ဝမြို့နယ်သာမက နယ်နမိတ်ထိစပ်သည့် ကျောက်တော်မြို့နယ် မီးဝကျေးရွာတွင်ပါ ထိခိုက်မှုများ ရှိခဲ့ပါသည်။

လေကြောင်းမှ တိုက်ခိုက်မှုများအတွင်း အရပ်သားထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း တပ်မတော်က ဝန်ခံခဲ့ပြီး ပလက်ဝမြို့နယ်၊ မိတ်စာ(ရှေ့)ကျေးရွာနှင့် မိတ်စာ(နောက်)ကျေးရွာအနီးရှိ တပ်မတော်စခန်းတခုအား AA အဖွဲ့က အင်အားသုံး ပိတ်ဆို့တိုက်ခိုက်နေ၍ မလွှဲမရှောင်သာ ပြန်လည်ပစ်ခတ်ခဲ့ရခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် မတ်လ တတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။